All News Local News

ရန်ကုန်ခေတ်သစ်တွင် ဖော်ပြခဲ့သော မဘသထံ သိန်း ၃၀၀ ငွေလှူဒါန်းမှုကို ဝေဖန်၍ မြဝတီမင်းကြီးကျောင်းဆရာတော်ကို စစ်တပ်က တရားစွဲ

ရန်ကုန်ခေတ်သစ်တွင် ဖော်ပြခဲ့သော မဘသထံ သိန်း ၃၀၀ ငွေလှူဒါန်းမှုကို ဝေဖန်၍ မြဝတီမင်းကြီးကျောင်းဆရာတော်ကို စစ်တပ်က တရားစွဲ

By ရန်ကုန်ခေတ်သစ်

ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဇွန်လ ၂၁ ရက်နေ့က ဖော်ပြခဲ့သော “ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တပ်မတော် သိန်း ၃၀၀ လှူဒါန်းမှု အပေါ် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်နှင့် ဦးသောဘိတ (အလင်္ကာကြယ်) ပြင်းပြင်းထန်ထန်ဝေဖန်” ဆိုသော သတင်းနှင့်ပတ်သက်၍ တပ်မတော်က မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယာဝံသ ဘိဝံသကို တရားစွဲဆိုရန် တရားရုံးဦးတိုက်လျှောက်ထားကြောင်း သိရှိရသည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသ ဘိဝံသက ၎င်း၏ ကျောင်းတိုက်သို့ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်က ပြည်ကြီးတံခွန် မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တပ်မတော် ဝေဖန်ပြောကြားမှုများနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးချက်ရယူသွားကြောင်း သိရှိရသည်။

“ညနေ ၃ နာရီလောက်မှာ ဘုန်းကြီးကို ပြည်ကြီးတံခွန်က ရဲတွေ လာပြီး စစ်ပါတယ်။ ဘယ်လို စိတ်ထားနဲ့ ပြောသလဲပေါ့။ ဒါ ပြောခဲ့လား ဆိုတာမေးတယ်။ ၁ နာရီလောက် လာစစ်သွားတယ်။ မန္တလေး GE တပ်က ဒုဗိုလ်မှူးကြီး သော်တာဒွေးက တရားရုံး ဦးတိုက်လျှောက်တယ်လို့ သိရတယ်။ ဘာပုဒ်မလဲဆိုတာတော့ မသိရသေးဘူး။ စစ်ချက်တွေ တော့ ယူသွားတယ်” ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိ ဖောင်ဒေးရှင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဇွန်လ ၁၇ ရက်နေ့က ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုအပေါ် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသနှင့် ဦးသောဘိတ(အလင်္ကာကြယ်) တို့ကို မေးမြန်း၍ သတင်းတင်ဆက်ခဲ့သည်။

ယင်းသတင်းတွင် ဆရာတော် အရှင်အရိယဝံသာဘိဝံသ ( မြဝတီမင်းကြီးကျောင်းတိုက်)က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ဘုန်းဘုန်းတို့ သုံးသပ်ချင်တာက ဒီအဖွဲ့အစည်းက ပြည်သူအများစုက ဒီမိုကရေစီလမ်းကြောင်းကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုက ငွေကြေးထောက်ပံ့မှုတွေ အများကြီးရရှိနေတဲ့ ၊ ဝိနည်းတော်နဲ့ မညီတဲ့ အုပ်စုလို့ ပြောချင်ပါတယ်။ ဘုန်းကြီးတို့ ဝိနည်းတော်မှာ ဒါနပလ လိုခေါ်တယ်။ မင်းကျွမ်းဝင်ဆိုတာ ရှိတယ်။ မင်း နဲ့ ရောရောထွေထွေနေရင် သိပ်မကောင်းတက်ဘူးပေါ့။ အခု သူက မင်းကျွမ်းဝင်တောင် မဟုတ်ဘူး။ ပြောမကောင်းဘူး။

စစ်တပ်ဆိုတာ သမိုင်းကောင်းတဲ့ စစ်တပ်မှာ မဟုတ်တာ။ သူများနိုင်ငံတွေလို ပြည်သူထဲက ဖြစ်တဲ့ ပြည်သူစစ်တပ်သား ၊ မဟုတ်ဘူး။ နောက်ပြီး သမ္မတ အမိန့် နာခံတဲ့ ပြည်သူ့စစ်တပ်မဟုတ်ဘူး။အရင်ကတည်းက စစ်တပ်က လက်နက်တစ်ခုတည်းနဲ့ အနိုင်ကျင့် ပြီး တိုင်းပြည်ကို လုပ်ချင်သလို လုပ်လာတဲ့ စစ်တပ် ၊ အခုလည်း ၊ နောက်လည်းပဲ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒကို အတင်းနင်းချေ ပြီးတော့ ဝင်ထိုင်နေတဲ့ စစ်တပ် ၊ ပြောရရင် သူခိုးဓါးပြပဲ။

သူခိုးဓါးပြနဲ့ အမြီးစားဖက် ၊ ခေါင်းစားဖက် ဖြစ်နေတဲ့ အုပ်စုလို့ ဘုန်းဘုန်းရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်။ဗုဒ္ဓဘုရားက လမ်းညွန်ထားတာက ကြည်ညိုသင့်တဲ့လူတွေ ကြည်ညိုအောင် ၊ ကြည်ညိုပြီးတဲ့ လူတွေကို အကြည်အညို တိုးပွားအောင် နေထိုင်ရမယ်လို ပြောထားတာ။ ကိုယ်နေချင်သလို နေလိုမရဘူးလေ။ အဲဒီတော့ မကြည်ညိုသေးတဲ့ လူတွေ ကြည်ညိုအောင် အဓိကတော့ ပြည်သူကပဲ စံဖြစ်တယ်။

ပြည်သူ ကြည်ညိုအောင် ဆိုလိုတာ ဖြစ်တယ်။ ပြည်သူအများ ကြည်ညိုအောင် နေထိုင်ရမယ် ၊ လူအများ မကြည်ညိုရတဲ့အရာတွေ မလုပ်ရဘူး။ ဒါက ပြည်သူမကာဘူး ၊ သံဃာတော်အချင်းချင်း ကြည်ညိုအောင်နေထိုင်ရမယ်လို့ မှာတာ။ အခုက ဗရမ်းဗတာ လုပ်နေရင် ကျနော်တို့ သံဃာတော်တွေကို လက်မခံလာအောင်လုပ်နေတာ

အဆိုပါသတင်းကို ဖော်ပြခဲ့သော သတင်းလင့်မှာ https://web.facebook.com/story.php?story_fbid=673359126434770&id=385165108587508&_rdc=1&_rdr ဖြစ်ပါသည်။

(ဆရာတော်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၄၄ မိနစ်တွင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို လည်း မကြာမီ တင်ဆက်ပါမည်)

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com