Election Local News political news

ကာချုပ် ညွှန်ကြားချက်ဖြင့် တပ်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံမှု တိုင်းပြည်နှင့်ပြည်သူ နစ်နာနိုင်၍ ကန့်ကွက်ဟု NLD ပြော

ကာချုပ် ညွှန်ကြားချက်ဖြင့် တပ်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံမှု တိုင်းပြည်နှင့်ပြည်သူ နစ်နာနိုင်၍ ကန့်ကွက်ဟု NLD ပြော

ရန်ကုန်၊ အော်တိုဘာ ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒနယ်များရှိ ပြည်သူလူထုနှင့်တွေ့ဆုံမှုများသည် ဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင် နေပြီး တိုင်းပြည်နှင့် လူမျိုး နစ်နာနိုင်၍ ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ် နယ်မြေများကို ဆင်း၍ လူထုနှင့်တွေ့ဆုံရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားခဲ့သည်ဟု ဗိုလ်မှူးချုပ်မောင်မောင်၏ ပြောကြားချက်ကို ကိုးကား၍ Myanmar Now သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့က သတင်းဖော်ပြသည်။

NLD ပါတီအနေဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုနှင့်တွေ့ဆုံမှုများကို ကန့်ကွက်ကြောင်း၊ တပ်မတော်သားများသည် သက်ဆိုင်သော မဲဆန္ဒနယ်မှ ပေါက်ဖွားခြင်းမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်၏ ဆန္ဒအရ ဖြစ်ပေါ်လာသူများဖြစ်ကြောင်း၊ တပ်မတော်ကို နိုင်ငံရေးပါတီ အသွင်ပုံစံ ဖြစ်လာစေရန် လုပ်ဆောင်နေခြင်းအပေါ် စိုးရိမ်မိကြောင်း ဒေါက်တာမျိုးညွှန့်က ဆိုသည်။

“နည်းနည်းထူးဆန်းပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေ လူထုနဲ့ တွေ့တယ်ဆိုတာက သူတို့ကို မဲပေးတဲ့ မဲဆန္ဒရှင်တွေပါခင်ဗျ။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေက လူထုနဲ့ တွေ့တာက သူတို့ရဲ့ အလုပ်ပါ။ တပ်မှာကျတော့ သူတို့ ကိုယ်စားပြုတာက ကာကွယ်ရေးဦးစီးချုပ်ကိုပဲ သူတို့ ကိုယ်စားပြုတာပါ။ အဲဒီတော့ သူတို့ ဆင်းတွေ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေက ဘယ်လောက်ပဲကြိုက်ကြိုက်၊ ဘယ်လောက်ပဲ မကြိုက် မကြိုက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ အဲဒီလို ဆင်းတွေ့တာက တပ်ကို နိုင်ငံရေးပါတီ ပုံစံဖြစ်လာအောင် Politicized လုပ်လာမှာ ကျနော်တို့ စိုးရိမ်ပါတယ်။ အဲဒီလိုဖြစ်ရင် တပ်က မိမိရဲ့ လုံခြုံရေးတာဝန်များနဲ့ ပိုမို ကင်းကွာသွားမယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ လူထုနှင့်တွေ့ဆုံမှုများသည် လူထုနှင့် တိုင်းပြည်အတွက် နစ်နာ နိုင်စရာရှိ၍ ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျနော်တို့က အဓိက တည်ဆဲဥပဒေနဲ့ နည်းဥပဒေနဲ့ ဆန့်ကျင်တာ။ ဒီလိုဆန့်ကျင်မှုကြောင့် တိုင်းပြည်နဲ့ လူထု နစ်နာနိုင်စရာရှိတာ။ ကျနော်တို့က အလွယ်တကူ ကန့်ကွက်ပြောဆိုပြန်တော့လည်း တပ်မတော်က လုပ်သမျှကို ကန့်ကွက်နေတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘာလုပ်လုပ် ကန့်ကွက်နေတယ်ဆိုတာမျိုးမဖြစ်စေချင်ဘူး။  တိုင်းပြည်နဲ့ လူမျိုးနစ်နာနိုင်စရာရှိရင်တော့ ကျနော်တို့ ကန့်ကွက်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။  

တပ်မတော်မဲရုံများ အရပ်ဘက်ဒေသများသို့ ရွှေ့ဆိုင်းရေးသည်လည်း အလွန်အရေးကြီးပြီး ရွေးကောက်ပွဲ တရားမျှတမှုနှင့် လွတ်လပ်သန့်ရှင်းရေးသည် တပ်တွင်းမဲရုံများ ပြင်ပသို့ ရွှေ့နိုင်ရေး မရွှေ့နိုင်ရေး အပေါ်တွင်မူတည်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ကတော့ ဥပဒေနဲ့အညီပဲ ဖြစ်ရပါ့မယ်။ ရွေးကောက်ပွဲတွေ သန့်ရှင်း တရားမျှတ လွတ်လပ်ဖို့က ဒီဟာက အသက်ပါပဲ။ သန့်ရှင်းတာ၊ လွတ်လပ်တာ၊ မျှတတာ မရှိဘူးဆိုရင် ရွေးကောက်ပွဲတွေက အမည်ခံသက်သက်ပါပဲ။ တပ်တွင်း မဲရုံတွေမှာ မဲဆန္ဒရှင် စာရင်းတွေ စိစစ်နိုင်မှု အားနည်းတာ။ မဲပေးတဲ့အခါမှာ လွတ်လပ်မှု ရှိ၊ မရှိ သံသယဝင်ဖွယ်ရှိတာ။ ဒါတွေက တပ်တွင်းမဲရုံများကို အရပ်ဘက်ဒေသကို ရွှေ့ဖို့ အဓိက ရည်ရွယ်ချက်ပါ။ ဒါဟာ ဥပဒေနဲ့ ညီညွတ်ပါတယ်။ ဥပဒေအရ ပွင့်လင်း မြင်သာမှု ရှိဖို့ ရွေးကောက်ပွဲရဲ့ အသက်ဖြစ်ပါတယ်” ဟု ၎င်း က ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ တပ်မတော်သားများသည် အချိန်ပြည့် တာဝန်ထမ်းဆောင်နေရသည့်အတွက် တပ်တွင်း မဲရုံများ ထားရှိခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com