All News Local News

MCE စက်ရုံ အလုပ်သမားသပိတ် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ယနေ့ လှည့်လည် ဆန္ဒပြမည်

MCE စက်ရုံ အလုပ်သမားသပိတ် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ယနေ့ လှည့်လည် ဆန္ဒပြမည်

ရန်ကုန်၊ စက်တင်ဘာ ၆

ဒဂုံဆိပ်ကမ်းမြို့နယ် ဦးချိမ့်လမ်း စက်မှုဇုန် (၁)ရှိ MCE(ရိမ်းဘိုး)ဆပ်ပြာစက်ရုံအလုပ်သမား သပိတ် ၁၅ရက်ကြာသည်အထိ ပြေလည်မှုမရရှိသည့်အတွက် စက်တင်ဘာလ ၆ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သပိတ်မှောက် အလုပ်သမားများကဆိုသည်။

အဆိုပါသပိတ်သည် သြဂုတ်လ ၂၂ရက်မှစတင်ကာ အလုပ်သမား ၇ဝကျော်ခန့်က စက်ရုံရှေ့တွင် အချက် ၁၃ချက်ပါသော တောင်းဆိုချက်များကို တောင်းဆိုထားပြီး လုပ်ငန်းကျွမ်းကျင်ကြေးအား တစ်နှစ်လျှင် သုံးသောင်းကျပ် နှစ်စဉ်တိုးမြှင့်ပေးရန်၊ လက်ထောက်မန်နေဂျာ ဒေါ်နှင်းအိဝင်းအား အလုပ်မှထုတ်ပယ်ပေးရန် ဆိုသည့် အချက် ၂ချက်ကို လုပ်ငန်းရှင်ဖက်က လိုက်လျောခြင်းမရှိသောကြောင့် သပိတ်ဆက်လက်မှောက်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးမှူး ကိုကျော်မျိုးကဆိုသည်။

‘ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရတာက အဓိက ဒီသပိတ်ကို သက်ဆိုင်ရာက အမြန်ဆုံးဖြေရှင်းပေးဖို့ပေါ့။ အဲဒါအတွက်တောင်းဆိုမှာပါ။ တောင်းဆိုချက် ၁၃ချက်မှာ ကျန်နေတဲ့ ၂ချက်ပေါ့။ အဲဒီ၂ချက်ကြောင့် သပိတ်စခန်းကဆက်ပြီးတော့ ဖွင့်ထားတာပေါ့။ လက်ရှိတောင်းနေတဲ့တောင်းဆိုချက်နှစ်ချက်ပေါ့။ မန်နေဂျာ အမျိုးသမီးအတွက်ကတော့ အလုပ်သမားတွေ သူတို့နှစ်နဲ့ချီပြီး ခံလာခဲ့ရတဲ့ တစ်ချို့ပြဿနာလေးတွေပေါ့။ နောက် တစ်ချက်ကတော့ ကျွမ်းကျင်ကြေးတောင်းတာ ကျွမ်းကျင်ကြေးမှာပြောချင်တာက ဘာလဲဆိုတော့ စက်ရုံ လုပ်ငန်းခွင်မှာ အလုပ်သမားတစ်ယောက်က တစ်လုပ်တဲ့အလုပ်သမားနဲ့ တစ်နှစ်လုပ်တဲ့ အလုပ်သမား မတူဘူး။ တစ်နှစ်သမားက ကျွမ်းကျင်မှုပိုရှိတယ်။ လုပ်ငန်းသဘောသဘာဝလည်း ပိုပြီးတော့ ကျွမ်းကျင်တယ်။ အဲတာမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီမှာက စက်ရုံဖွင့်ထားတာ ၉နှစ်ကျော်နေပြီ ၉နှစ်ရှိပြီဖြစ်တဲ့အတွက် ကျွမ်းကျင်လုပ်သားတွေအတွက် ဘာမှကူညီထောက်ပံ့မှုမရှိပေါ့။ ကျွမ်းကျင် လုပ်ငန်းဝင်ကြေးတွေ ပေးထားတာမရှိဘူး။ အဲတာကြောင့် တစ်နှစ်ပြည့်ရင် ကျွမ်းကျင်ကြေး သုံးသောင်းပေးဖို့ သူတို့ကတောင်းဆိုတာ’ဟု ၎င်းကဆိုသည်။

အလုပ်ရှင်နှင့် အလုပ်သမား ဆွေးနွေးညှိနှိုင်းမှုပြောဆိုရာတွင် အလုပ်သမားများအား လုပ်ခကျွမ်းကျင်ကြေး တိုးမြှင့်ပေးရေးကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်ဖက်က မီတာခ တက်ခြင်းအပါအဝင် အခြားဈေးနှုန်းများ တက်ခြင်းကြောင့် အလုပ်သမားများ တောင်းဆိုချက်ကိုမလိုက်လျောကြောင်း၊ လက်ထောက်မန်နေဂျာ အလုပ်ထုတ်ရေးကိုလည်း မလိုက်လျောကြောင်း သိရှိရသည်။

MCE( ရိမ်းဘိုး) ဆပ်ပြာစက်ရုံ အလုပ်သမားသပိတ် အမြန်ဆုံးဖြေရှင်းပေးရေး၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက အလုပ်သမားသပိတ်ကို လျစ်လျုရှု မပစ်ပယ်မထားရေး၊ အလုပ်သမားသမဂ္ဂများအပေါ်ဖိနှိပ်မှုများရပ်တန့်ရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ပေးသည့်ဥပဒေ အမြန်ဆုံးပြဌာန်းပေးရေး စသည့်အချက်များ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com