Local News political news

စစ်တပ်ပိုင် Mytel ကုမ္ပဏီက ရွှေတိဂုံစေတီတော်ကုန်းမြေတွင် တာဝါတိုင် နှစ်ခု စိုက်ထူထားသော်လည်း ငှားရမ်းခ မပေး၊ MPT တာဝါတိုင်ကိုမူ ဖြုတ်ခိုင်းခဲ့

စစ်တပ်ပိုင် Mytel ကုမ္ပဏီက ရွှေတိဂုံစေတီတော်ကုန်းမြေတွင် တာဝါတိုင် နှစ်ခု စိုက်ထူထားသော်လည်း ငှားရမ်းခ မပေး၊ MPT တာဝါတိုင်ကိုမူ ဖြုတ်ခိုင်းခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရွှေတိဂုံစေတီတော်ကုန်းမြေ တွင် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ တာဝါတိုင် နှစ်ခုကို စိုက်ထူထားပြီး ငှားရမ်းမပေးဘဲ မီတာခသာ ပေးအပ်ကြောင်း ရွှေတိဂုံစေတီတော ဂေါပကအဖွဲ့တွင် ရုံးအဖွဲ့မှူး (ခေတ္တဆိုင်းငံ့) ဦးထွန်းအောင်ငွေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်ပိုင် Mytel ကုမ္ပဏီ အပါအဝင် MPT ၊ Oreedo ၊ Telenor မည်သည့် ဆက်သွယ်ရေးကုမ္ပဏီ၏ ဆက်သွယ်ရေးတာဝါတိုင်ကိုမှ ဘုရားရင်ပြင်တော်တွင် စိုက်ထူရန် သြဝါဒဆရာတော်ကြီးများနှင့် သာသနာရေးဘက်က ခွင့်မပြုကြောင်း၊ သို့ရာတွင် Mytel ကုမ္ပဏီ၏ ဆက်သွယ်ရေး တာဝါတိုင် ၂ ခုကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ကတည်းက ဂေါပကအဖွဲ့က တပ်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“၁ နှစ်ကျော်ရှိသွားပြီ။ ၉ လပိုင်းပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက။ မသိဘူး။ ဂေါပကအဖွဲ့က တပ်ခိုင်းတာပဲ။ ဘယ်သူ့ခွင့်ပြုချက်လဲမသိဘူး။ သြဝါဒ ဆရာတော်ကြီးတွေကလည်း ခွင့်မပြုဘူး။ သာသနာရေးကလည်း ခွင့်မပြုဘူး။ ဘယ်စက်ကိုမှ တပ်ခွင့်မပြုဘူး။ ရွှေတိဂုံကုန်းမြေမှာပဲ။ ထောင်ထားတာက ရေစင်ကြီးတွေမှာ။ နှစ်ခုပေါ့။ ရေစင် နှစ်ခု ။ နှစ်နေရာပေါ့” ဟု ဦးထွန်းအောင်ငွေက ဆိုသည်။

ရွှေတိဂုံစေတီရင်ပြင်တွင် MPT က ဆက်သွယ်ရေးတာဝါတိုင် တပ်ခဲ့ဖူးသော်လည်း ပြန်ဖြုတ်ခိုင်းခဲ့ကြောင်း သိရှိရသည်။

“MPT ခေတ္တ တပ်ဖူးတယ်။ ပြန်ဖြုတ်တယ်။ သံဃာ ၁၈၀၀၀ တုန်းက တပ်ဖူးတယ်။ ပြန်ဖြုတ်ခိုင်းတယ်” ဟု ဦးထွန်းအောင်ငွေက ရှင်းပြသည်။

MPT က ဆက်သွယ်ရေးတာဝါတိုင်များ တပ်စဉ်က မြေနေရာ ငှားရမ်းခအဖြစ် တစ်လလျှင် ၃ သိန်းပေးအပ်ပြီး Mytel က တာဝါတိုင် ၂ တိုင် စိုက်ထူထားမှုအတွက် ၁ နှစ်ကျော်ကြာသည်အထိ ငှားရမ်းခ ပေးဆောင်ခြင်း မရှိဟု ၎င်းက ဆိုသည်။

” MPT တပ်တုန်းက နေရာ ငှားရမ်းခ ၃ သိန်းလောက် တစ်လကို ပေးရမယ်။ Mytel က မပေးဘူးပေါ့။ မီတာခပဲ ပေးတယ်။ငှားရမ်းခ မပေးဘူး။ ထုံးစံက ပေးရမှာ။ပေးတဲ့ထုံးစံတွေ ရှိတယ်။ အခုက မပေးဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက Mytel ၏ တုံ့ပြန်မှု ရရှိရန် ကြိုးပမ်းဆက်သွယ်သော်လည်း Mytel နှင့် အဆက်အသွယ် မရရှိခဲ့ပေ။

Photo Credit – MAH Website

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts