All News Local News

ကျောင်းဆရာမများကို ရွာသားများ ရည်းစကားပြောရန်နှင့် အိမ်ထောင်ကျမှ ရွာတွင်မြဲမည်ဟု ပဲခူးဝန်ကြီးချုပ်ပြောဆိုမှု ရာထူးမှ ဖယ်ရှားသည်အထိ မဖြစ်နိုင်ဘဲ သတိပေးအဆင့်သာ ဖြစ်နိုင်ဟုဆို

ကျောင်းဆရာမများကို ရွာသားများ ရည်းစကားပြော၊ အိမ်ထောင်ကျမှ ရွာတွင်မြဲမည်ဟု ပဲခူးဝန်ကြီးချုပ်ပြောဆိုမှု ရာထူးမှ ဖယ်ရှားသည်အထိ မဖြစ်နိုင်ဘဲ သတိပေးအဆင့်သာ ဖြစ်နိုင်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက အခြေခံပညာကျောင်းဆရာများအတွက် ဝန်ထမ်းအိမ်ရာ မရှိမှုက ပိုမိုကောင်းမွန်ပြီး ရွာသားများ ရည်းစကားပြော၍ အိမ်ထောင်ကျမှ ရွာတွင် မြဲမည်ဟု ပြောဆိုမှုသည် ရာထူးဖယ်ရှားအထိ မဖြစ်နိုင်ဘဲ သတိပေးရုံ အဆင့်ဖြင့်သာ ပြီးဆုံးနိုင်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာ ၅ ရက်နေ့ ၊ ပဲခူးတိုင်းဒေသကြီး၊ ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲတွင် ကျေးရွာ လူထက ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများ နေထိုင်ရေးနှင့်ပတ်သက်၍ တင်ပြရာတွင် ပဲခူးတိုင်းဝန်ကြီးချုပ်က အငြင်းပွားဖွယ်ရာ စကားများကို ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်က ” ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်၊ ဆရာ၊ ဆရာတွေ ရပ်ထဲ ရွာထဲ နေတော့ ဒီက ရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ပြန်ပြောင်းမသွားမှာ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြ၊ ဒါမှ ရွာမှာ မြဲမှာ” ဟု ပြောဆိုသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ပြောဆိုချက်သည် အရပ်စကားဖြစ်ပြီး ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် မသင့်တော်ကြောင်း၊ ရန်ကုန်တွင်လည်း မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် အရပ်စကားများကို ပြောဆိုလေ့ရှိကြောင်း၊ ဝသီဖြစ်သော်လည်း ပါတီပုံရိပ်အပေါ် မကောင်းမွန်ကြောင်း မုံရွာအောင်ရှင်က ဆိုသည်။

“ကျနော်မြင်တာတော့လေ။ တစ်ဦးချင်းအမြင်ပါ။ ဝန်ကြီးချုပ်တချို့ဝန်ကြီးတချို့က တစ်ခါတစ်ရံကျတော့ အရပ်ထဲပြောသလို ပါးစပ်က ပြောတတ်ကြတယ်ဗျ။ ကျနော်လည်း အဲဒီလိုပဲမြင်ပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် မြို့တော်ဝန် ဦးမောင်မောင်စိုးဆိုရင်လည်း ဒီလိုပဲ ပြောတတ်တယ်။ ဝန်ကြီးချုပ်လည်း ဒီလိုပဲ။ သူပြောတာတွေ မကြာခဏ တွေ့ရတယ်။ ပုဇွန်တွေကို အခြောက်လှမ်းလိုက်ပါ။ နောက်တစ်ခါ မီးဖိုတွေကိစ္စတုန်းကလည်း ပြောတယ်။ အဲဒါမျိုးတွေပေါ့။ သူရဲ့ ဝါသနာလို့ပဲ ထင်တယ်။ သို့သော်လည်းပဲ သူတို့ ဆင်ခြင်ရမှာပေါ့။ ခဏခဏ ဖြစ်နေရင်တော့ မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

NLD ပါတီဘက်က ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းကို သတိပေးမှု ရှိနိုင်သော်လည်း ရာထူးမှ ဖယ်ရှားသည်အထိ မဖြစ်နိုင်ဟု ၎င်းက သုံးသပ်သည်။

“ဝန်ကြီးချုပ်နေရာက ဖယ်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။ သတိပေးတာလောက်တော့ ရှိချင် ရှိနိုင်တယ်။ ပါတီဘက်ကတော့ တစ်ခုခုတော့ သူ့အပေါ်မှာ ဒီဟာနဲ့ သတိပေးဖို့ ရှိနိုင်မလားတော့မသိဘူး။ ရှိမယ်လို့တော့ ကျနော် ကျနော်ထင်ပါတယ်။ သိပ်များလာရင်လေ။ ရှိမယ်လို့တော့ ကျနော် မပြောဘူးနော်။ ဒါမျိုးတွေက။ ပြောတဲ့ အကြောင်းအရာနဲ့ ပြောတဲ့ ကာလဒေသတွေက အရပ်ထဲ ပြောတာမှမဟုတ်တာ။ သူကိုယ်တိုင်ကလည်း ဝန်ကြီးချုပ်လေ။ ဝန်ကြီးချုပ်တစ်ယောက်က ထိန်းသိမ်းပြောမှပေါ့။ ထိန်းပြီးတော့ ပြောရမှာပေါ့။ သာမန်ပြောသလိုတော့ မပြောနဲ့ ။ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူကြရမှာကိုး။ ဝသီကလည်း ဒီလို ရှိပုံရတယ်” ဟု မုံရွာအောင်ရှင်က ဆိုသည်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ပြောဆိုချက်အပေါ် ကန့်ကွက်ရှုတ်ချလိုက်ပြီး ထိရောက်စွာ အရေးယူပေးရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်တောင်းဆိုထားသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com