All News Local News

ငပုတောတွင် ထောင်ဒဏ်ချခံရသည့် မွတ်စလင် ၃၀ ဦး တရားရုံးတွင် အမှုစီရင်စဉ် ရှေ့နေ မရရှိဘဲ ပြစ်ဒဏ်ချခံခဲ့ရ၊ အပေါ်အမိန့်အဖြင့် ကြာကြာထားလျှင် ခက်မည်စိုးရိမ်ခဲ့ရဟုဆို

ငပုတောတွင် ထောင်ဒဏ်ချခံရသည့် မွတ်စလင် ၃၀ ဦး တရားရုံးတွင် အမှုစီရင်စဉ် ရှေ့နေ မရရှိဘဲ ပြစ်ဒဏ်ချခံခဲ့ရ၊ အပေါ်အမိန့်အဖြင့် ကြာကြာထားလျှင် ခက်မည်စိုးရိမ်ခဲ့ရဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းတွင် လဝက ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရသော ဘင်္ဂါလီ ၃၀ ဦးမှာ တရားရုံးတွင် အမှုရင်ဆိုင်စဉ် ရှေ့နေ မရရှိဘဲ ထောင်ဒဏ်ပြစ်ဒဏ်များချမှတ်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၅ ရက်အကြာ အောက်တိုဘာလ ၂ ရက်နေ့တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အမှုနှင့်ပတ်သက်၍ အပေါ် အမိန့်ညွှန်ကြားမှု ရှိခဲ့ပြီး လူများပြား သည့်အတွက် ကြာကြာထားလျှင် ခက်နိုင်၍ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ၃၀ သည် တရားရုံးတွင် အမှုရင်ဆိုင်စဉ် ၎င်းတို့ဘက်မှ ခုခံကာကွယ်မည့် ရှေ့နေ မပါရှိခဲ့ကြောင်း၊ ရှေ့နေ ငှားရမ်းခွင့်ရှိသော်လည်း ဖမ်းဆီးခံရသူများက ငှားရမ်းမှု မရှိကြောင်း ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“(ရှေ့နေ) မပါဘူးဗျ။ ရှေ့နေက သူတို့ဟိုဟာဖြစ်ရင်တော့ ငှားလို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က အပေါ်က အမိန့်နဲ့ ဒီလူကို ကြာကြာထားရတဲ့အခါ နည်းနည်းလေးခက်တာပေါ့။ လူကလည်းများတော့လေ” ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးက ပြောဆိုသည်။

မွတ်စလင် ၃၀ ဦးအနက်မှ အသက် ၁၈ နှစ်အထက် ၂၁ ဦးကို ပုသိမ်ထောင်သို့ ပို့ဆောင်ထားပြီဖြစ်ပြီး အသက်မပြည့်သူ ၈ ဦးကို ငှက်အော်စမ်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း၊ ကလေးအမေ တစ်ဦးကျန်ရှိနေပြီး လက်ရှိတွင် လူမှုဝန်ထမ်းနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးမှုးက ရှင်းပြသည်။

” အသက်မပြည့်သူတွေက ငှက်အော်စမ်းကို ပို့လိုက်ပြီ။ အသက် ၁၈ နှစ်အထက် က ပုသိမ်ထောင်ရောက်သွားပြီ။ ကလေးအမေ တစ်ယောက်ကျန်တယ်။ ကလေးက ၆ နှစ်ဆိုတော့ လူမှု ဝန်ထမ်းနဲ့ ညှိတုန်းပဲ။ သူ့အမေ ထောင်ထဲဝင်တဲ့အခါမှာ ကလေးက အပြင်မှာ ကျန်ခဲ့မှာ။ ဒီအတိုင်း ထားလို့မရဘူး။ လူမှုဝန်ထမ်းက တာဝန်ယူရမယ်။ ကလေးက လူမှုဝန်ထမ်းမှာ ထားခဲ့ပြီးတော့ကလေးက ထောင်ထဲဝင်ရမယ်” ဟု လဝက ဦးစီးမှူးက ဆက်လက်ပြောဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က အမှုတိုင်းတွင် သံသယ တရားခံများဘက်မှ ရှေ့နေ ငှားရမ်းခွင့်ရှိပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ထိုက်သော အမှုများတွင် စွပ်စွဲခံရသူ တရားခံဘက်မှ အစိုးရ ရှေ့နေ မဖြစ်မနေ စီစဉ်ပေးကြောင်း ပြောဆိုသည်။

စက်တင်ဘာ ၂၇ ရက်တွင် ငပုတောမြို့နယ်တွင် စစ်တွေမြို့နယ် သက္ကယ်ပြင် ဒုက္ခသည်စခန်းမှ ရန်ကုန်မြို့သို့ သွားရောက်ရန် လာသည့် မွတ်စလင် ၃၀ တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးချက်များအရ စစ်တွေမြို့မှ ရန်ကုန်သို့သွားရန်အတွက် တစ်ဦးလျှင် ပို့ဆောင်ခ ကျပ် ၂၇သိန်း ကနဦး ပေးရငွေ ကျပ်ငါးသိန်းပေးဆောင်ကာ လာရောက် ခေါ်ဆောင်သည့် စက်လှေဖြင့် ထွက်ခွာလာပြီးနောက် မော်တော်ယာဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ကြောင်း၊ ငပုတောမြို့နယ် တရားရုံးတွင် လဝက ဥပဒေ ၆ (၃) အရတရားစွဲဆိုခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်ကမူ လူကုန်ကူးသူများကို ဖမ်းဆီးရမိစေရန် သက်ဆိုင်ရာ အာဏာပိုင်များက ဆက်လက်ဆောင်ရွက်ရန် တွန်းအားပေးထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com