All News Election interview

“စစ်တပ် မဲစာရင်းက ဘယ်သူမှ ကြည့်လို့မရ ။ စစ်တပ်မဲစာရင်းပွင့်လင်းမြင်သာမှု ရှိဖို့ ရွေးကောက်ပွဲကော်မရှင် လုပ်ပေးဖို့ လိုတယ်။အဲဒါမှသာတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်”

“စစ်တပ် မဲစာရင်းက ဘယ်သူမှ ကြည့်လို့မရ ။ စစ်တပ်မဲစာရင်းပွင့်လင်းမြင်သာမှု ရှိဖို့ ရွေးကောက်ပွဲကော်မရှင် လုပ်ပေးဖို့ လိုတယ်။အဲဒါမှသာတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်”

By ရန်ကုန်ခေတ်သစ်

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ် နှင့် ဆက်သွယ်မေးမြန်းချက်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြင်ဆင်ထားသည့် အခြေအနေများနှင့်ပတ်သက်ပြီး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန်ကတည်းက အခုထိ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီဖွဲ့တာက အချိန်စောလွန်းတယ်။ ပါတီစည်းလုံးရေးလည်း မလုပ်နိုင်ဘူး ။ နည်းနည်း နီးစပ်တဲ့ မြို့နယ်တစ်ခုကို လှုပ်ရှားတယ်။ ဒါတွေကလည်း ကျနော်တို့ရဲ့ အားနည်းချက် တစ်ခု ၊ လူထုကလည်း ကျနော်တို့ပါတီကို မရင်နှီးသေးတာ တစ်ပိုင်း ၊ ဒီလို အခက်အခဲတွေ ရှိတယ်။

တကယ်တမ်း ရွေးကောက်ပွဲဝင်တော့ NLD ပါတီကိုပဲ အားကိုးချင်တဲ့ စိတ် များတော့ အဲ့တာက အားသာချက် ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့အတွက်ကျတော့ အားနည်းချက် ဖြစ်တယ်။ တခြားလက်နက်ကိုင် EAO တွေကလည်း NLD ပါတီကိုပဲ ထောက်ခံမဲ ပေးဖို့ ပြောခဲ့တယ်။ ကျနော်တို့ အားသာတဲ့နေရာမှာတောင် NLD ကိုပဲ မဖြစ်မနေ မဲပေးရတဲ့ အခြေအနေမျိုး ရောက်သွားတယ်။

မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။ ။၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ အတွက် အတွေ့အကြုံရသွားတယ်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်။ အခုတော့ အခုတော့ အချိန်အများကြီး ရတယ်။ အဓိကကတော့ ကယားပြည်နယ်၊ ၇ မြို့နယ်စလုံးမှာ ကျနော်တို့ အကုန်လုံး ဖြန့်ပြီးမှ စည်းရုံးရေးလုပ်ထားတာ ရှိတယ်။ နောက် ပါတီရဲ့ မူဝါဒ သဘောထား ကို လူထုကို ပြသနိုင်တယ်။ ကျနော်တို့ ပါတီ မူဝါဒ ဦးတည်ချက်က ချပြတော့ လူထုကလည်း တော်တော်များများ လက်ခံလာတဲ့ အပိုင်း တွေ့ရတယ်။

ကျနော်တို့ ပါတီ စည်းရုံးရေးကို မြို့နယ် ၇ မြို့နယ် သွားနိုင်ခဲ့တယ်။ လူငယ်တွေကိုလည်း ရှေ့ပြေးအနေနဲ့ မြို့ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခိုင်းတယ်။ ကျနော်တို့ မြို့နယ် ၇ မြို့နယ်မှ မြို့နယ်အဆင့် ပါတီဆိုင်းဘုတ်တွေ ထောင်ထားတယ်။ အခုဒီရက်အတွင်းမှာ ကျေးရွာအုပ်စု တစ်စုမှာ အနည်းဆုံး ဆိုင်းဘုတ် တစ်ခု လိုက်ထောင်ဖို့ စီစဉ်နေတယ်။ ဒီလကုန် တစ်ပြည်နယ်လုံး ဆိုင်းဘုတ်တွေ လိုက်ထောင်ဖို့ စီစဉ်နေတယ်။

မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ လာမည့် ရွေးကောက်ပွဲမှာ အထူးသဖြင့် ပြည်မက ပါတီ တွေ ရှိနေတယ်။ သို့သော် ဒါတွေကို မစိုးရိမ်ဘူး။ အခုလောလောဆယ် ကျနော်တို့ဒေသမှာ ဒေသခံ ပါတီကိုပဲ အားပေးဖို့ ကျနော်တို့ကို ပြောလာကြတယ်။ CSO အဖွဲ့တွေရဲ့ ပညာပေးအစီအစဉ်တွေမှာ ကျနော်တို့ ပါတီကို ဝန်းရံဖို့ ဆွေးနွေးထားတာ ရှိတယ်။ NLD ကတော့ ၂၀၁၅ တုန်းက အခြေအနေ တမျိုး၊ အခု ၂၀၂၀ မှာတော့ သူက အခက်အခဲနဲ့ ရုန်းကန်ရမှာပါ။

မေး ။ ။ လာမယ့် ရွေးကောက်ပွဲမှာ ပါတီကိုယ်စားလှယ် မည်မျှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးထားလဲ။

ဖြေ။ ။ ကျနော်တို့ ပါတီကတော့ ကယားပြည်နယ်မှာပဲ အဓိက ဝင်မယ်။ ကယားပြည်နယ်မှာ ပြည်ထောင်စု ၊ ပြည်သူ့ ၊ အမျိုးသားလွှတ်တော်မှာ ၃၄ နေရာ ရှိတယ်။ အခု ကျနော်တို့ မဟာမိတ် ပါတီ တစ်ခုတော့ ရှိတယ်။ ကယန်းအမျိုးသားပါတီ ဆိုတာ ရှိတယ်။ အဲ့ပါတီနဲ့ ကျနော်တို့ မဟာမိတ် လုပ်ထားတယ်။ ကယားအမျိုးသား များတဲ့ မဲဆန္ဒနယ်တွေမှ ကျနော်တို့ ကိုယ်စားလှယ် ခွဲပေးလိုက်တယ်။

ဥပမာ- ကျနော်တို့က ကယန်းအမျိုးသားကို ၄ နေရာ ခွဲပေးလိုက်တယ်။ ကျန်တဲ့ မဲဆန္ဒနယ် ၃၀ မှာကျနော်တို့ ကိုယ်စားလှယ်တွေ အကုန်လုံး ဝင်ရောက်မယ်။ အဲဒီလိုမျိုး စီစဉ်ထားတယ်။ ကိုယ်စားလှယ်အနေနဲ့ အခုဆိုရင် ဥပမာ – လူ ၃၀ လိုမယ်ဆိုရင် အခုထိတော့ အယောက် ၂၀ ကို လျာထားပြီးသားဖြစ်တယ်။ ကျန်တဲ့ မြို့နယ် ၁ ခု ၊ ၂ ခုကတော့ ကျနော်တို့ သက်ဆိုင်ရာ ဒေသခံတွေနဲ့ EAO ၊ CSO တွေနဲ့ ညှိနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။

လောလောဆယ်တော့ စည်းရုံးရေးကောင်းအောင် ဆက်လုပ်ဖို့ လိုတယ်။ တချို့ ဒေသဆိုရင် ကျနော်တို့ မရောက်သေးတဲ့ ဒေသတွေ အများကြီး ရှိတယ် ။ အခုမိုးတွင်းဆိုရင် သွားလာလို့မရ ၊ ရွေးကောက်ပွဲ အောင်ဖို့ ဆိုရင် ပွင့်လင်းရာသီရောက်ရင် ကျန်တဲ့ဝေးလံသောဒေသတွေ သွားဖို့ ပြင်ဆင်ထားပါတယ်။

မေး ။ ။ ပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုဝင်မလဲ။ တစ်ပြည်လုံးဝင်မလား ၊ ကယားပြည်နယ်ကနေ ဝင်မလား။

ဖြေ။ ။ ကယားပြည်နယ် ကိုယ်စားပြုပဲ ဝင်ရောက်ယှဉ်ပြိုင်မယ်။ တစ်ပြည်လုံးအနေနဲ့ မဝင်ပါဘူး ။ ပါတီကနေ ကိုယ်စားလှယ်လောင်း ၃၄ ယောက်က မြို့နယ် ၇ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်။ လက်ရှိတော့ အကြမ်းဖျဉ်း လူ ၂၀ တော့ လျာထားတယ်။ ကျန် တဲ့အပိုင်းကတော့ သက်ဆိုင်ရာ CSO ၊ လူထု တွေနဲ့ EAO တွေ ညှိနှိုင်းဆဲဘဲ ရှိသေးပါတယ်။

ပြည်သူ့လွှတ်တော် ၇ ဦးဆိုရင်လည်း အကုန်လုံးယှဉ်ပြိုင်မှာ ဖြစ်တယ်။ အမျိုးသားလွှတ်တော်က ၇ ဦး အားလုံးယှဉ်ပြိုင်သွားမယ်။

မေး။ ။ ပါတီက ဘယ်လောက် နိုင်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။ ။ ကျနော်တို့က အမျိုးအစား ၃ မျိုးတော့ ခွဲကြည့်တယ်။ ပါတီ နိုင်ခြေများတဲ့ မြို့နယ်ဆိုရင် ၃ မြို့နယ်လောက် ရှိမယ်။ ဒါကတော့ ပထမတစ်ဆင့် ၊ ဒုတိယအဆင့်ကတော့ ၅၀ / ၅၀ ပုံစံမျိုး နဲ့ မြို့နယ် ၂ မြို့နယ်လောက်ရှိမယ်။ နိုင်ချေနည်းတဲ့ ဥပမာ – တချို့မြို့နယ်တွေက မဲဆန္ဒနယ် တွေက စစ်တပ်တွေများတယ်လေ။ စစ်တပ်က များတယ်။ လူထုက နည်းတယ်။ စစ်တပ်ရင်းက ပိုများနေတယ်။ အဲ့လို မျိူးက ကျနော်တို့အတွက် နိုင်ခြေနည်းတယ်။ အဲ့လိုမျိုး တစ်မြို့နယ်လောက် ရှိနိုင်မယ်။ ကျနော်တို့ အဲ့လိုအမျိုးအစား ၃ မျိုးခွဲပြီး မှန်းဆတွက်ဆထားတယ်။

မေး။ ။ အခုလာမယ့် ရွေးကောက်ပွဲက ယှဉ်ပြိုင်မှုအနေအထား ဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။ ရွေးကောက်ပွဲက ပြည်နယ်အေးအေးချမ်းချမ်းဖြစ်ရင် တက်တက်ကြွကြွ ရှိလာမှာပေါ့ ။ အတိုက်အခိုက်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကြိုးစားပန်းစား ပါတီတိုင်းကတော့ လုပ်ကြရမှာပဲ။ အဲ့တာ တစ်ခုပဲ။

မေး။ ။ရွေးကောက်ပွဲမှာ နေရာရရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အထိ မျှော်မှန်းထားလား။

ဖြေ။ ။ ကျနော်တို့ ပါတီမှာဆိုရင် ၁၄ ယောက်ရှိတယ်။ အနည်းဆုံး ၁၁ ယောက် ရအောင် ကြိုးစား မယ်။ အဲဒီလိုမျိုးတော့ ရည်မှန်းထားတယ်။ ဥပမာ- အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်မှာ ညွန့်ပေါင်းအစိုးရထက် မဟာမိတ်တွေ ရှိဖို့ အရေးကြီးပါတယ်။ အခု ကျနော်တို့ နိုင်ငံမှာ မဟာမိတ်လုပ်ကြတာ ရှိတယ်။ ပြည်နယ်အလိုက် ၅ ပြည်နယ် ၊ ကျနော်တို့လှုပ်ရှားတာ ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ရပြီးဆိုရင် ညွန့်ပေါင်းအစိုးရက တစ်ဆင့်ပေါ့။ ကျနော်တို့ စဉ်းစားရမှာပေါ့ ။ ညွန့်ပေါင်းအစိုးရမှာ ဘယ်ပါတီက အများစု ရမလဲ ၊ လောလောဆယ်တော့ ညွန့်ပေါင်းအစိုးရတော့ ကျနော်တို့က ယတိပြတ်ဆုံးဖြတ်ထားတာ မရှိဘူး။ ညွန့်ပေါင်းဖွဲ့မှာ အစိုးရဖြစ်တာ ကျနော်တို့ နားလည်တယ်။ ဒါပေမဲ့ မဖြစ်မနေတော့ ကျနော်တို့ ကြိုးစားမှာပဲ။

မေး။ ။ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်အတွင်းမှာ နေရာရရင် ဘယ်လိုအရေးတွေ အဓိက ဆောင်ရွက်သွားမလဲ။

ဖြေ။ ။ ကျနော်တို့ ပါတီရည်မှန်းချက်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ဖို့ ဖြစ်တယ်။ ကိုယ်ပြည်နယ်အရေးပဲ အဓိက ဆောင်ရွက်ဖို့ပဲ ရှိတယ်။ ကျနော်တို့ ပြည်နယ်မှာ မဖွံဖြိုးသေးတော့ ဒေသဖြစ်တော့ အဓိကပဲ လုပ်ဆောင်သွားမယ်။ ပြည်ထောင်စုကတော့ ကျနော်တို့မဟာမိတ်ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစားရမှာပဲ။

ကျနော်တို့ပါတီက ကျနော်တို့ ပြည်နယ်မှာပဲ အဓိက ယှဉ်ပြိုင်မှာဖြစ်တယ်။ ကိုယ်ပြည်နယ်အရေးကို ပဲ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ရောက်ရင် သမာသမတ်ဖြစ်ဖို့ လိုချင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ လိုမျိုး ဟိုဖိအား ၊ ဒီဖိအား မရှိရအောင် ၊ ကော်မရှင်က ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးဖို့ လိုတယ်။ နောက်တစ်ခုက ဥပမာ- စစ်တပ်က မဲစာရင်းက ဘယ်သူမှ ကြည့်လို့မရ ။ စစ်တပ်မဲစာရင်းပွင့်လင်းမြင်သာမှု ရှိဖို့ ရွေးကောက်ပွဲကော်မရှင် လုပ်ပေးဖို့ လိုတယ်။ အဲဒါမှသာတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယူဆတယ်။

Photo Credit – BNI and Kandaya waddy Time

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com