All News Local News

ကန့်ကွက်နေသည့်ကြားမှ အနီးကပ် ၂ ကြိမ်တက်ရမည့် အဝေးသင်တက္ကသိုလ်စနစ် ကျင့်သုံးမည်ဟု အသိပေးမှု ကျောင်းသားများ တုံ့ပြန်မည်

ကန့်ကွက်နေသည့်ကြားမှ အနီးကပ် ၂ ကြိမ်တက်ရမည့် အဝေးသင်တက္ကသိုလ်စနစ် ကျင့်သုံးမည်ဟု အသိပေးမှု ကျောင်းသားများ တုံ့ပြန်မည်

ရန်ကုန် အောက်တိုဘာ ၁၇

ပညာရေးဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ပညာသင်နှစ်မှစတင်၍ အနီးကပ် ၂ ကြိမ် တက်ရမည့် အဝေးသင်တက္ကသိုလ် ပညာရေးစနစ် ကျင့်သုံးရန်ရှိကြောင်း ပညာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်မှုအပေါ် စောင့်ကြည့် တုံ့ပြန်သွား မည်ဖြစ်ကြောင်း အဝေးသင်တက္ကသိုလ်ကျောင်းသားများပါဝင်နေသော ဖဲကြိုးနီလှုပ်ရှားမှု ကော်မတီက ထုတ်ပြန် ပြောဆိုသည်။

အောက်တိုဘာ ၁၆ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်းကြီး ဒေါက်တာမျိုးသိမ်းကြီးက အဝေးသင်တက္ကသိုလ်ပညာရေး စနစ်ပြောင်းလဲမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

အနီးကပ်နှစ်ကြိမ်ခွဲတက်ရမည်ကို ကန့်ကွက်ခဲ့ကြသော အဝေးသင်တက္ကသိုလ်ကျောင်းသားများ ပါဝင်သော ဖဲကြိုးနီ လှုပ်ရှားသူများက အခြေအနေကို စောင့်ကြည့်၍ ကျောင်းသားများ၏သဘောဆန္ဒ တောင်းခံ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဖဲကြိုးနီ ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်ကဆိုသည်။

“ပထမတစ်ကြိမ်ပြောင်းမယ်လုပ်တုန်းက ကျွန်တော်တို့ကန့်ကွက်ကြောင်းကျောင်သားတွေလက်မှတ်ထိုးထားတဲ့စာတင်ထားတယ်။ အခုထိအကြောင်းမပြန်သေးဘူး။ အခုတစ်ကြိမ်ထပ်ပြောပြန်ပြီးပေါ့။ အနီးကပ် ၂ ကြိမ်ခွဲတက်ဖို့ကိစ္စကို ဒီလိုပြောင်းလဲလိုက်ခြင်းဟာ ဒေါက်တာမျိုးသိမ်းကြီးပြောသလိုအဝေးသင်ကျောင်းသားတွေကိုစာနဲ့ထိတွေ့ခွင့်ပိုရအောင် သင်ကြားမှုပုံစံကိုစနစ်တကျနဲ့ အစီအစဉ်တကျပြောင်းလဲတာလား။ အစီအစဉ်မရှိဘဲပြောင်းတာလား။ ကျောင်းသားတွေဆန္ဒကကော်ဘယ်လိုရှိလဲဆိုတာတွေကို ကျွန်တော်တို့ မေးမြန်းသွားမယ်။ ပြီးမှ ဘာဆက်လုပ်မယ်ဆိုတာကိုပြာလို့ရမယ်။ ကျွန်တော်အမြင်အရပြောရမယ်ဆိုရင် နှစ်ခါခွဲတက်တာထက် ကျောင်းမှာ သင်ကြားမှုပုံစံတွေ အဝေးသင်ကျောင်းသားတွေကိုအမှတ်ပေးတဲ့ပုံစံတွေ ကျောင်းသင်ထောက်ကူတွေ ကျွန်တော်တို့ပထမတစ်ကြိမ်တုန်းကလည်းတင်ပြခဲ့ပါတယ်။ အဲဒါတွေပြောင်းလဲဖို့လိုတယ်ပေါ့။ နှစ်ခါခွဲတက်တာက အဝေးသင်ကျောင်းသားတွေက အလုပ်အကိုင်နဲ့ဆိုတော့ အလုပ်ရှင်ကခွင့်မပေးတာတို့ ဘာတို့ရှိနိုင်တယ်။ ဒီလိုနှစ်ခါခွဲတက်ခိုင်းမယ်ဆိုရင် ဒေါက်တာမျိုးသိမ်းကြီးအနေနဲ့ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ်က နေပြည်တော်တွင်ကျင်းပသည့် ပညာရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အဝေးသင်ပညာရေးစနစ်သည် ထိရောက်စွာ ပညာသင်ကြားပေးနိုင်မှု မရှိကြောင်း ဝေဖန်ခဲ့ပြီးနောက်ပိုင်း ဝိဇ္ဇာဘာသာရပ် အထူးပြုထားသူများ အနီးကပ်နှစ်ကြိမ်တက်ရမည်ဆိုသော အစီအမံများ ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိအဝေးသင် ကျောင်းသားများက အနီးကပ် ၂ ကြိမ်ခွဲတက်ရမည့် အစီအစဉ်ကို ကန့်ကွက်ခဲ့သော ဖဲကြိုးနီလှုပ်ရှားမှု ပေါ်ပေါက်လာပြီးနောက် ပညာရေးဝန်ကြီးဌာနက ယင်းအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီး ယခုအခါ အနီးကပ် ၂ ကြိမ်ခွဲတက်ရမည့် အဝေးသင်ပညာရေးစနစ် ၂၀၂၀ တွင် စတင်မည်ဟု ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။

Photo Credit – ကျောင်းသားခေတ်ဂျာနယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com