interview political news

ကျောက်မီးသွေး အဆိပ်သင့်ဒေသမှ ရေကို သောက်သုံးပြသည့် ကရင်ဝန်ကြီးချုပ် လူထုအတုယူ မှားစေသော မိုက်ရူးရဲဆန်မှု လုပ်ဆောင်ဟုဆို

ကျောက်မီးသွေး အဆိပ်သင့်ဒေသမှ ရေကို သောက်သုံးပြသည့် ကရင်ဝန်ကြီးချုပ် လူထုအတုယူ မှားစေသော မိုက်ရူးရဲဆန်မှု လုပ်ဆောင်ဟုဆို

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံး၊ ငနက်ပြာ ကျေးရွာအုပ်စု များရှိ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန် အချို့တွင် ရေများအမဲရောင်သို့ ပြောင်းလဲပြီး ငါးများသေဆုံးမှုများ ဖြစ်ပေါ်နေသည့် ကျေးရွာများသို့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ဒေသခံများကို ယင်းဒေသမှ ရေကို သောက်သုံးပြခဲ့သည်။

ထိုကဲ့သို့ သောက်သုံးပြသမှုသည် လူထုကို အတုယူမှားစေသည့် မိုက်ရူးရဲဆန်သော လုပ်ရပ်အဖြစ် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။ ရန်ကုန်ခေတ်သစ်က သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်း ရေး တက်ကြွလှုပ်ရှားသူ MATA အဖွဲ့မှ ဦးအောင်ကျော်မိုးနှင့် မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်တို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးအောင်ကျော်မိုး
MATA

မေး။ ။ ကရင်ပြည်နယ်ဝန်ကြီးချုပ်သောက်ပြတဲ့ရေတွေက သောက်သုံးဖို့သင့်၊ မသင့် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော့်အမြင်ပြောရရင်တော့ အဓိကက ကျောက်မီးသွေးထားတဲ့ဆီကနေ စိမ့်ကျတဲ့ရေလို့ ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျသွားတာမဟုတ်တော့ မသိရဘူးပေါ့။ အဝေးကနေပဲ တခြား Facebook သုံးတဲ့ သူတွေကနေပြီးတော့ သတင်းအချက်အလက်ကို လိုက်စောင့်ကြည့်တော့ ဒီကောင်ကကျောက်မီးသွေးက ကျတဲ့ရေဆိုတော့ သတ္ထုပါဝင်မှုတွေမြင့်တက်နေမှာပေါ့။ မြင့်တက်နေမယ်ဆိုတော့ ဒါတွေက လူတွေသောက်သုံးဖို့မပြောနဲ့ဗျ၊ သုံးစွဲဖို့တောင်မှ အသုံးပြုဖို့တောင်မှ ဒါကသုတေသန သေချလုပ်မှရမှာဗျ။

အဓိကက ဒါက အစိုးရအနေနဲ့ ဓာတ်ခွဲစမ်းသပ်ပြီးတော့မှ လုပ်ရမယ့် ကိစ္စတွေဗျ။ ဝန်ကြီးချုပ်က သောက်ပြတယ်ဆိုတာကတော့ ဒါကတော့ ဒါကတော့ သူ့ရဲ့နိုင်ငံရေးအရဲစွန့်မှုလို့ပဲပြောရမှာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါက တော်တော်ကို ဉာဏ်မရှိတဲ့ မိုက်ရူးရဲဆန်မှုပေါ့ဗျာ။

လူတွေကို ဒီလိုမျိုးနဲ့ ဖျားယောင်းလို့မရဘူးလေ ဒီခေတ်ကြီးတည်းမှာ လူတွေမှာလည်း ကျန်းမာရေး ဗဟုသုတတွေရှိနေပြီပဲ။ ဒါကြီးကို သူများသောက်ပြလို့ ကိုယ်သောက်ရမယ်ဆိုတာ ဟုတ်မှ မဟုတ်တာ။ ဟိုလူတွေက သူကသောက်ပြတယ်ဆိုတာက ဘယ်လိုမျိုးသောက်ပြတယ်ဆိုတာရှိသေးတယ်။ ဟိုလူတွေ ဒေသခံလူထုက တစ်သက်လုံးနေရမှာဗျ။ နေ့စဉ်နဲ့ အမျှသုံးရေကောသောက်ရေကော ဒါတွေကိုအသုံးပြုနေရမှာ။ ဒါတွေကို ကိုယ်ချင်းစာစိတ်မရှိဘဲနဲ့ ဒါမျိုးလုပ်ပြတယ်ဆိုတဲ့ကိစ္စဟာ တော်တာ်ကိုဆိုးဆိုးရွားရွား ကိစ္စပါပဲ ကျွန်တော့်အမြင်တော့….။

မေး။ ။ အဆိပ်သင့်ရေတွေကို သောက်ရင် ဘယ်လို ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာမလဲ။

ဖြေ။ ။ အဓိကကတော့ ကျောက်မီးသွေးမှာပါဝင်တဲ့ဟာကတော့ Sulphur ကတော့သေချာပေါက်ပါဝင်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်မီးသွေးမှာ Sulphur အမှုန့်က ကပ်နေတာကို အဲတော့ဒါတွေက ရေဆေးချလိုက်တဲ့ပုံစံမျိုးနဲ့ဖြစ်ပြီးတော့မှ ဒီရေတွေကကျောက်မီးသွေးပုံကိုရေဖြန်းထားတာကို ရေဖြန်းထားပြီးတော့မှ ဒီရေတွေက စိမ့်စမ်းရေတွေ ချောင်းတွေမြောင်းတွေစီးကျသွားတဲ့အယူအဆဖြစ်တာပေါ့။

အဲဒီတော့ Sulphur ပါဝင်မှုနှုန်းဆိုရင် ရေနဲ့ထိရင် အက်ဆစ်ဖြစ်လာမှာပဲလေ။ ဒီအက်ဆစ်ရေတွေသောက်မှတော့ဗျာ ဒီဟာက အန္တရာယ်လူကိုဖြစ်စေတာပေါ့။ ကင်ဆာထက် ဆိုးရွားတဲ့ ကင်ဆာဆိုတာက ဖြစ်တည်မှုတွေက စောင့်နေရအုန်းမှာ ချက်ချင်းကတော့ လူတွေကို အရေပြားယားတာတို့ ချက်ချင်း အဆိပ်အတောက်ဖြစ်စေတာ အခက်မသင့်ရင် မူးဝေ အော့အန် တာတွေဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။ ချက်ချင်း လက္ခဏာတွေအနေနဲ့ ဒီSulphur တွေများပြီဆိုရင် နောက်ဆုံးပြောရရင် Sulphur တွေပါဝင်တဲ့ရေတွေသောက်ပြီးဆိုရင် ယောကျာ်း၊ မိန်းမ ဆိုရင် ကလေးမရတာတွေဖြစ်နိုင်တယ်ပေါ့။

ဒေါ်ဒေဝီသန့်စင်
မြန်မာ့အစိမ်းရောင်ကွန်ရက်

မေး။ ။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ရေသောက်ပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရေတွေက တကယ်သောက်သုံးသင့်တာလား။

ဖြေ။ ။ အဲတာကို ကျွန်မလည်းကြည့်လိုက်ရပါတယ်။ သဘောကတော့ တစ်ခွက်လောက်သောက်တာကတော့ ဘာမှမဖြစ်ဘူးပေါ့။ ဒီတွင်းတွေကို အမြဲသုံးနေရတဲ့သူတွေကတော့ ဒါပဲသုံးနေရတာလေ ချက်တာကော ချိုးတာကော အကုန်လုံးပေါ့။ အဲတာကတော့ ရေရှည်ကျမှသိတာလေ ကျွန်မအမြင်ကတော့ ဓာတ်ခွဲမှာစမ်းဖို့လိုတယ်။ နောက်တော့ကျတော့ ဓာတ်ခွဲမှာရေယူတယ်ဆိုတာ ၄၈နာရီအတွင်းယူရတာရှိတယ်။ သူရဲ့ စနစ်တကျဗူးတွေနဲ့လေ အဲလိုစနစ်တကျရေခဲဗူးတွေနဲ့ ယူတာရှိတယ်။

နောက်ပြီးတော့ ပုလင်းတွေကိုပိုးသတ်ထားတဲ့ယူအဲတော့မှပဲရမှာ သေချာစစ်ရမှာသဘောကတော့ အကြမ်းစစ်လို့တော့မရဘူးလေ ဟိုနေ့ကတော့ ရေတွေဘာတွေလည်းကလေးတွေကိုချိုးပြနေတာပဲလေ ကျွန်မတို့ရဲ့ အတွေ့အကြုံအရတော့ အီဂျစ်မှာလည်း ဒီလိုပဲဖြစ်သွားတာ ကျွန်မတို့ မြန်မာအစိမ်းရောင်ကွန်ရက်သွားတဲ့အချိန်တုန်းကဆိုရင် သူတို့ခုနလိုမျိုးစီးနေတဲ့ချောင်းကရေကို ရေဗူးနဲ့ယူပြီးတော့ စားပွဲပေါ်တင်ထားတာပေါ့။

တင်ထားပြီးတော့ ဒေသခံတွေနဲ့ စကားပြောတဲ့အချိန်ကလေးမှာ ဆွေးနွေးနေတဲ့အချိန်အတွင်းမှာ လက်သန်းရဲ့ တစ်ဝက်လောက်က အမဲတွေ ချက်ခြင်းကျလာတယ်။ အနယ်တွေ အရင်တုန်းက ကျွန်မတို့ရောက်ဖူးတို့က ကြည်ကြည်သန့်သန့်လေးတွေ အခုတော့ မီးခိုးရောင်ဖြစ် နေတာ ကျွန်မတို့သွားတုန်းကပေါ့။ အဲတုန်းက စက်ရုံတော့ ဝင်ခွင့်မရခဲ့ပါဘူး။

ကျွန်မတို့က အဲဒီအတွေ့အကြုံတွေလည်းရှိနေတယ်။ နောက်ပြီးတော့ ကျွန်မတို့ အစိမ်းရောင်ကွန်ရက်ထဲမှာလည်း မိုင်းနင်း အင်ဂျင်နီယာတွေရှိနေတယ်ဆိုတော့ ပညာရှင်တွေအရသုံးသပ်တာကတော့ ပြာပေါ့။ ထွက်တဲ့ပြာတို့ ကာဗွန်ဒိုင်အောက်ဆိုက်တို့က စိုက်ပျိုးရေးလယ်ယာမြေအတွက်လည်း မကောင်းဘူး။ လေအတွက်လည်းမကောင်းဘူး။ အသက်ရှုလမ်းကြောင်းအတွက်မကောင်းဘူးလေ အဲတာကတော့ ပညာရေးရှုထောင့်ကတော့ ကျွန်မတို့ကတော့ အဲဒီလိုသုံးသပ်ပါတယ်။

သူတို့နေပြည်တော်ကိုတော့ရေတွေဘာတွေ ပို့ထားတယ်ပြောတယ်လေ အဲတာကလည်းကောင်းပါတယ်။ အခုဘာပဲပြောပြောပေါ့။ သူတို့ဒါကိုဂရုစိုက်လာတယ်ပေါ့လေ အရင်တုန်းကဆိုရင် ဘာပဲဖြစ်ဖြစ် ရေစမ်းသပ်ဖို့တို့ ပြည်သူလူထုနဲ့ ဆင်းတွေ့ဖို့တို့ဆိုတာတွေကတော့ မရှိဘူးပေါ့။ အခုဆိုရင် ဒါတွေကိုတွေ့လာတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ကျွန်မတို့မှာ အားနည်းတာက ဘာလဲဆိုတော့ plan ကိုလုပ်တယ် ကျွန်မတို့အစိုးရတွေက Do လည်းလုပ်တယ် ဒါပေမယ့် Check and action ပေါ့။

PDCA မှာ ကျွန်မတို့က အရှေ့ကနှစ်ခုကတော့ Plan လည်းသေချာလုပ်တယ်။ ဘာတွေလုပ်မယ် ညာတွေလုပ်မယ် လုပ်တယ်။ အဲတာကိုလည်းအကောင်အထည်ဖော်တယ်။ ဒါပေမယ့် Check and Action ကျရင် ကျွန်မတို့ အစိုးရသက်တမ်းအရပေါ့။ ကျွန်မမှီသလောက်ပေါ့ကြည့်တာကတော့အကုန်လုံးအားနည်းတယ်။ အဲတော့ ကျွန်မတို့က Check and Action မှာလည်းသေချာလုပ်ရမယ်လေ ဒီလိုခဏသွားတွေ့တာတို့ ပြုတာတို့ထက် Action ကိုသေချာစစ်ပေးရမယ် ခုနလို စည်းစနစ်ကျကျစစ်ပေးရမယ်။

သမန်ကာရှန်ကာ ရေဗူးထဲရေနစ်ပြီးတော့ ကတော့ မမှန်ဘူးလေ။ အဲတာသူဟာ ဓာတ်ခွဲခန်းက သူ့နည်းစနစ်တွေရှိသေးတယ်။ ဘတ်တီးရီးယားပါတဲ့ရေကို ဘယ်လိုယူရတယ်။ ဘယ်လိုမသောက်သုံးသင့်ဘူး။ အဲတာတွေကသူတို့ပညာရပ်တွေနဲ့သူတို့ တွေကို စမ်းပေးစေချင်တယ်။

မေး။ ။ ဒေသခံတွေက အမြဲတမ်းထိတွေ့ရမှာဖြစ်ပြီးတော့ ဒီလိုမျိုးသောက်သုံးပြတယ်ဆိုတာ နိုင်ငံရေးလှည့်ကွက်အရဖြစ်နေမလား။

ဖြေ။ ။ အဲတာကြောာင့် အခုကျွန်မပြောတာတွေ PDCA ဆိုတာ Plan ၊ Do ၊ Check and Action ကျမတို့က Plan တွေလုပ်ကျတယ်။ အဲဒါကို အကောင်အထည်ဖော်တယ်။ အဲဒီအဆင့်ထိကတော့ OKပဲ ဒါပေမယ့် Chat လုပ်တဲ့ ဥပမာ သဘောကတော့ အခုစီမံကိန်းတွေလုပ်တယ်။ Third Party ဆိုတာမရှိဘူးလေ Third Party ဆိုတာအစိုးရထဲက လူပါရင်ပါပါ။

ဒါပေမယ့်လို့ အပြင်က ပညာရှင်တွေ တခြားလူတွေကိုပါထည့်ရမှာလေ ကိုယ့်အစိုးရလူဆိုရင် ကိုယ့်အစိုးရအကြိုက်ပဲပြောမှာပဲလေ ကျွန်မပြောတာ ဘယ်သူ့ကိုမှ ဖက်မလိုက်ဘဲနဲ့ အမှန်အတိုင်းပြောနိုင်တဲ့သူမျိုးကိုမှ Third Party ထားရတာလေ အဲလိုကျမှ အဖြေမှန်ထွက်မှ ကျွန်မတို့က ခုနက Checking နဲ့ လုပ်လိုက်တော့မှ Third Party လိုတတိယအဖွဲ့တွေထားတော့မှ သစ္စာရှိရှိနဲ့ ပြောတဲ့အဖွဲ့ဆိုရင် သူတို့ကို Check and Action ယူရတော့မယ် ဘာလုပ်ပေးမှာလည်း ဒီကိစ္စတွေကို ဒါပေမယ့်လို့ ကျွန်မကတစ်ခုသဘောကျတာကတော့ သူကပြောတာကတော့ တကယ်လို့များရေစစ်ဆေးထားတယ်။

အဲဒီအဖြေထွက်လာရင် အခု Checkလုပ်ပြီလေထွက်လာရင် Actionနဲ့ သူပြောထားပြီးပြီ ဒီမြိုင်ကလေးစက်ရုံကိုပိတ်မယ်။ အရေးယူမယ်ပြောထားတယ်။ အဲတော့ ကျွန်မတို့ ကတော့ ဒါကိုတော့စောင့်ကြည့်ရအုန်းမှာ အပြီးသုံးသပ်ပေးလို့ မရသေးဘူးလေ Plan Do Check and Actionမှာ အလုပ် Check အထိကို တက်လာပြီလေ အဲတာကတော့နိုင်ငံရေးလှည့်ကွက်တို့ဘာတို့ ကျွန်မတို့ကတော့မသိဘူး။ ဒါပေမယ့်တော့ ပတ်ဝန်းကျင်ထန်းသိမ်းရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ကတော့ အားရပါတယ်။ ဒါပေမယ့် Check ကထွက်တဲ့အဖြေကို ပြည်သူသိအောင် ဒေသခံတွေသိအောင်ကြေငြာပေးရမယ် ပြီးရင် တကယ်ကတိကဝတ်ပေးထားတဲ့အတိုင်း ယုံကြည်မှု အားကောင်းလာအောင်ပြည်သူတွေဖက်က ဒေသခံတွေဖက်က ယုံကြည်မှုအားကောင်းလာအောင် အက်ရှင်လုပ်ရမယ်။ အရေးယူပေးရမယ် ပိတ်သိမ်းပေးရမယ်။ မဟုတ်ရင်လည်းမဟုတ်ဘူးဆိုတဲ့အကြောင်း ဒါပေမယ့် ကျွန်မကြည့်လိုက်တဲ့အချိန်မှာ ငါးတွေသေနေတာလည်းပြတယ်။ နောက်ရေတွေလည်း မီးခိုးရောင် အရောင်ပြောင်းနေတယ်ပေါ့။

မေး။ ။ ဒီရေတွေကိုသောက်သုံးမိမယ်ဆိုရင် ဘာရောဂါတွေဖြစ်နိုင်လဲ။

ဖြေ။ ။ အများကြီးပဲ သူကတော့ အထူးသဖြင့်တော့ အသက်ရှုလမ်းကြောင်း ကျောက်မီသွေး ဒုက္ခပေးတာကတော့ အဆုတ်ရောဂါတို့ အဲဒါတွေ ဘိလပ်မြေမှုန်တို့ကလေ ဟိုတလောကတောင် ကျွန်မတို့ ဂျာမနီ DW ကနေပြီးတော့ အဲဒီကကြည့်လိုက်တဲ့အခါမှာသူတို့ဒီ မိုင်းလုပ်သားတွေကို သူတို့တွေကို Check up လုပ်ပေးနေတာ သူတို့အဆုတ်တွေကမည်းနေပြီ။ ဒါပေမယ့်လည်းသူတို့မှာ ရွေးချယ်စရာ မရှိဘူး။ ဒါကိုလည်း မပိတ်သိမ်းဘဲ အလုပ်လုပ်နေတယ်ဆိုတော့ သူတို့မိသားစုတွေကို အသေခံပြီးတော့ လုပ်ကျွေးနေတယ်။ အဲလိုမျိုး Story ခပ်ဆန်ဆန်မျိုးပေါ့။ ပညာပေးတဲ့ဇာတ်လမ်းလေး ကြည့်လိုက်ရတယ်။

အဲတော့အခုကမ္ဘာကလည်းလက်မခံပါဘူး။ ကမ္ဘာကြီးပူနွေးမှုမှာ ကျောက်မီးသွေးကလည်း တစ်ဂဏ္ဍ ကနေပါနေပါသေးတယ်။ ပြည်သူယုံကြည်လောက်အောင် ယုံကြည်မှု ကျွန်မတို့က ပျောက်နေတာ ကတိတွေကပေးကျတယ် ပြောတဲ့အတိုင်း မလုပ်ဘူးဆိုတော့ လူကမယုံတော့ဘူးလေ ကျွန်မတို့ဆိုရင် တစ်ခါတစ်လေ ဒေသတွေမှာသွားဟောပြောတဲ့အခါကျရင် ရှင်တို့ စီမံကိန်းတွေကို မျက်စိပိတ်နားပိတ်ပြီးတော့ ခြေစုံကန်မငြင်းပါနဲ့လို့ ဘာနောက်ကွယ်က ပြန်ကြားရလည်းဆိုတော့ သူတို့ကို ကုမ္ပဏီက လော်ဘီခ ဘယ်လောက်ပေးထားလည်းဆိုပြီးတော့ ဟိုဖက်ကိုလိုက်ပြောတယ်ပေါ့။

အဲဒါက သူတို့ထင်သလိုမဟုတ်ဘူး။ ကျွန်မတို့ကျောက်မီးသွေး တို့ဘာတို့လုပ်မယ်ဆိုရင် တကယ့်စံချိန်စံညွန်း နိုင်ငံတကာ တကာရဲ့ စည်းမျဉ်းစည်းကမ်းက အရင်ဆုံး လေကြောင်းလိုင်းကို ကြည့်ရတယ် လေဘယ်ဖက်တိုက်လည်းဆိုတာ ဒေသခံရွာတွေနေတဲ့ဖက်ကို လေတိုက်တယ်ဆိုရင် အဲဒီနေရာကို မရွေးမရဘူး။ ကျွန်မတို့ဆီမှာ စီမံကိန်းတွေပေးတယ်ဆိုတာ လက်သင့်ရာ စားတော်ခေါ်ပေးထားတဲ့အတွက် စည်းမျဉ်းစည်းကမ်းက စပျက်နေပြီလေ အဲတာတစ်ခုနောက်ထပ် ဒီခေါင်းတိုင်တွေဆိုရင် စက္ကူစက်ခေါင်းတိုင်နဲ့ ဘိလပ်မြေစက်ခေါင်းတိုင်နဲ့ ကျောက်မီးသွေးခေါင်းတိုင်နဲ့ အမြင့်တွေက မတူဘူး။

သူတို့ပေးထားတာ အဲတော့ကျွန်မတို့ဒီသာပေါင်းမှာဆိုရင် စက္ကူစက်ရုံလုပ်တယ်။ မအောင်မြင်ဘူးလေ သာပေါင်းတဝက်သာရောဂါတွေရသွားတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က နိုင်ငံခြားက တရုတ်ကပဲပေါ့ ကျွန်မသိတာ သဘာဝပတ်ဝန်းကျင်အဖွဲ့နဲ့ လုပ်တာ သူတို့က သူတို့စနစ်အတိုင်းခေါင်းတိုင်းကြီးကိုတင်တယ်။ အဲတာကိုသက်ဆိုင်ရာက လာကြည့်ပြီးတော့ မင်းတို့ခေါင်းတိုင်ကြီးက မြင့်လိုက်တာ ပြန်လည်းသွားရော အဲဒီခေါင်းတိုင်းကို ဖြတ်ချလိုက်တဲ့အခါကျတော့ အဲဖက်က အငွေ့တွေက ဒေသတဝက်ကိုရောက်တဲ့အခါမှာ လူတွေအကုန်ရောဂါတွေရကျတယ်လေ။

အဲတော့ကျွန်မပြောချင်တာ အဲတာမျိုးတွေက မဖြစ်သင့်ဘူးပေါ့။ အဲတာလေးတွေ ဂရုစိုက်လို့ရှင်ရင် တိုင်းရင်းသားဒေသတွေလည်း ဖွံ့ဖြိုးမယ် လာပြီးတော့ ပိုက်ဆံစိုက်ပြီးလုပ်တဲ့သူတွေကလည်း သူတို့အမြတ်အစွန်းလေးကို နှစ်နဲ့ ရှိတဲ့အချိန်မှာရမယ်။ အဲတော့ ကျွန်မတို့ မြန်မာစကားပုံမှာ အစကောင်းမှ အနှောင်းသေချာတယ်။ ကျွန်မကတော့ မြန်မာပြည်ရဲ့ စီမံကိန်းတွေကို အစကောင်းစေချင်တယ်။ အဲဒါမှလည်းပြည်သူလူထု ယုံကြည်မှုကို ရမှာလေ ကတိတွေကတိတွေပေးနေပြီးတော့ ကုမ္ပဏီဖက်ကလည်း တကယ်လာ ဆင်းလုပ်တဲ့အချိန်ကျတော့ အဲတာတွေက တစ်ခုမှ မဟုတ်တော့ဘူး။ သူတို့ကစီမံကိန်းဆိုရင် ဒေသခံတွေကကကြောက်ကိုနေတာ လက်ကိုမခံချင်တော့တာ အဲတာလေးပဲပြောချင်ပါတယ်။

မေး။ ။ ဒီကျောက်မီးသွေးက ထွက်တဲ့ရေကိုသောက်သုံးမိရင် လူကို ဘာတွေ ဒုက္ခရောက်စေနိုင်လဲ။

ဖြေ။ ။ အဲဒါကျတော့ အပင်တွေ ညှိုင်းနွမ်းသွားတာ တိရစ္ဆာန်တွေ ဥပမာ ဝက်တွေဘာတွေဆိုရင် မွေးနှုန်းကျသွားတယ်။ သန္ဓေတွေပျက်တယ်။ အဲဒါတွေကလက်တွေ့မှာဖြစ်လာတာ။ လူမှာကော တိရစ္ဆာန်မှာကော အပင်တွေမှာကော အီဂျစ်မှာ အဲတာတွေဖြစ်နေကျတာ လက်ငင်းဖြစ်တာကတော့ ရေချိုးရင် ယားတယ်။ အဓိကကတော့ အငွေ့တွေကျတော့လည်း အသက်ရှုရတာမကောင်းဘူးပေါ့။ အသက်ရှုမဝဘူးပေါ့။ ရေရှည်အဲနားနေတဲ့သူတွေပေါ့။

ကျွန်မတို့တွေတောင် ခဏလေး အမှိုက်သိမ်းတဲ့နေရာကို ကားလေး မိနစ်နဲ့စက္ကန့်နဲ့ ဖြတ်လိုက်ရင် ကျွန်မတို့ အဲဒီအနံ့တွေကို ရလိုက်ရင် ဘယ်လိုဖြစ်သွားလည်း အဲဒီမှာနှစ်ရှည်လများ ဒီအငွေ့တွေရှုနေရတဲ့သူကတော့ ဖြစ်မှာပဲလေ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံတစ်ခုတည်းဖြစ်တာမဟုတ်ဘူး ကျောက်မီးသွေး လုပ်တဲ့ ယိုးဒယားမှာလည်းဖြစ်တာပဲ အင်ဒိုနီးရှားမှာလည်းဖြစ်တာပဲ အကုန်လုံး တရုတ်မှာလည်းဖြစ်ခဲ့တာပဲ အဲတာကြောင့် ဒါအားလုံးကျောက်မီးသွေးသုံးတာကို မသုံးဖို့ဆိုပြီးတော့ သုတေသန သိပ္ပံပညာရှင်တွေ တွေ့ရှိချက်တွေနဲ့ နောက် WHO ရဲ့ စာရင်းတွေပေါ့။ လေထုညစ်ညမ်းမှုကြောင့် လူသန်းပေါင်း ဘယ်လောက်ဘယ်လောက်သေနေတာတွေ ဒါကြောင့်မို့လို့ အားလုံးဝိုင်းတားဆီးနေတာပေါ့။ ဒါတွေသာကောင်းရင် ဘယ်သူတားဆီးမှာလဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts