All News China Watch Local News

ကူမင်း- မူဆယ်- မန္တလေး လျှပ်စစ်ရထားလမ်း ဖောက်မည့် စီမံကိန်း ဘယ်အဆင့်ထိ ရောက်နေပြီလဲ

ကူမင်း- မူဆယ်- မန္တလေး လျှပ်စစ်ရထားလမ်း ဖောက်မည့် စီမံကိန်း ဘယ်အဆင့်ထိ ရောက်နေပြီလဲ

By ရန်ကုန်ခေတ်သစ်

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား တည်ဆောက်မည့် ကူမင်း- မူဆယ် – မန္တလေး လျှပ်စစ်ရထားလမ်းသစ် အတွက် ဇွန်လ ၂၅ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ လေ့လာမှုများ ပြီးစီးခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ဘူတာဆောက်မည့် မြို့တိုင်းတွင် လေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ကူမင်း- မန္တလေး ရထားလမ်းသည် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျေက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် မြို့တို့ကို ဖြတ်သန်းမည်ဖြစ်ပြီး မန္တလေးမြို့တွင် အရှေ့ဘူတာနှင့် တောင်ဘူတာ နှစ်ခု ထားရှိသွားမည်ဖြစ်ကြောင်း၊ အရှေ့ဘူတာကို ပုသိမ်ကြီးမြို့နယ်အတွင်း သိပ္ပံလမ်း အနီးတည်ဆောက်မည်ဖြစ်ကြောင်း တောင်ဘူတာကိုမူ အမ္မရပူရ မြို့နယ်အတွင်း ထုံးဖို ၊ တိုးဂိတ်နားတွင် တည်ဆောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖြတ်သန်းမည့် မြို့များ တစ်လျှောက်တွင် ဘူတာများ တည်ဆောက်ရန်ရှိပြီး မူဆယ်၊ သိန္ဒီ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ဘူတာများ တည်ဆောက်မည်ဖြစ်သည်။

ရထားလမ်းကို Double Line အသွားအပြန်လမ်း ဖောက်လုပ်ရန် ရှိသော်လည်း လတ်တလော အနေဖြင့် Single Line ကို ပထမဦးဆုံး တည်ဆောက်မည် ဖြစ်ကြောင်း၊ လက်ရှိ ရထားလမ်းအရှည် ခန့်မှန်းခြေ ၂၆၇ မိုင် ၊လမ်းပိုင်းမှာ တံတားပေါင်း ၁၆၄ စင်း ၊ ဥမင် ၆၀ ခန့် ၊ ဘူတာရုံပေါင်း ၃၆ ဘူတာ ပါဝင်မည့် လျှပ်စစ်ရထားလမ်းစီမံကိန်းဖြစ်ကြောင်း သိရှိရသည်။

ရထားလမ်းသည် Standard Gauge ဖြစ်ပြီး ရထားလမ်းတွင် တစ်နာရီ မိုင် ၁၀၀ နှုန်းပြေးဆွဲနိုင်ရန် ဖောက်လုပ်မည်ဖြစ်ကြောင်း၊ ကုန်တင်ရထားတွင် ဝန်တန်ချိန် ၃၀၀၀ တင်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော မြန်မာ့မီရထားနှင့် Ever Green Tech Environmental Services and Training ကုမ္ပဏီမှ အကြံပေး ဒေါက်တာကျော်စွာတင့်တို့က ကူမင်း- မန္တလေး ရထားလမ်းအတွက် ရထားလမ်း ဖြတ်သန်းဖောက်လုပ်မည့် မြို့များမှ ပြည်သူများကို သွားရောက်တွေ့ဆုံ၍ စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study)အတွက်လုပ်ငန်းဆောင်ရွက်ထားမှုနှင့်ရထားလမ်းစီမံကိန်းဆိုရာအချက်အလက်များ၊အဆိုပြု စီမံကိန်းလည်ပတ်ခြင်းလုပ်ငန်းစဉ်များကြောင့်ပတ်ဝန်းကျင်ထိခိုက်နိုင်မှုများနှင့်ကာကွယ်လုပ်ဆောင်သွားရမည့်နည်းလမ်းများ ခေါင်းဆောင်ဖြင့် လိုက်လံ ဟောပြော စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိသည်။

သြဂုတ်လ ၃၁ရက်နေ့ ၊ မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင် မြိ့ရပ်ကွက်ကြီး ၅ ရှိ မြို့တော်ခန်းမတွင် ပြုလုပ်သော ကူမင်း – မူဆယ် -လားရှိုး – မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှု ( Feasibility Study ) အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ( Environmental Impact Assessment – EIA) ဆိုင်ရာ လူထုတွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောဆိုသည်။

ကူမင်း – မူဆယ် – လားရှိုး – မန္တလေး လျှပ်စစ်ရထားလမ်းသစ် အဆိုပြုစီမံကိန်းအရ လျှပ်စစ်ရထားလမ်းသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကုန်းကောကျေးရွာ ( ပန်းဦးတောင်အုပ်စု ) ၊ ပန်းဦးတောင်ကျေးရွာ ( ပန်းဦးတောင်ကျေးရွာအုပ်စု ၊ မျှော့တောကျေးရွာ ၊ ပင်လိန် (အလယ် ) ကျေးရွာ ၊ ပင်လိန် ( အရှေ့) ကျေးရွာ ။ သက္ကံချိုင်းကျေးရွာအုပ်စု ( ညောင်ကုန်ကျေးရွာ) တို့ကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မူဆယ်- လားရှိုး- မန္တလေး ၊ ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု အတွက် လုပ်ငန်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ( MOU ) ကို ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် မြန်မာ့မီးရထား နှင့် CREEC (China Railway Eryuan Engineering Group Co., Ltd.) တို့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထား၏ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက “မူဆယ် -မန္တလေး ရထားလမ်းစီမံကိန်းက   အခုတော့  သူတို့ကဖြစ်နိုင်စွမ်းလေ့လာနေတုန်းပါ ။ အဲဒါက Under Process ပဲ ရှိသေးတယ်။  ဘာမှ အတိအကျမသိသေးဘူး။ အခုတော့ အဲဒါတွေကို  ပြောလို့မရသေးဘူး။  ကျနော်တို့က သူအချက်အလက်တွေ အားလုံး သုံးသပ်ပြီးမှ ပြောလို့ရမယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo Credit – Xinhua

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts