All News Local News Peace

တပ်မတော်၏ ထိုးစစ်ကို တုံ့ပြန်မည်ဟု AA က သတိပေးပြီးနောက် ရှမ်းမြောက်တွင် ပစ်ခတ်မှုများ တကျော့ပြန်ဖြစ်

တပ်မတော်၏ ထိုးစစ်ကို တုံ့ပြန်မည်ဟု AA က သတိပေးပြီးနောက် ရှမ်းမြောက်တွင် ပစ်ခတ်မှုများ တကျော့ပြန်ဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၅

တပ်မတော်ထိုးစစ်များ ရပ်တန့် ရန်မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု AAအဖွဲ့ထုတ်ပြန်ပြီး တစ်ရက်အကြာ ယနေ့ အောက်တိုဘာလ ၂၅ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုက်အခြေစိုက် ပရဟိတအဖွဲ့များကပြောဆိုသည်။

အဆိုပါပစ်ခတ်မှုသည် မိနစ်ပိုင်းမျှကြာမြင့်ခဲ့ကာ ယင်းဖြစ်စဉ်ကြောင့် ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ကားများ ခေတ္တခဏပိတ်ထားခဲ့ပြီး လက်ရှိချိန်တွင် ပြန်လည်ဖွင့်လှစ်ထားသည်ဟု ကွတ်ခိုင်မြို့အခြေစိုက် အမည်မဖော်လိုသော ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။

“ပစ်ခတ်မှုဖြစ်တာတော့ဟုတ်တယ်။ ကားလမ်းမဘေး ဒီပြည်ထောင်စုလမ်းမပေါ်မှာလို့ သိရတယ်။ ဒဏ်ရာရရှိမှုအခြေအနေတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ ပစ်ခတ်မှုကတော့ ခဏလေးပါ မိနစ်ပိုင်းလောက်ပဲကြာပါတယ်။ အခုတော့ ဘာသံမှမကြားရတော့ပါဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခြင်းကို သိန္နီမြို့အခြေစိုက် ပရဟိတအဖွဲ့များကလည်း အတည်ပြုပြောဆိုပြီး မည်သည့် အဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားသည်ကိုတော့ မသိရှိကြောင်း ၎င်းတို့ကပြောသည်။

“ပစ်ခတ်မှုဖြစ်ပွားတာဟုတ်တယ်။ ဒီကွတ်ခိုင်နဲ့ သိန္နီမြို့ကြားပြည်ထောင်စုလမ်းမကြီးပေါ်မှာဖြစ်တယ်လို့ သိရတယ်။ ကျွန်တော်တို့ သိန္နီမြို့နဲ့ အခုဖြစ်တဲ့နေရာက နည်းနည်းလှမ်းတယ်။ အသေးစိတ်အခြေအနေတော့ ကျွန်လည်းမသိဘူး”ဟု သိန္နီမြို့အခြေစိုက် အမည်မဖော်လိုသော ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုသည်။

အဆိုပါရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တပ်မတော် ၊ TNLA(တအောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ၊ RCSS/SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) ၊ SSPP/SSA ( ရှမ်းပြည်တိုးတက်ရေးပါတီ) တို့ ကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အိုးအိမ်များ ပျက်ဆီးဆုံးရှုံးကာ နေရပ်စွန့်ခွာသူများ မြင့်တက်လျက်ရှိသည်။

ထို့ပြင် သြဂုတ်လ ၁၅ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူ ၁၅ဦးသေဆုံးခဲ့သည်။

AA၏ယနေ့ ထုတ်ပြန်ချက်တွင်မူ အောက်တိုဘာ ၂၄ ရက်နေ့ တပ်မတော်က မင်းပြားမြို့နယ်၊ကျော်ကရွာ အရှေ့မြောက်ဖက်တောင်တန်းရတွင်လည်းကောင်း ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း၊ တအန်း(ပလောင်) ဒေသတွင်လည်း မြန်မာစစ်တပ်၏ထိုးစစ်ဆက်တိုက်ခိုက်နေမှုများကြောင့်တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်း ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်က တိုက်ပွဲများနှင့်ပတ်သက်၍ အခြေအနေကို ပိုမိုသိရှိနိုင်ရန် တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်များထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။ အလားတူ TNLA အဖွဲ့နှင့် AA အဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

ဓာတ်ပုံ- ရှမ်းပြည်နယ်မြောက်ပိုင်းမှ TNLA စစ်သားတစ်ဦး။ Photo Credit – CNN

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts