All News Election Local News

၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီနှင့် SNLD မဟာမိတ်ဖွဲ့ရန် မရှိ

၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီနှင့် SNLD မဟာမိတ်ဖွဲ့ရန် မရှိ

ရန်ကုန်၊ စက်တင်ဘာ ၅

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီ မဟာမိတ်ဖွဲ့ရန် မရှိတော့ဘဲ သီးခြားရပ်တည်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့် လွင်က ပြောကြားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၂ လည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် လည်းဖြစ်သူ ဒေါက်တာဇော်မြင့်က NLD ပါတီတွင် မဟာမိတ် မည်သည့်အချိန်ကမှ မရှိခဲ့ဘဲ နောင်တွင်လည်း ရှိလာရန် အကြောင်းမရှိဟု ပြောဆိုခဲ့သဖြင့် SNLD အနေဖြင့် NLD တွဲလုပ်ရန် အကြောင်းတရားမရှိတော့ကြောင်း ၎င်းက ဆိုသည်။

” ဖြစ်နိုင်တယ်လို့ မထင်ဘူး။ ဟိုတစ်လောကပဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ပြောတယ်လေ။ သူတို့မှာ ဘယ်တုန်းကမှ မဟာမိတ်မရှိခဲ့ဘူး။ မဟာမိတ်ရှိမှာလည်းမဟုတ်ဘူး။ ဒီကိစ္စ ကျနော်တို့ တိုင်းရင်းသားအသိုင်းအဝိုင်းမှာတော့ ဒီကိစ္စ တော်တော်လေးကို စိတ်မကောင်းဖြစ်ကြပါတယ်။ သို့သော်လည်းပဲ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဟာမိတ် မူဝါဒ မရှိဘူးဆိုတာ ပွင့်ပွင့်လင်းပြောပြီဆိုတော့ ကျနော်တို့အနေနဲ့ NLD တွဲလုပ်ဖို့ ဘာမှ ရှိမယ်မထင်ပါဘူး” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသားပါတီများသည် NLD ပါတီကို ဝန်းရံခဲ့ကြပြီး ဝန်းရံမှုကြောင့် ထောင်ဒဏ်ကျခံရမှုများရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် NLD ပါတီ၏ ပြောဆိုမှုကို အံ့သြနားမလည် ဖြစ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဘာကြောင့်လဲဆိုတော့ ၉၀ ရွေးကောက်ပွဲ အပြီးမှာ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ထွက်ပါတယ်။ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို လက်မှတ်ထိုးတာ UNL တိုင်းရင်းသားညီညွတ်ရေး ပါတယ်။ တပ်ပေါင်းစုပါတယ်။ NLD ပါတယ်။ SNLD ပါတယ်။ သုံးပွင့်ဆိုင် ထိုးခဲ့ပါတယ်။ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်က ဂန္ဒီ အစည်းအဝေးကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ဒါ ထင်ရှားပါတယ်။ ဖျောက်ဖျက်ထားလို့မရတဲ့ကိစ္စပါ။ နောက်တစ်ခါ သိပ်အကျပ်အတည်း တွေ့လာတဲ့အခါ လွှတ်တော် မခေါ်သေးတဲ့အတွက် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP ကို တိုင်းရင်းသားတွေက ဝန်းရံခဲ့ပါတယ်။ အဲဒီလို ဝန်းရံခဲ့လို့ပဲ ရခိုင်တို့လို မွန်တို့လို ခေါင်းဆောင်ကြီးတွေ ထောင်ထဲရောက်ခဲ့ရတာ ရှိပါတယ်။ ဒါကို ဘာကြောင့်မျက်ကွယ်ပြုလဲ မသိပါဘူး” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံ ညှိနှိုင်းမှု အားနည်းသည်ဆိုသော ဝေဖန်မှုများက နိုင်ငံရေးအသိုင်းအဝိုင်းတွင် ထွက်ပေါ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com