Local News political news

တပ်ချုပ်ကို ဘွဲ့ပေးသည့် YMBA အဖွဲ့ သူပိုင် ငါပိုင် အငြင်းပွားနေ

တပ်ချုပ်ကို ဘွဲ့ပေးသည့် YMBA အဖွဲ့ သူပိုင် ငါပိုင် အငြင်းပွားနေ၊ တရားမဝင်အဖွဲ့ က တပ်ချုပ်ကို စည်းမျဉ်းချိုးဖောက် ဘွဲ့ပေးဟု YMBA ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် ပြော

ဦးသန်းလွင်နှင့်အဖွဲ့သည် ထုတ်ပယ်ထားသူများဖြစ်ပြီး လက်ရှိအဖွဲ့က တရားဝင် အဖွဲ့ဟု YMBAတွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်း တုံ့ပြန်

By အောင်သက်ဝိုင်း/ ရန်ကုန်ခေတ်သစ်

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗုဒ္ဓကလျာဏယုဝအသင်းကြီး (YMBA) က မဟာမင်္ဂလာဓမ္မဇောတိက ဓဇ ဘွဲ့ ပေးအပ်ခြင်းသည် YMBA က ခေတ်အဆက်ဆက် ချမှတ်ထားသော စည်းမျည်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိဘဲ ချိုးဖောက်ခြင်းဖြစ်ပြီး လက်ရှိ YMBA အဖွဲ့မှာလည်း တရားမဝင် အဖွဲ့ဖြစ်ကြောင်း YMBA ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

YMBA အသင်းကြီးသည် ခေတ်အဆက်ဆက် နာမည်ကောင်းဖြင့် ရပ်တည်လာသော အဖွဲ့ဖြစ်ပြီး ၂ နှစ်တစ်ကြိမ် တစ်တိုင်းပြည်လုံးမှ အသင်းသားများကို ခေါ်ယူ၍ ညီလာခံကျင်းပကာ အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရ ကြောင်း၊ လက်ရှိ ရှိနေသော အဖွဲ့သည် ညီလာခံမှ ပေါက်ဖွားခြင်းမဟုတ်ဘဲ ညီလာခံ အတုမှ ပေါက်ဖွားခြင်းဖြစ်ကြောင်း၊ YMBA အသင်းကြီး၏ စည်းမျည်းများအရ ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များသည် အမှုဆောင်တာဝန်ထမ်းဆောင်ပြီးမှ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဦးသန်းလွင်က ပြောဆိုသည်။

YMBA အသင်းကြီးက ဘွဲ့ ၃ မျိုးပေးအပ်ပြီး မင်္ဂလာဓမ္မဇောတိက ဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာမင်္ဂလဓမ္မဓဇ ဟူ၍ ၃ မျိုးရှိကြောင်း ၊ ဘွဲ့ ၃ ခုကို ချီးမြှင့်ရန် YMBA အသင်းကြီးတွင် ရှေးယခင်ကတည်းက မူဝါဒ ၃ ခုရှိကြောင်း၊ YMBA ၏ အဓိက လုပ်ငန်းသည် မင်္ဂလာတရားတော် ပြန့်ပွားရေးကို လုပ်ရကြောင်း၊ မင်္ဂလာတရားပြန့်ပွားရေး ကို ၁၀ နှစ်အထိ တောက်လျှောက်လုပ်ခဲ့ပါက မင်္ဂလာဓမ္မဇောတိက ဓဇဘွဲ့ ၊ နှစ် ၂၀ အထိ မင်္ဂလာတရား ပြန့်ပွားရေး လုပ်ကိုင်ပါက မဟာ မင်္ဂလာဓမ္မ ဇောတိက ဓဇဘွဲ့ကို လည်းကောင်း၊ နှစ် ၃၀ အထက် မင်္ဂလာတရားတော် ပြန့်ပွားရေး လုပ်ရုံမက ဘာသာရေး ကျမ်းများပါ ရေးသား ပြုစု ထုတ်ဝေနိုင်ပါက အဂ္ဂ မဟာ မင်္ဂလာ ဓမ္မ ဇောတိက ဓဇ ဘွဲ့ကို ချီးမြှင့်နိုင်သည်ဆိုသော မူရှိကြောင်း ဦးသန်းလွင်က ဆိုသည်။

“ပထမတစ်ကြိမ်တုန်းက သာသာရေးဝန်ကြီး သူရဦးအောင်ကို ပေးတယ်။ မဟာမင်္ဂလာဓမ္မဇောတိကဓဇဆိုပြီးပေးတယ်။ ကိုရဲဝင်း(လက်ရှိဥက္ကဋ္ဌ) ပဲ ပေးတာ။ ပြည်ထောင်စုဝန်ကြီးက လက်ခံထားတယ်။ ပြည်ထောင်စုဝန်ကြီးဆိုတာကလည်း ချထားတဲ့ မူနဲ့ မညီဘူးပေါ့။ အခုကျတော့လည်း ကာချုပ်ဆိုတာ မင်္ဂလာတရား ပြန့်ပွားရေးဘာမှ မလုပ်ခဲ့တဲ့သူ။ ပြောရင်လည်းပဲ မကောင်းဘူးပေါ့။ ပြောပြန်ရင်လည်း လွန်ကာ ကျမယ်” ဟု ဦးသန်းလွင်က ဆိုသည်။

လက်ရှိ YMBA တွဲဘက် ဥက္ကဋ္ဌ ဦးစိန်သန်းကမူ ဦးသန်းလွင်နှင့်အဖွဲ့သည် YMBA အသင်းကြီးမှ ထုတ်ပယ်ခံထားရသူများဖြစ်ပြီး ယင်းအကြောင်းကို မရေးသားရန်နှင့် ရေးသားပါက ရေးသားဖော်ပြသည့် မီဒီယာ နစ်နာလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

YMBA အသင်းကြီး၏ နှစ်ဦးနှစ်ဖက် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်း၍ တင်ပြလိုက်ပါသည်။

ဦးသန်းလွင်
YMBA ဒုတိယဥက္ကဋ္ဌ (ခ) ယာယီဥက္ကဋ္ဌ

ကျနော်တို့က အရင်ကတည်းက ညီလာခံက တင်ထားတဲ့ အမှုဆောင်တွေလေ။ အမှုဆောင်တွေ ရှိနေရဲ့သားနဲ့ ဒီအမှုဆောင်တွေ ထဲမပါတဲ့သူတွေက ဦးဆောင်ပြီးတော့ ပထမ ၂၀၁၆ ခုနှစ်တုန်းက အရင် အစိုးရ က ညီလာခံ မလုပ်နဲ့ လို့ တားထားတဲ့ဟာကို အဲဒီလူတစ်စုကနေပြီးတော့ တားထားတဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီးတော့ ဝင်လုပ်။ ဝင်လုပ်ပြီးတော့ တကယ့်တကယ့် ညီလာခံဆိုတာ နယ်ရုံးခွဲတွေ ဘာတွေ တက်ပြီးတော့ လူ ၄၀၀ ၊ ၅၀၀ အနည်းဆုံး တက်တယ်လေ။ ၄၀၀၊ ၅၀၀ လောက်တက်တဲ့ ညီလာခံကို လူအုပ်စုလေး ၃၀ လောက်နဲ့ ဝင်ပြီး ညီလာခံ ဆိုပြီး အတုလုပ်ပြီးတော့ လုပ်လာတာ။

လုပ်လာတော့ ကျနော်တို့ကလည်း တောက်လျှောက် အဲဒါတွေကို သက်ဆိုင်ရာတွေ တင်ပြထားတယ်။ အစိုးရသစ်ပြောင်းလာတော့လည်း လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သေသေချာချာ ဂဃနန တင်ပြတဲ့အခါကျတော့ တရားမဝင်တဲ့အဖွဲ့က ထပ်ပြီးတော့ ၂၀၁၈ ကျတော့ ညီလာခံလုပ်ဖို့ သတင်းစာမှာ ကြေညာတယ်။ ကြေညာတဲ့အခါကျတော့ ကျနော်တို့က ကန့်ကွက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြတဲ့အခါကျတော့ အဲဒီညီလာခံကို ရွှေ့ဆိုင်းခိုင်းတယ်။ အဲဒီစာ တွေ အမိန့်တွေ ကျနော်တို့်ဆီမှာ တရားဝင်ရှိတယ်။ အဲဒါကို ဇွတ်လုပ်သွားတယ်။ အဲဒါ လူ ၃၀ လောက်နဲ့ ညီလာခံဆိုပြီး ဇွတ်လုပ်သွားတယ်။ လုပ်ပြီးတော့ အခုထက်ထိ အဲဒီလူတွေက တရားမဝင် အဖွဲ့ပေါ့နော်။

တရားမဝင် အဖွဲ့ပဲ သူတို့က ။ အခု ဥက္ကဋ္ဌ လုပ်နေတဲ့ ဦးရဲထွန်းဆိုတာ အမှုဆောင်အဖွဲ့ထဲလည်း မပါဘူး။ တက်လာသမျှ အစိုးရ လော်ဘီလုပ်တယ်။ အရင်ကတည်းက ဗိုလ်ချုပ်ကြီးမောင်အေးတို့ကို ချည်းကပ်ပြီးတော့ အဲဒီလူကြီးတွေကို ဘာလုပ်ပေးရမလဲ၊ လုပ်ပေးတယ်။ အဲဒီလိုလူတွေက အခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း တောက်လျှောက် အဲဒီလို လုပ်လာတယ်။ ဒီအစိုးရ လက်ထက်မှာလည်း အဲဒီလူလော်ဘီကျွမ်းကျင်တဲ့သူဆိုတော့ တရားမဝင် အဲဒီလော်ဘီကို ပြေးကပ်ပြီးတော့ ဆွဲထည့်ထားတယ်။

အဲဒါလည်း တရားမဝင် အဖွဲ့ပဲ ။ တရားမဝင် အဖွဲ့မှာ ဦးတင်ဝင်းက ဥက္ကဋ္ဌ လုပ်ခဲ့တယ်။ YMBA ဖွဲ့စည်းပုံမှာ အမှုဆောင်မဟုတ်ရင် ဥက္ကဋ္ဌ လုပ်လို့မရဘူး။ အဲဒီတော့ ညီလာခံဆိုတာလည်း ညီလာခံလုပ်မှ ။ အမှုဆောင်အဖွဲ့မှာ အရွေးချယ်ခံရမှ တရားဝင်တာ။ ဖွဲ့စည်းပုံ စည်းမျည်းအရ။ ကျနော်တို့တွေက အရင်ကတည်းက တင်ထားတဲ့ ညီလာခံက တင်ထားတဲ့ အမှုဆောင်အဖွဲ့ဝင်တွေပါ။ အမှုဆောင်အဖွဲ့ ရှိနေရဲ့သားနဲ့ ၂၀၁၆ ခုနှစ်ကတည်းက ချိုးဖောက်ပြီးတော့ ဝင်လာတဲ့ တရားမဝင် လူတစ်စုပေါ့။ အဲဒီလူတစ်စုက ဆက်လုပ်နေပြီးတော့ ကျနော်တို့က ဆက်ကန့်ကွက်တာပေါ့။

ကျနော်တို့က ၂၀၁၆ ခုနှစ်အထိ ညီလာခံ မခေါ်ရသေးဘူး။ တရားဝင် တည်ရှိနေတဲ့ အဖွဲ့ပေါ့။ ၂ နှစ်တစ်ကြိမ် ညီလာခံလုပ်ရမှာ။ ၂၀၁၄ ညီလာခံခေါ်ပြီး ကျနော်တို့ကို ရွေးချယ်ထားတာ။ ကျနော်ဆိုလို့ရှိရင် အမှုဆောင်သက်တမ်းမှာ ၁၈ နှစ် အနှစ် ၂၀ နီးပါးရှိနေပြီ။

ရိုးရိုးအမှုဆောင်ကနေ စာကြည့်တိုက်မှုးဖြစ်တယ်။ နောက်ညီလာခံကျတော့ တွဲဘက် အတွင်းရေးမှူးဖြစ်၊ နောက်ညီလာခံကျတော့ ဒုတိယဥက္ကဋ္ဌ တင်ထားတာ။ အခု နောက်ထပ် ညီလာခံ မလုပ်ရသေးဘူး။ မလုပ်ရသေးဘဲနဲ့ ညီလာခံ အတုတွေ လုပ်ပြီးတော့ တရားမဝင် ဝင်လုပ်နေတာ။ အဲဒီ တရားမဝင် ဝင်လုပ်တဲ့ဟာကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုင်ထားတယ်။ တိုင်ထားတော့ ခုံဖွဲ့ပြီးတော့ စစ်နေတယ်။ အမှုက လည်း မပြတ်သေးဘူး။ စစ်ဆေးနေဆဲပဲ။ ကျနော်တို့လည်း ထွက်ဆိုချက်တွေပေးပြီးပြီ။ အဲဒီလူတွေကို ဖယ်ရှားပေးဖို့ ။ နိုင်ငံတော်က ဦးဆောင်ပြီးတော့ ။ ကျနော်တို့ သမိုင်းဝင် အသင်းကြီးကို နိုင်ငံတော်က နေ ဦးဆောင်ပြီးတော့ ပြန်လည် မြှင့်တင်ပေးပါဆိုပြီး ကျနော်တို့ တင်ထားတယ်။ အဲဒီ ခုံက ဆက်စစ်နေတယ်။

အဲဒီ တရားမဝင် အဖွဲ့က လူတွေကို ဖယ်ရှားပေးဖို့ ကျနော်တို့က ပြင်းပြင်းထန်ထန် တောင်းဆိုတယ်။ တောင်းဆိုတော့ ကျနော်တို့ ကို စစ်သလို တရားမဝင် အဖွဲ့ကိုလည်း ခေါ်တယ်။ တစ်ယောက်မှ မလာဘူး။ ပုဇွန်တောင် အုပ်ချုပ်ရေးမှူးရုံးမှာ။ တရားဝင် ခေါ်တာကို မလာတဲ့အတွက် သူတို့ ထွက်ဆိုချက်တွေ မပါဘဲနဲ့ အဖွဲ့ကို ပိတ်ပြီးတော့ အပေါ်ကို ပြန်တင်ရတယ်။ အဲဒီလို ကာလမှာ တရားမဝင် အဖွဲ့က ဆက်လက်လုပ်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့က ခုံဖွဲ့စစ်တာကိုလည်း မလာဘဲနဲ့ မထီမဲ့မြင်နဲ့သူတို့က ဆက်လုပ်နေတယ်။ ဆက်လုပ်နေတော့ ဒီလူတွေက အရေးယူခံရမယ်ဆိုတော သိတာကိုး။

သိတော့ သူတို့က ဘာလုပ်ရမလဲဆိုတော့ ခုနလို ကိုရဲထွန်းကို စွဲသွင်းပြီးတော့ လူကြီးတွေနဲ့ လိုက်ပြီးတော့ ချည်းကပ်ပြီးတော့ ဘွဲ့ထူး ဂုဏ်ထူးကြီးတွေ လျှောက်ပေး အမြဲတမ်း နာယကတွေ၊ လျှောက်တင်တာ။ ဒါတွေက ဘာလဲဆိုတော့ ကာကွယ်တာပေါ့။ တစ်စုံတစ်ခု ထိတော့မယ်ဆိုရင် သူတို့ကို ကာကွယ်မယ်ပေါ့။ နာယကကြီး လုပ်ပါဦးဆိုပြီး။ အကူအညီရအောင် သူတို့ ဆက်ပြီးတော့ တည်မြဲအောင် အသုံးချတာပေါ့။

YMBA နဲ့မပတ်သက်ခဲ့တဲ့သူတွေ။ အမှုဆောင်ထဲလည်း မပါဘူး။ အဲဒီလိုလူတွေ။ ဖွဲ့စည်းပုံ အသင်းအဖွဲ့စည်းမျဉ်းမှာ အဲဒီလို လုပ်လို့မှ မရတာ။ မရတဲ့ဟာကို လျှောက်ပြီးတော့ လုပ်ချင်ရာ လုပ်နေတာပါတော့။

ကာချုပ်ကို ဘွဲ့ပေးတဲ့နေရာမှာလည်း ဦးစိန်သန်းဆိုတဲ့သူက သူ့ကိုယ်သူ တွဲဖက် ဥက္ကဋ္ဌ ဆိုပြီးတော့ ဖွဲ့စည်းပုံထဲမှာ တွဲဖက် ဥက္ကဋ္ဌ ဆိုတာ မရှိဘူး။ တောက်လျှောက် အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေက စည်းမျဉ်းအတိုင်းပဲ လုပ်ခဲ့ကြတာ။ အဲဒီစည်းမျဉ်းကို ဘေးချိတ်ပြီးတော့ လုပ်ချင်ရာ လုပ်တဲ့ အဖွဲ့အစည်း။

အဲဒီလူတွေက တရားမဝင်ဘူးဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြထားပြီးသား။ ပြည်ထောင်စု အစိုးရအဖွဲ့လည်း စစ်နေဆဲ ကာလပါ။ ဒီအဖွဲ့အစည်းက ဥက္ကဋ္ဌ ဦတင်ဝင်းကနေ ပေါက်ဖွားလာတဲ့အဖွဲ့။ ဥက္ကဋ္ဌ ဦးတင်ဝင်း ဆိုတာလည်း တရားမဝင် အဖွဲ့ပဲ။ သူကနေ ဦးရဲထွန်းကို လွှဲလိုက်တာ။

၂၀၁၄ မှာ ဦးကျော်သိန်း ဥက္ကဋ္ဌ။ အဲဒီတုန်းကလည်း တင်ပြတိုင်ကြားခဲ့တယ်။ အရင် ခုံဖွဲ့စစ်လည်း ဦးတင်ဝင်းအဖွဲ့က မဆိုင်တဲ့လူက ဝင်လာပြီးတော့ အစိုးရ အပြောင်းအလဲတွေကလည်း ဖြစ်တယ်။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ လုပ်တာပေါ့။ အစိုးရသစ်နဲ့ အစိုးရဟောင်း ပြောင်းတဲ့အချိန်မှာ အလုပ်တွေကများတော့ လူကြီးတွေက ပြန်မကြည့်နိုင်ဘူး။

ဦးကျော်သိန်း က ကျနော်တို့နဲ့ ပြဿနာတက်ပြီးတော့ တိုင်ကြားထားပြီးတော့ ဖယ်ရှားခံရတဲ့ အဖွဲ့ ။ ကျနော် ဒုတိယဥက္ကဋ္ဌအနေနဲ့ ယာယီဥက္ကဋ္ဌ အနေနဲ့ လက်မှတ်ထိုးပြီးတော့ ပြည်ထောင်စု အစိုးရတို့ ဘာတို့ တိုင်တာပေါ့။

ကျနော်တို့ အရင် ၂၉ ဦး ရှိတယ်။ စိတ်တူ သဘောတူက ၁၁ ဦး ရှိတယ်။ အဲဒီမှာ သေသွားတဲ့သူတွေ ဘာတွေ လည်းရှိနေတယ်။ ပြဿနာ ဖြစ်ပြီးတော့ ပဋိပက္ခ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့က အပြင်ရောက်သလိုဖြစ်နေတယ်။ ကျနော်တို့က တရားဝင် ညီလာခံ မခေါ်တော့ ကျနော်တို့ကလည်း မတက်ဘဲ နေတာ။ အဲဒါ သူတို့က ဝင်ပြီးတော့ အပိုင်စီးပြီးတော့ လုပ်နေတာ။

အဲဒီကိစ္စ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ တင်ပြတော့ ဝန်ကြီး ဦးနိုင်ငံလင်းကတောင်မှ ကျနော်တို့ သဘောကျပြီးတော့ ဆရာတို့ အာဏာသိမ်းခံရတာပေါ့ဆိုပြီး ရယ်နေသေးတယ်။
ဘဏ်အကောင့်က ပိတ်ထားခဲ့တာကို ထုတ်လို့ရအောင် သူတို့က ပြန်ပြီး ကြိုးစားခဲ့တာ။ ဝန်ကြီးချုပ်နဲ့ အင်မတန်ရင်းနှီးတဲ့ ပုဂ္ဂိုလ်နဲ့ ချည်းကပ်ပြီးတော့ ဝန်ကြီးချုပ်ကို ချည်းကပ်ပြီးတော့ ကြိုးစားတော့ ရသွားတယ်။ သုံးလို့ရတော့ သုံးနေတာပေါ့။ နည်းမျိုးစုံနဲ့ ချည်းကပ်ပြီးတော့ပေါ့။

၂၀၁၆ ခုနှစ် ၁ လပိုင်း ၂၃ ရက်နေ့မှာ လူ ၃၀ နဲ့ ညီလာခံ လုပ်သွားတယ်။ အဲဒါကို မလုပ်ဖို့ ဆိုပြီး အရင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက တားထားခဲ့တယ်။ တားထားတာကို ချိုးဖောက်ပြီးတော့ အစိုးရအဟောင်းနဲ့ အစိုးရအသစ် ပြောင်းတဲ့အချိန်မှာ အခွင့်အရေးယူပြီးတော့ အတင်း လုပ်သွားတာ။ လုပ်ချင်ရာ လုပ်တာ။ အဲဒီ တရားမဝင် အဖွဲ့က ၂၀၁၈ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ ညီလာခံ နှစ်ပတ်လည် အစည်းအဝေး ခေါ်တယ်။ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမယ်ဆိုပြီး ကြေညာတယ်။ အဲဒါကို တရားမဝင် အဖွဲ့ဖြစ်လို့ ကန့်ကွက်တော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လက်မှတ်ထိုးပြီးတော့ အစည်းအဝေးကို ရွှေ့ဆိုင်းဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူညီချက် ရမှသာ ကျင်းပပြုလုပ်ရန် ဆိုပြီးတော့ ညွှန်ကြားလွှာ ထုတ်ထားတယ်။ အဲဒါ ကျနော်တို့ဆီမှာ ရှိတယ်။

သူတို့က ၂၀၁၈ နောက်ပိုင်းမှာ ဇွန်လ ၂၄ ရက်နေ့မှာ ဦးတင်ဝင်းက ဥက္ကဋ္ဌ ပြန်လုပ်ပြီးတော့ အဖွဲ့ ဖွဲ့တယ်။ တရားမဝင် အဖွဲ့နဲ့ပဲ လုပ်လာရင်းနဲ့ အပြောင်းအလဲ တွေ သူတို့ဟာ သူတို့လုပ်လာတာ။ YMBA ဖွဲ့စည်းပုံ စည်းမျည်းက ခေါ်သွင်းချင်တဲ့သူကို ခေါ်သွင်းလို့မရဘူး။ ၂ နှစ်သက်တမ်း ရှိတယ်။ အမှုဆောင်အဖွဲ့က။ ညီလာခံကနေ ရွေးချယ် တင်မြှောက်ထားတဲ့ အမှုဆောင် အဖွဲ့ကပဲ လုပ်ရမယ်ဆိုတာ စည်းမျဉ်းမှာပါတယ်။ ဥက္ကဋ္ဌ တို့ ဘာတို့ဆိုတာ အမှုဆောင်အဖွဲ့ကပဲ ရွေးချယ်တင်မြှောက်ရတယ်။ အဲဒါတွေက ဖွဲ့စည်းပုံမှာ ရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကို မလုပ်တော့ဘဲနဲ့ ဘေးချိတ်ထားပြီးတော့ လုပ်ချင်ရာ လုပ်တဲ့ အဓမ္မ သမားတွေ ဖြစ်နေတယ်။

ဘွဲ့မှာ ၃ မျိုးရှိတယ်။ မင်္ဂလာသုဓမ္မဇောတိက ဓဇတို့ မဟာမင်္ဂလဓမ္မဇောတိကဓဇ တို့ ၊ အဂ္ဂမဟာတို့ အဆင့် ၃ ဆင့်ရှိတယ်။ အဂ္ဂက အမြင့်ဆုံးပဲ။ အဲဒီအဆင့် ၃ ဆင့်ကို ချီးမြှှုင့် ဖို့ မူ ၃ ခုရှိတယ်။ အဲဒီမူက ကျနော်တို့ မတိုင်ခင် အဆက်ဆက်ကတည်းက ကြာပြီ မူက ချမှတ်ထားတာ။ အရင် လူကြီးတွေက ရေးဆွဲပြီး အတည်ပြုခဲ့တာ။ အဲဒီမူက ဘာလဲဆိုတော့ YMBA ရဲ့ အဓိက လုပ်ငန်းဟာ မင်္ဂလာတရားတော် ပြန့်ပွားရေး၊ မင်္ဂလာတရားတော် ပြန့်ပွားရေးကို အဓိက လုပ်ရတာ။ ကျန်တာက အဘိဓမ္မာသင်တန်းပေးတာတို့ ဘာတို့ ရှိတယ်။ ဒါပေမယ့် အဓိက လုပ်ငန်းက မင်္ဂလာတရားတော် ပြန့်ပွားရေး။

မင်္ဂလာတရားပြန့်ပွားရေး ကို ၁၀ နှစ်အထိ တောက်လျှောက်လုပ်ခဲ့တဲ့သူကို အမြဲ လုပ်ခဲ့တဲ့သူဆိုရင် မင်္ဂလာဓမ္မဇောတိက ဓဇ ပေးလို့ရတယ်။ မူထဲမှာ။ နောက်တစ်ခု နှစ် ၂၀ အထိ မင်္ဂလာတရား ပြန့်ပွားရေးကို လုပ်ကိုင်လာလို့ရှိရင် တစ်ဆက်တည်း လုပ်တဲ့သူဆိုရင် မဟာ မင်္ဂလာဓမ္မ ဇောတိက ဓဇ ပေးလို့ရတယ်။ နှစ် ၃၀ အထက်ဆိုရင် မင်္ဂလာတရားတော် ပြန့်ပွားရေး နှစ် ၃၀ အထိ လုပ်ရုံမက ဘာသာရေး ကျမ်းတွေ ဘာတွေ ရေးသား ပြုစု ထုတ်ဝေနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် အဂ္ဂ မဟာ မင်္ဂလာ ဓမ္မ ဇောတိက ဓဇ ဘွဲ့ကို ချီးမြှင့်နိုင်တယ်လို့ မူသတ်မှတ်ထားပြီးသား။ ဒါက အရင်ကတည်းက ။ ရှေးတုန်းကတည်းက အဆက်ဆက် လူကြီးတွေ သတ်မှတ်ခဲ့တာ။

အဲဒီမူကို ချိုးဖောက်ပြီးတော့ ဥက္ကဋ္ဌ လုပ်သွားတဲ့ ကိုတင်ဝင်းဆိုတဲ့ လူက ဥက္ကဋ္ဌ သက်တမ်း ၂ နှစ်အတွင်းမှာ မင်္ဂလာဓမ္မ ၊ မဟာမင်္ဂလာဓမ္မ ရော၊ အဂ္ဂမင်္ဂလာဓမ္မ ရော ၃ ခုစလုံး ယူသွားတယ်။ သိက္ခာမဲ့တာပေါ့။ အဲဒီလို ယူသွားပြီးတော့ အဂ္ဂမဟာ မင်္ဂလာဓမ္မ ဆိုတော့ အဲဒီဘွဲ့ကြီးနဲ့တင် တော်ရုံ တန်ရုံ လူရှိန်တာပေါ့။

နည်းတဲ့ပုဂ္ဂိုလ်ကြီးမဟုတ်ဘူးဆိုပြီးတော့။ သူကိုယ်တိုင်က ချိုးဖောက်တယ်။ ပေးချင်တဲ့လူကို ချိုးဖောက်ပြီးတော့ ပေးတယ်။ မူနဲ့ မညီနဲ့ဟာတွေ။ ၁၀ နှစ်တို့ နှစ် ၂၀ တို့မဟုတ်ဘဲ သူပေးချင်ရင် ပေးတယ်။ မဟာလည်း ပေးချင်ရင် ပေးတယ်။

ပထမတစ်ကြိမ်တုန်းက သာသာရေးဝန်ကြီး သူရဦးအောင်ကို ပေးတယ်။ မဟာမင်္ဂလာဓမ္မဇောတိကဓဇဆိုပြီးပေးတယ်။ ကိုရဲဝင်းပဲ ပေးတာ။ ပြည်ထောင်စုဝန်ကြီးက လက်ခံထားတယ်။ ပြည်ထောင်စုဝန်ကြီးဆိုတာကလည်း ချထားတဲ့ မူနဲ့ မညီဘူးပေါ့။

အခုကျတော့လည်း ကာချုပ်ဆိုတာ မင်္ဂလာတရား ပြန့်ပွားရေးဘာမှ မလုပ်ခဲ့တဲ့သူ။ ပြောရင်လည်းပဲ မကောင်းဘူးပေါ့။ ပြောပြန်ရင်လည်း လွန်ကာ ကျမယ်။

ကျနော်တို့က ခုံရုံး ဖွဲ့ပြီး စစ်ထားတော့ မှန်မှန်ကန်ကန်လုပ်ပေးလိမ့်မယ်လို့ ယူဆတယ်။ အခုက ဆုံးဖြတ်ချက် မချရေသေးဘူး။ နောက်ဆုံး စစ်တာက ငွေကြေး တရားမဝင် သုံးစွဲတယ်။ အဲဒါတွေ လုပ်လာတဲ့အတွက် ပထမဆုံးကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားတယ်။ အဂတိတိုက်ဖျက်ရေး ကော်မရှင်ကလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေ အရ ဆောင်ရွက် လို့ မရပါသဖြင့် ၂၀၁၇ – ၂၀၁၈ အပြောင်းအလဲ ကာလမှာ အကြောင်းပြန်တယ်။

ခုံရုံး ဖွဲ့စစ်နေတာက ၂၀၁၉ ခုနှစ်အတွင်းမှာပဲ မကြာသေးဘူး။ လူကြီးတွေကို ရှေ့ကနေ ဒိုင်းကာတာပေါ့။ ရန်ကုန်တိုင်းဝန်ကြီး ဦးနိုင်ငံလင်းကိုလည်း နှုတ်နဲ့ ပြောပြထားတယ်။ သူလည်း သိတယ်။ နောက်ဆုံးတော့ ခုံဖွဲ့တာကို စောင့်နေတယ်။ ကျနော်တို့ တောင်းဆိုတာက ဦးနိုင်ငံလင်းကို ခုံ မြန်မြန်ဖွဲ့ပေးပါ။ ကျနော်တို့ မှားတယ်ဆိုရင်လည်း ကျနော်တို့ ဆက်မလုပ်တော့ဘူး။ တကယ်တော့ ကျနော်တို့က မတရားတွေကို တရားတဲ့ဘက်က ရပ်တည်ပြီးတော့ လုပ်နေတဲ့ အဖွဲ့ဖြစ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ အသင်းကြီးက ဂုဏ်သိက္ခာ အရမ်းကျဆင်းတယ်။

ဟုတ်တယ်။ အဲလိုဖြစ်နေတာ။ ခုံရုံး အဖြေပဲ စောင့်နေတာ။ ဝန်ကြီးကလည်း ဒါတွေကို သိတယ်။ ကျနော်တို့ကလည်း အဖြေကိုပဲ စောင့်နေတာ။ ဘာလုပ်ရမယ်လဲဆိုတာ ကျနော်တို့ကလည်း အဖြေကိုပဲ စောင့်နေတာ။ ကျနော့် တို့ဆီမှာ အထောက်အထားတွေ အကုန်ရှိတယ်။ ခုံရုံးက ခေါ်တာ မလာဘူး။ သူတို့ဆီမှာ ပြစရာ အထောက်အထားမှ မရှိတာ။

ဦးစိန်သန်း
YMBA တွဲဖက်ဥက္ကဋ္ဌ(ကာချုပ်ကို ဘွဲ့ပေးသည့် အဖွဲ့)

ကျနော်တို့ ၂၀၁၅ တုန်းက ထုတ်ပယ်ထားတဲ့ ၂၀၁၄ လောက်ကတည်းက ထုတ်ပယ်ထားတဲ့သူ တွေပါ။ ဥက္ကဋ္ဌ ၃ ဆက်လောက်ကတည်းက ထုတ်ပယ်ထားတဲ့သူတွေပါ။ သူတို့တွေက အသက်တွေလည်း ကြီးနေပါပြီခင်ဗျ။ တစ်နည်းအားဖြင့် စိတ်မမှန်တဲ့ ပုဂ္ဂိုလ်တွေဖြစ်နေပါတယ်ခင်ဗျ။ အသင်းကြီးနဲ့ ဘာမှ မပတ်သက်ပါဘူး။ ကျနော်တို့ဆီမှာ သူ့နောက် က ဥက္ကဋ္ဌ ဦးတင်ဝင်းတို့ ဦးကျော်ဝင်းတို့တောင် အသက် ၇၅ နှစ်ပြည့်လို့ အနားယူသွားကြပါပြီ။ ဥက္ကဋ္ဌ နှစ်ဆက်တောင် ပြောင်းသွားပါပြီ။

သူတို့က စာပေရေးရာလေးလည်း တတ်တော့ ဟိုတိုင် ဒီတိုင် ဟိုပြော ဒီပြော ပြောနေတဲ့ ပုဂ္ဂိုလ်တွေပါခင်ဗျ။ အသင်းနဲ့ ဘာမှ မပတ်သက်ပါဘူး။ ကျနော်တို့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် အသိအမှတ်ပြုပြီးတော့ တင်မြှောက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ကတော့ ဟိုတိုင် ဒီတိုင် နဲ့ ဒီခေတ်ဒီအခါမှာ တိုင်စာပစ်တာကတော့ ရိုးနေပါပြီ ခင်ဗျ။ ဒီကိစ္စ က အထွေထွေ အတွင်းရေးမှူး ရှင်းပြပါလိမ့်မယ်။ အထွေ ထွေ အတွင်းရေးမှူး ခဏလေး ရှင်းပေးလိုက်ပါ။

ဆရာတို့ ဒီသတင်း ဟိုသတင်း မရေးပါနဲ့ ဆရာတို့ပါ ထိခိုက်သွားမယ်နော်။ မနေ့ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ကျနော်တို့ရဲ့ နာယကကြီးအဖြစ် တာဝန်ယူပြီး ဖြစ်တယ်။ ဒီနေ့ သတင်းတွေ ပလူပျံ အောင် ထွက်နေတာ။ အဲဒီတော့ ဆရာတို့ စာစောင် နစ်နာသွားပါလိမ့်မယ်။ အဲဒါပဲ ပြောချင်တယ်။ သိချင်ရင် ရုံးကို လာခဲ့ပါ။ ဆရာတို့ပါ နစ်နာသွားပါလိမ့်မယ်။ မထည့်နဲ့ ထည့်ရင်။ နစ်နာသွားမယ်။

ဦးသောင်းဝင်း
YMBA အထွေထွေအတွင်းရေးမှူး (ကာချုပ် ဘွဲ့ပေးသည့်အဖွဲ့)

အဲဒါတွေက အဲဒီလူတွေက လူရှုပ်တွေ။ ကျနော်တို့က တရားစွဲလို့ရတယ်။ မစွဲချင်လို့ လွှတ်ထားတာ။ အသင်းကြီး က ထုတ်ပစ်ထားတာ။ ခင်ဗျား သိချင်ရင် ရုံးကို ကြွခဲ့ပါ။ ကျနော်ပြမယ်။ အချက်အလက်တွေ အကုန်လုံးနဲ့။

ကျနော်တို့က ဘာသာရေး အသင်းကြီးဖြစ်တော့ ဒီလူတွေကို အမှုအခင်းတွေ ရင်ဆိုင်ပြီး မလုပ်ချင်လို့ ဒီအတိုင်း လွှတ်ထားတာ။ နိုင်ငံတော်အစိုးရကိုယ်တိုင်လည်း ဒီကိစ္စတွေ သိပြီးသားပါ။ သူတို့က ၃ ယောက်တည်းနဲ့ လှည့်ပြီး ရှုပ်နေတာ။ ဆရာတို့ လိုချင်ရင် ကျနော်တို့ဆီကို ကြွခဲ့ပါ။ အချက်အလက်တွေ အကုန်ပေးပါ့မယ်။

Photo Credit – တပ်မတော်

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com