Local News Peace political news

တပ်မတော်သား ၄၁ ဦးကျဆုံးဟု AA ထုတ်ပြန်ချိန် AA အလောင်း ၁၅၀ ရရှိထားဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးပြော

တပ်မတော်သား ၄၁ ဦးကျဆုံးဟု AA ထုတ်ပြန်ချိန် AA အလောင်း ၁၅၀ ရရှိထားဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးပြော

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရခိုင်တပ်မတော် AA က အောက်တိုဘာ ၁၁ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်အတွင်း တပ်မတော်သား ၄၁ ဦးကျဆုံးခဲ့ကြောင်း AAက ထုတ်ပြန်လိုက်ပြီး တပ်မတော်ဘက်ကမူ AA အလောင်း ၁၅၀ ရရှိထားကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုလိုက်သည်။

AA ၏ အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း မင်းပြားမြို့နယ်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၆ ရက်အတွင်း တပ်မတော်ဘက်မှ တပ်ရင်းမှူးဟုယူဆရသူနှင့်၊ အရာရှိများအပါအဝင်သေဆုံးသူ ( ၄၁) ဦးအထိရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင် တပ်မတော်၏ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ပြီးသောမှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်ပြီး ရခိုင်လူမျိုးများ၊ မျိုးနွယ်စုများအနေဖြင့် မြန်မာစစ်တပ်၏ ရခိုင်ဒေသအတွင်း ကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုများကို အသက်၊ ခန္ဓာ၊ ဘဝရင်းခဲ့ရသော ကာယကံရှင်များမှ မကြောက်မရွံ ဆက်လက်ဖော်ထုတ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိမိတို့ထံထပ်မံပေးပို့ပေးကြပါရန် အသိပေးကြောင်း ဖော်ပြထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ တိုက်ပွဲများအတွင်း AA အလောင်း ၁၅၀ ရရှိထားပြီး AA အထိနာနေကြောင်း၊ ထို့ကြောင့် ကောလဟလ ထုတ်ပြန်ချက်များကို ထုတ်ပြန်နေခြင်းဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

” ဒီရက်ပိုင်းအတောအတွင်းမှာ AA အလောင်း ၁၅ဝလောက်ရတယ်။ အဲဒီထုတ်ပြန်ချက်က ကောလဟာလထုတ်ပြန်ချက် ။ဘာမှမဟုတ်ဘဲနဲ့ တပ်မတော်အပေါ်မှာ သူတို့က ဒီလိုအောင်မြင်မှု တွေရတယ်ဆိုပြီးတော့မှ သူတို့ရဲ့ ရခိုင်လူမျိုးတွေပေါ့။ ရခိုင်လူမျိုးဆိုတာထက် သူတို့ကိုအားပေးတဲ့လူပေါ့။ စိတ်ဓာတ်တက်ကြွအောင် လုပ်တဲ့ သဘောပဲရှိတယ်။ မြေပြင်မှာ အဲလောက်မများဘူး။ ဒီကောင်တွေခံရတဲ့ ပွဲတွေကြီးပဲ။ ပြီးရင်ခံရတာ အရမ်းများလာပြီဆိုရင် နောက်ထပ်ပြောအုန်းမယ် တပ်မတော်က ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒေသခံပြည်သူလူထုတွေအနှောက်အယှက်ဖြစ်တယ်။ မအိပ်ရဘူး။ စိုးရိမ်ကြောင့်ကျမှုတွေဖြစ်တယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လာဦးမယ်၊ အော်ဦးမယ်။ အော်လိမ်မယ့်။ ခင်ဗျားတို့နားထောင်နေ။ အဲဒီသတင်းအချက်အလက်တွေမှားပါတယ်လို့ နောက်တစ်ခါလာဦးမယ်။ ခုနကျွန်တော်ပြောတဲ့ဟာတွေ ထပ်အော်ဦးမှာ၊ လုပ်ဦးမှာ။ ကျွန်တော်သိလို့ ပြောထားတာ။ ဒီကောင်တွေ ရဲ့ စောက်ကျင့်သိနေပြီ။ AAရဲ့ စောက်ကျင့်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုသည်။

AA ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလျက်ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts