All News Local News

စစ်တွေ လဝက မြို့နယ် ဦးစီးမှူးကို ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ က နိုင်လွတ်လုံ ဥပဒေဖြင့် အမှုဖွင့်

စစ်တွေ လဝက မြို့နယ် ဦးစီးမှူးကို ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ က နိုင်လွတ်လုံ ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အခြေစိုက် ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌဦးအောင်သန်းဝေက စစ်တွေမြို့နယ် လူဝင်မှုကြီးကြပ်ရေး မြို့နယ်ဦးစီးမှူးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှု ကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀ ဖြင့် အောက်တိုဘာလ ၇ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းဝေက ၎င်းကို နောက်ယောင်ခံလိုက်နေသည့်အတွက် လွတ်လပ်မှု နှင့် လုံခြုံမှုကို ခြိမ်းခြောက်ခံရနေသည်ဟု ယူဆသည့်အတွက် စစ်တွေမြို့နယ်လဝက မြို့နယ် ဦးစီးမှူးကို နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ဦးအောင်သန်းဝေ က ပြောသည်။

“ကျနော်တို့ ရခိုင်ဦးဆောင်ပါတီက ၂၀၁၉ ၊ ဇန်နဝါရီ ၁၁ ရက်က တရားဝင်မှတ်ပုံတင်ကျပြီးသား။ ကျနော်က ပါတီတည်ထောင်သူ အဖြစ် မပါဝင်ခဲ့ဘူး။ ကျနော်က ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဗဟိုကော်မတီဝင်အဖြစ် ဖြည့်စွက်အင်အားထဲမှာ ပါဝင်တယ်။ ဖြည့်စွက်အင်အားတွေကို ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့ တင်ပြထားတာ ကိုယ်ရေးအချက်အလက်တွေအပေါ် စုံစမ်းဖို့ အထူးစုံစမ်းစစ်ဆေးရေး ဌာန ၊ ရဲသတင်း တပ်ဖွဲ့ လာပြီး စစ်တာ ရှိတယ်။ ဒါပေမဲ့ စစ်တဲ့အချိန် သူတို့က ကျနော်နဲ့ ပြေပြေလည်လည် ဆက်ဆံတယ်။ အထူးစုံစမ်းရေးဦးစီးဌာနက ဘယ်လိုပြောလဲဆိုတော့ သူတို့ပြန်ကြားစာမှာ ပါတဲ့ ဟာက ဦးအောင်သန်းဝေရဲ့ သက်ဆိုင်ရာ နဲ့တွေ့ဆုံစုံစမ်း မှု မပြုမလုပ်ရ ဆိုပြီး ပါတယ်တဲ့။ အဲ့လို သက်ဆိုင်ရာကာယကံရှင်နဲ့ မတွေ့ရဘူး ဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ သတင်းအချက်အလက် ယူဖို့ နောက်ယောင်ခံရမယ်။ နောက်ယောင်ခံရင် ကျနော်က နိုင်လွတ်လုံနဲ့ တရားစွဲခံရမယ်။ အဲ့တာကျရင် ကျနော်တို့ကို ကူညီပေးဖို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောတယ်။ အဲအခါ ကျနော်က သူတို့လိုတဲ့ အချက်အလက်တွေ ပေးတယ်” ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ” ဒါပေမဲ့ မြို့နယ်လဝက ဦးစီးမှူးတော့ အဲ့လို မဟုတ်ဘူး။ ကျနော်သိသလောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကျနော်နဲ့ ပတ်သက်တဲ့ လဝကမှာရှိတဲ့ Information ကို တောင်းတာ။ တောင်းတဲ့အခါ သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဆင့် ကျနော်ကို နောက်ယောင်ခံတယ်။ နောက်ပြီး ဝန်ခံလက်မှတ်ကတိထိုးဖို့ ဆိုတာက အဲ့တာက ကျနော်ကို ခြီမ်းခြောက်တယ်လို့ ယူဆတယ်။ ကျနော်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်သလို စစ်တွေမြို့နယ် အလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဖြစ်တော့ ကျနော်ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တယ်လို ယူဆတဲ့အတွက် နိုင်လွတ်လုံဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ ( ခ) နဲ့ ( စ) အပေါ် ဥပဒေဖွင့်ဆိုချက်အရ သူက မျက်ကွယ်ပြုနေတယ် ။ ကျနော်က ပုဒ်မ ၁၀ အရ အရေးယူပေးဖို့ စစ်တွေ မြို့မရဲစခန်းမှာ အမှု အမှတ် ပ – ၁၅၁၉ /၂၀၁၉ နဲ့ အမှုဖွင့်တိုင်ကြားထားတယ် “ ဟု အမှုဖွင့်တိုင်ကြားသူ ဦးအောင်သန်းဝေက ပြောသည်။

ရခိုင်ဦးဆောင်ပါတီ ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် ၊ လဝက ဦးစီးမှူး က နောက်ယောင်ခံ စုံစမ်းခြင်း ၊ ဆင့်ခေါ် ခြိမ်းခြောက်ခြင်း ၊ ဂုဏ်သိက္ခာထိခိုက်စေသော အကြောင်းကြားစာဖြင့် ဆင့်ခေါ်ခြင်းတို့ကြောင့် နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ ကျနော်တို့က ဘယ်သူကိုမှ နစ်နာအောင် မလုပ်ဘူး။ ဒါပေမဲ့ ဥပဒေအထက်မှ ဘယ်သူမှာ မရှိဘူး။ ကျနော်က အချိန်ကာလ အများကြီးစောင့်ကြည်နေတာ.။ သူက စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားတယ်။ ကျနော်က ၁၅ ရက်လောက် စောင့်ကြည်ခဲ့တာ။ မှားတဲ့သူက မှားကြောင်း ဝန်ခံဖို့ လိုအပ်တယ်။ မှားကြောင်း ဝန်ခံရင်လည်း နှုတ်အားဖြင့် ဝန်ခံရင် အဆင်မပြေဘူး။ တရားဝင် ရုံးစာနဲ့ ထုတ်ထားတာကြောင့် ဒီရုံးစာ မှားယွင်းကြောင်း ဒုတိယစာ ထုတ်ပြန်ရမယ်။ ဒါမှသာလျှင် ကျနော်တို့ဘက်က နားလည်ပေးလို့ရမယ်။ ကျနော် ၁၅ ရက် စောင့်ခဲ့တယ်။ သူတို့ဆီက ဘာမှ အကြောင်းပြန်တာ မရှိဘူူး။ အဲ့တော့ ကျနော်က တရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်ပေးဖို့ မြို့မရဲစခန်းမှာ တိုင်ကြားခဲ့တယ်” ဟု ဦးအောင်သန်းဝေက ပြောသည်။

စစ်တွေမြို့နယ် ၊ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြန်သူ့အင်အား ဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးထံ ရန်ကုန်ခေတ်သစ်က ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ တွင် မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကို သော်လည်းကောင်း ၊ ပုဒ်မ ၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ၊ ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်း မှ အများဆုံး ၁၅ သိန်း အထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၈ (စ)တွင် နိုင်ငံသားတစ်ဦး ၏ ပုဂ္ဂိုလ်ဆိုင်ရာ ၊ မိသားစု ရေးရာကိစ္စများတွင် အဓမ္မ ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာ နှင့် ထင်ပေါ် ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းအားဖြင့် ဆောင်ရွက်ခြင်း မပြုရ ဟု ပြဋ္ဌာန်းထားသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com