All News Local News Peace

တပ်မတော်ထောက်ပို့စခန်းတစ်ခုကို သိမ်းပိုက်ဟု AA ထုတ်ပြန်၊ AA အဖွဲ့ဝင် ၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးဟု တပ်မတော်ထုတ်ပြန်

တပ်မတော်ထောက်ပို့စခန်းတစ်ခုကို သိမ်းပိုက်ဟု AA ထုတ်ပြန်၊ AA အဖွဲ့ဝင် ၃ ဦးကို အသေပစ်ခတ် ဖမ်းဆီးဟု တပ်မတော်ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်တွင် ရခိုင်တပ်မတော် AA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး တပ်မတော်၏ ထောက်ပို့စခန်းတစ်ခုကို သိမ်းပိုက်နိုင်ကြောင်း AA တပ်ဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုပတ်ဝန်းကျင်ရှိ တပ်မတော်ထောက်ပို့စခန်းတစ်ခုကို လက်နက်ခဲယမ်း၊ စစ်အသုံးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ရိက္ခာများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်က ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ရသေ့တောင်မြို့နယ်၊”အာကာတောင်ရွာ” နှင့်”ရက်ခုန်းတိုင်ရွာ” အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နယ်စပ်မှတ်တိုင်(၇၁) ၏ အနောက်မြောက်(၁ ဒသမ ၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၈၂၅) ကုန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ တပ်မတော်ထောက်ပို့စခန်းတစ်ခုကို AA ကသိမ်းပိုက်မိ ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်မူ အောက်တိုဘာလ ၁၅ ရက်နေ့က မင်းပြားမြို့နယ်အတွင်း ကမ်းနီကျေးရွာအနီးတွင် မိုင်းထောင်နေသည့် AA အဖွဲ့ဝင် နှစ်ဦးကို တွေ့ရှိသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ အရှည် ၆ လက်မ၊ အချင်း ၃ လက်မရှိ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ နင်းမိုင်း သုံးလုံး၊ ဒီတိုနေတာ နှစ်ခု၊ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အလားတူ ကျောက်တော်မြို့နယ် စစ်အောင်ကျေးရွာ အနီးရှိ ရေကန်အနီးတွင် လူတစ်ဦးက တပ်မတော်စစ်ကြောင်း သွားလာမှုများကို ဖုန်းဖြင့် ဆက်သွယ် ပြောဆိုနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ထွက်ပြေးသွားသဖြင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ သေဆုံးသူသည် အဆိုပါကျေးရွာမှ အရက်ချက်လုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ကြည်(ဘ) ဦးမောင်မွေးထွန်း ဆိုသူဖြစ်ပြီး ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် အဆိုပါဖုန်းများ အတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှား သွားလာမှုများအား အခြားဖုန်းတစ်လုံးသို့ ပြောဆိုပေးပို့ထားသည့် စာများနှင့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Photo Credit – AA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts