All News Local News Peace

ကရင်နှင့်မွန် လက်နက်ကိုင် နှစ်ဖွဲ့ ပစ်ခတ်မှု ထပ်ဖြစ်၊ မိုင်းနင်းမိ၍ မွန်ပြည်သစ်ပါတီ တပ်သား ၂ ဦး ဒဏ်ရာရ

ကရင်နှင့်မွန် လက်နက်ကိုင် နှစ်ဖွဲ့ ပစ်ခတ်မှု ထပ်ဖြစ်၊ မိုင်းနင်းမိ၍ မွန်ပြည်သစ်ပါတီ တပ်သား ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ထိုင်း-မြန်မာနယ်စပ် ဗလဲဒွန်ဖိုက်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ (NMSP) စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)က ယနေ့ အောက်တိုဘာလ ၂၁ရက်နံနက်ပိုင်းက လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ကရင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် မွန်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း တုံ့ပြန် ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ဒီနေ့ ၁၅မိနစ်လောက် သူတို့လာပြီးတော့ ပစ်ခတ်သွားတယ်။ မွန်ပြည်သစ်ပါတီဘက်က ပစ်တဲ့အချိန်မှာတော့ထိခိုက်ဒဏ်ရာမရှိဘူး။ ပစ်ခတ်မှုဖြစ်တဲ့အချိန်ကတော့ မနက်ပိုင်းလောက်က အချိန်ကတော့ သေချာမသိဘူး။ သူတို့က ပစ်ပြီးတော့ ပြန်ဆုတ်သွားတာ သူတို့ဖက်ကကြီးပဲလာပစ်နေတယ်။ မွန်ပြည်သစ်ဖက်ကတော့ မပစ်ဘူး။ နှစ်ဖက်ကလည်း စကားပြောထားပြီးပြီလေ။ ထပ်မပစ်ဖို့ ညှိနှိုင်းထားပြီးသားကို သူတို့ကို လာလာပစ်နေတယ်။ နောက်တစ်ခုက ကျိုက်မရော မြို့နယ်ထဲက ကျေးရွာတစ်ခုမှာဆိုရင် ကရင်ရွာနဲ့နီးတဲ့ရွာမှာ သူတို့က ကရင်အလံတွေလာထောင်သွားတယ်။ တစ်ညလုံး ကရင်စစ်သားတွေ ကင်းလှည့်နေတာ မွန်ရွာထဲကိုလာတာ ကရင်တစ်အိမ်မှ မရှိတဲ့ရွာထဲကိုလာတာ အခုပစ်ခတ်မှုုဖြစ်တဲ့ ရွာထဲမှာ ရွာသားတွေမရှိဘူး။ အကုန်စစ်ဘေးရှောင်ထားတယ် ဘုရားသုံးဆူဖက်တို့ အဲဒီမှာ အကုန်လုံးရှောင်နေရတယ်”ဟု အဆိုပါ ဒေသခံကဆိုသည်။

ထိုသို့ ပစ်ခတ်မှုအပြီးတွင် KNUဘက်က ထောင်ထားသော မိုင်းနင်းမိသောကြောင့် မွန်ပြည်သစ်ပါတီ စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ဗလဲဒွန်ဖိုက်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ စခန်းကို ကရင်အလံ လာရောက်စိုက်ထူခြင်း ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက ဖြုတ်သိမ်းရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦး ကျဆုံးခဲ့သည်။

Photo Credit – NMSP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts