All News Election interview

“၂၀၂၀ ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်။ NLD အနေနဲ့လည်း ဆက် အစိုးရ ဖြစ်ဖို့ သူ့အတွက် အရေးကြီးပါတယ်”

“၂၀၂၀ ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်။ NLD အနေနဲ့လည်း ဆက် အစိုးရ ဖြစ်ဖို့ သူ့အတွက် အရေးကြီးပါတယ်”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ၁ ဦးစိုင်းညွန့်လွင်နှင့်တွေ့ဆုံခြင်း

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ၁ ဦးစိုင်းညွန့်လွင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။       ။ လက်ရှိ NLD ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ ရခိုင်အမျိုးသားပါတီက လွှတ်တော်အမတ် ၂ ဦး နှုတ်ထွက်သလို၊ မအူပင် အမတ် နဲ့ အခြား တသီးပုဂ္ဂ လွှတ်တော်အမတ်တစ်ဦးလည်း နှုတ်ထွက်သွားတယ်။ ဒီအပေါ် ဘယ်လို အမြင်ရှိပါသလဲ။

ဖြေ။       ။ ၄၅ ဦးကော်မတီကနေ နှုတ်ထွက်တယ်ဆိုတာက ဒီကော်မတီရဲ့ ဂုဏ်သိက္ခာကို အထိုက်အလျှောက်တော့ ထိခိုက်မှာပဲ။ အဓိပ္ပာယ်တစ်ခုလည်း ပေါ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေမှာ ညှိနှိုင်းလို့မရတဲ့ သဘောလည်း ပေါ်ပါတယ်။ ဒီဟာက ရှေ့အလားအလာအတွက် ခက်မယ်လို့ထင်ပါတယ်။

မေး။     ။ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ချက်ထဲမှာ တိုင်းရင်းသားတွေတင်ပြတဲ့ အချက်တွေမပါဘဲ NLD ပါတီက ပြင်ချင်တဲ့ အချက်တွေကိုပဲ ပြင်တယ် ဒါကြောင့် နှုတ်ထွက်တယ်ဆိုပြီး ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော …။

ဖြေ။      ။   ကော်မတီက အကြောင်းအရာတွေ သိပ်များတော့ မပြောချင်တော့ဘူး။ ဒီကော်မတီက ၄၅ ဦး ဖွဲ့တယ်ဆိုပေမယ့် NLD  က တစ်ဝက်ကျော်ကျော်ပါတယ်။ အဲဒီတော့ တစ်ဦးချင်း မဲခွဲမယ်ဆိုရင် NLD ဖြစ်ချင်တာတွေပဲ ဖြစ်မှာလေ။ ဒါကတော့ လူပိန်းတောင်မှ သိတယ်။ ၄၅ ဦးကော်မတီမှာ အကြောင်းအရာတွေ ပုဒ်မတွေ ပြင်ဆင်ချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမယ်ဆိုတဲ့အခါတိုင်းမှာ မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းထားပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌ တို့ အတွင်းရေးမှူးတို့က တစ်ဦးချင်းစီ မဲဆန္ဒနဲ့ ဆုံးဖြတ်တယ်။ တစ်ဦးချင်း မဲဆန္ဒနဲ့ ဆုံးဖြတ်မယ်ဆိုရင် NLD တစ်ဦးတည်းပဲ လုပ်လည်း ဖြစ်ပါတယ်။ ကျန်တဲ့လူခေါ်စရာမလိုပါဘူး။ ကျန်တဲ့လူလည်း ကန့်ကွက်လို့မှ မရဘဲ။ NLD က တစ်ဝက်ကျော်နေတဲ့ သဘောရှိတာကိုး။ ကျနော်တို့ အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။ အဖွဲ့အစည်းအနေနဲ့ ပုဂ္ဂလိကအနေနဲ့ တစ်ဖွဲ့ချင်းအနေနဲ့ တစ်မဲပေးဖို့ အဆိုပြုပါတယ်။ သို့သော်လည်း ၄၅ ဦးမှာ ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်တွေက လက်မခံဘူးလို့ ဆိုပါတယ်။ ကျန်တဲံသူတွေအနေနဲ့ နှုတ်ထွက်သွားတဲ့သူတွေအနေနဲ့ ဆက်ဆွေးနွေးလည်း ဘာမှ မထူးဘူးလို့ တွေးမိပုံပေါ်ပါတယ်။

မေး။      ။ ဆရာတို့ SNLD အနေနဲ့ရော ဒီ NLD ဦးဆောင်တဲ့ ၄၅ ဦး ကော်မတီမှာ ဆက်ပါဖို့ ဘယ်လို အနေအထားရှိလဲ။ နှုတ်ထွက်ဖို့ အစီအစဉ်ရှိလား။

ဖြေ။     ။ အခုဒီမှာ ရလာတဲ့ ရရှိချက်တွေပေါ့။ ရရှိချက်တွေက တပ်မတော်နဲ့ ဆွေးနွေးထားတာမရှိရင် အောင်မြင်စရာမရှိပါဘူး။ တပ်မတော်က သဘောတူတာလား၊ သဘောမတူတာလား မရှိတဲ့အတွက် နဂိုကတည်းကကိုက ကော်မတီက ရေးဆွဲထားတဲ့ ဥပဒေကြမ်းအနေနဲ့ လွှတ်တော်ရောက်လည်း အတည်ပြု ဖို့ အခြေအနေ ပေးမှာ မဟုတ်ပါဘူး။ ဒါက ရှင်းရှင်းလေးပဲ။

မေး။      ။ NLD က ဦးဆောင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့  ပြင်ဆင်ရေး လုပ်ငန်းစဉ်က အောင်မြင်ဖို့ နည်းတယ်ဆိုတဲ့ သဘောလား။

ဖြေ။      ။ အတော်ကို နည်းပါတယ်။ တော်တော်နည်းပါတယ်။ အမှန်ကတော့ ကိုယ်က အသာစီးရလို့ လုပ်ချင်တာ လုပ်သွားမယ်ဆိုရင် ရှေ့မှာလည်း ကိုယ်လုပ်ချင်တာလုပ်လို့ ရတဲ့ သင်ခန်းစာတွေရှိတာပဲ။ ဒီသင်ခန်းစာတွေကိုမယူဘဲနဲ့ ဒီလို နည်းလမ်းအတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် ဒီပြဿနာတွေက ဘယ်လိုလုပ်ပြီးပြီးတော့မှာလဲ။ ပြဿနာတွေ မပြီးနိုင်သေးဘူးပေါ့။

မေး။      ။ မပြင်နိုင်ဖို့ ခက်ခဲတဲ့ဟာကို ဥပဒေကြမ်းတင်ပြီး ပြင်ဖို့ လုပ်တာက ဒီအခြေအနေက တစ်ဖက်နဲ့ တစ်ဖက်ပိုပြီးတော့ အလှမ်းကွာဝေးပြီးတော့  အားလုံး စိုးရိမ်ရတဲ့ အနေအထားမျိုးရောက်နိုင်လား။

ဖြေ။     ။ ကျနော်ထင်တယ် အခု အာဏာရတဲ့ ပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ကတိကဝတ်ပေးခဲ့တယ်။ အခြေခံဥပဒေပြင်ဆင်ပါမယ်ဆိုတဲ့ ကတိကဝတ်ကို ဆောင်ရွက်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်ရအောင် ၂၀၂၀ မှာ လူထုတွေက မေးခဲ့လို့ရှိရင် ပြောပြလို့ရအောင်လို့ ကျနော်ထင်ပါတယ်။ ကျန်တဲ့ အပိုင်းတွေကတော့ နိုင်ငံရေး နည်းနည်းပါးပါး နားလည်တယ်ဆိုရင်ကိုသိပါတယ်။

မေး။       ။ ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ ရှမ်းပြည်မှာဆိုရင် တိုက်ပွဲတွေဖြစ်နေတယ်။ ကားတွေ မီးရှို့ခံနေရတယ်။ ွှအဲဒီတော့ ဒီလိုပဲ တိုက်ပွဲတွေကြားမှာ ပြည်သူတွေက ကျီးလန့်စာစားနေရတော့မှာလား။ ဆရာ ဘယ်လိုမြင်ပါလဲ။

ဖြေ။      ။ ဒီတစ်ခေါက်တော့ တပ်မတော်ဘက်ကရော၊ NRPC ဘက်ကရော တုံ့ပြန်မှု တော်တော်ကြီးမြန်တယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ၃၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးရေး မြန်မြန်စီစဉ်ပြီးတော့ လုပ်နိုင်ခဲ့တယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ သူတို့ လက်မခံတဲ့ ကျိုင်းတုံမြို့ကို ရောက်လာကြတယ်။ ဒါကလည်း တော်တော်ကောင်းတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ သို့သော်လည်း တွေ့ဆုံ တဲ့ ဆွေးနွေးပွဲကတော့ ဘာမှ အဖြေမရပါဘူး။ လာမယ့် စက်တင်ဘာလ ၁၅ ၊ ၁၆ မှာမှ ပိုပြီးတော့ တိုးတက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။  ကျနော်တို့ကတော့ ဒီဆွေးနွေးပွဲတွေကို မြန်မြန်နဲ့ သဘောတူညီချက်တွေ မြန်မြန်ရစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေက မရပ်ဘူးလေ။ နောက်ပြီး လူထုကို ထိခိုက်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ စစ်ပွဲ ပရိယာယ်ကျနော် မသိပါဘူး။ သို့သော်လည်းပဲ လူထုကားတွေ မီးရှို့ခံနေရတာ ဒါမကောင်းပါဘူး။

မေး။    ။ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် မြောက်ပိုင်းမဟာမိတ်ဘက်ကရော အစိုးရဘက်ကရော ဆွေးနွေးကြတာလား။ ငြိမ်းချမ်းရေးရော တကယ်လိုချင်ကြရဲ့လား။

ဖြေ။     ။ အခုဖြစ်ပျက်နေတာက ကျနော်တို့ရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေထဲမှာ ဖြစ်ပျက်နေတာ။ နောက်ပြီးတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုတာကလည်း ကိုယ့်နိုင်ငံထဲမှာပဲရှိပါတယ်။ သို့သော်လည်း နယ်စပ်ချင်းကပ်နေတဲ့ တရုတ်ဘက်ကို အလေးထားရတဲ့အပိုင်းတော့ရှိပါတယ်။ သို့သော် ကြောက်ရလောက်အောင်တော့လည်း မထင်ပါဘူး။ ကြောက်စရာလည်းမလိုပါဘူး။

မေး။     ။ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လို သုံးသပ်ထားလဲ။

ဖြေ။    ။ ၂၀၂၀ ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်။ USDP က ပြည်ထောင်စု လွှတ်တော်မှာ ၆ ရာခိုင်နှုန်းကနေ တိုးပွားလာမယ့် မဟာမိတ်တွေ ဖွဲ့ဖို့ ကိစ္စတွေပေါ့။ NLD အနေနဲ့လည်း ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဆက်လက်ပြီးတော့ အစိုးရ ဖြစ်ဖို့ သူ့အတွက် အများကြီး အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာလည်းပဲ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရအောင် မဆောင်ရွက်နိုင်ဘူး။ မဆောင်ရွက်နိုင်တဲ့အပြင် ကျဆုံးမှုတွေ ဆုတ်ယုတ်မှုတွေ ကြုံရတဲ့အခါ မြင်လာရတဲ့အခါကျတော့ လူထုအနေနဲ့ ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ ဒါကတော့ ကျနော်မှ မဟုတ်ပါဘူး။ သူတို့ အစွမ်းအစကို သမိုင်းမှာ မှတ်တမ်းတင်နိုင်အောင် နောက်ထပ် ၅ နှစ် တာဝန်ထမ်းဆောင်နိုင်အောင် သူတို့ကြိုးစားမှာပဲ။ ကြိုးစားတဲ့အခါမှာ ကျနော်တို့ စိတ်ပူတာကတော့ နိုင်လည်း နိုင်။ ရှုံးလည်း နိုင်။ မနိုင် နိုင်အောင် ရအောင် ကြိုးစားမယ်။ ပြိုင်ဆိုင်မှု ပြင်းပြင်းထန်ထန်   အားလုံးက ဆောင်ရွက်လိမ့်မယ်လို့ ခန့်မှန်းကြည့်တာပေါ့။ အဲဒီလို ပြိုင်ဆိုင်မှုများလို့ရှိရင်တော့ ပြင်းပြင်းထန်ထန်တွေ ဖြစ်လာမယ်။ ၂၀၂၀ ရွေးကောက်ပွဲက တည်တည်ငြိမ်ငြိမ်နဲ့ ပြီးသွားမယ့် ရွေးကောက်ပွဲမျိုးမဟုတ်ဘူး။၂၀၂၀ ကတော့  ရွေးကောက်ပွဲကတော့ ကိစ္စမရှိပါဘူး။ သူ့ပုံမှန်သူ့ပုံစံအတိုင်း လုပ်ရမယ့်ကိစ္စ လုပ်ရမှာပဲ။ သို့သော်လည်းပဲ ခုနက တစ်ဖက်နဲ့ တစ်ဖက်နဲ့ ပြင်းထန်တဲ့ ပဋိပက္ခ တွေ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ နဲ့ ပဋိပက္ခတွေလည်း ပိုပြီးများမယ်လို့ ထင်တယ်။ အဲဒီအတွက်တော့ စိတ်ပူမိပါတယ်။

မေး။     ။ တချို့ကတော့ ၂၀၂၀ မတိုင်မီ စစ်အာဏာသိမ်းမယ်လို့ ခန့်မှန်းတာတွေရှိတယ်။ အာဏာသိမ်းနိုင်လား။

ဖြေ။    ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းဖို့ မလိုဘူး။  တပ်မတော်က သူတွေလည်း နားလည်ပါတယ်။ စစ်အာဏာသိမ်းလို့ရှိရင် အခု သူတို့ ရရှိနေတဲ့ စစ်အာဏာထက်ပိုပြီး လုပ်ပိုင်ခွင့် အခွင့်ရေး ပိုပြီး လျှော့သွားမှာ။ အများကြီးလျှော့သွားမယ်။  ဒါ့အပြင် စစ်အာဏာသိမ်းတယ်ဆိုတာ တစ်တိုင်းပြည်လုံးကို တာဝန်ယူရတာဖြစ်တယ်။ ဒီနေ့ တိုင်းပြည်မှာဖြစ်နေတဲ့ ဘဏ်ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စကည်း မပြီးသေး။ ပဋိပက္ခ တွေကလည်းပိုပြီးတော့များလာတယ်။ ဒီလိုအချိန်မှာ စစ်အာဏာသိမ်းတယ်ဆိုရင် အားလုံးကို တာဝန်ယူရမှာဖြစ်တယ်။ သိမ်းမယ်လို့ မထင်ပါဘူး။ သိမ်းခိုင်းတာတောင်မှ ငြင်းဆန်ပါလိမ့်မယ်။

မေး။     ။ SNLD အနေနဲ့ NLD နဲ့အတူ စစ်အစိုးရကို တွဲပြီး တိုက်ခဲ့တယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဟာမိတ်လုပ်ဖို့ရှိလား။

ဖြေ။     ။ ဖြစ်နိုင်တယ်လို့ မထင်ဘူး။ ဟိုတစ်လောကပဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ပြောတယ်လေ။ သူတို့မှာ ဘယ်တုန်းကမှ မဟာမိတ်မရှိခဲ့ဘူး။ မဟာမိတ်ရှိမှာလည်းမဟုတ်ဘူး။ ဒီကိစ္စ ကျနော်တို့ တိုင်းရင်းသားအသိုင်းအဝိုင်းမှာတော့ ဒီကိစ္စ တော်တော်လေးကို စိတ်မကောင်းဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ၉၀ ရွေးကောက်ပွဲ အပြီးမှာ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ထွက်ပါတယ်။ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို လက်မှတ်ထိုးတာ UNL တိုင်းရင်းသားညီညွတ်ရေး ပါတယ်။ တပ်ပေါင်းစုပါတယ်။  NLD ပါတယ်။ SNLD ပါတယ်။ သုံးပွင့်ဆိုင် ထိုးခဲ့ပါတယ်။ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်က ဂန္ဒီ အစည်းအဝေးကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ဒါ ထင်ရှားပါတယ်။ ဖျောက်ဖျက်ထားလို့မရတဲ့ကိစ္စပါ။ နောက်တစ်ခါ သိပ်အကျပ်အတည်း တွေ့လာတဲ့အခါ လွှတ်တော် မခေါ်သေးတဲ့အတွက် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP ကို တိုင်းရင်းသားတွေက ဝန်းရံခဲ့ပါတယ်။ အဲဒီလို ဝန်းရံခဲ့လို့ပဲ ရခိုင်တို့လို မွန်တို့လို ခေါင်းဆောင်ကြီးတွေ ထောင်ထဲရောက်ခဲ့ရတာ ရှိပါတယ်။ ဒါကို ဘာကြောင့်မျက်ကွယ်ပြုလဲ မသိပါဘူး။ သို့သော်လည်းပဲ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဟာမိတ် မူဝါဒ မရှိဘူးဆိုတာ ပွင့်ပွင့်လင်းပြောပြီဆိုတော့ ကျနော်တို့အနေနဲ့ NLD တွဲလုပ်ဖို့ ဘာမှ ရှိမယ်မထင်ပါဘူး။

မေး။     ။ SNLD အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုဝင်မလဲ။ တစ်ပြည်လုံးဝင်မလား။ ရှမ်းပြည်နယ်ပဲ ဝင်မလား။

ဖြေ။     ။ ကျနော်တို့ စည်းရုံးရေးနယ်မြေက ကချင်မှာလည်းရှိပါတယ်။ နောက်ပြီးတော့ ကယားမှာလည်းရှိပါတယ်။ ရှမ်းပြည်မှာလည်းရှိပါတယ်။ ကျနော်တို့ စည်းရုံးနယ်မြေတွေ မပြီးသေးပါဘူး။ မပြီးသေးတဲ့အတွက် နေရာတိုင်းတော့ လျှောက်ပြိုင်ဖို့ မရှိပါဘူး။ ကျနော်တို့ကိုယ်စားလှယ်လောင်းကလည်း သက်ဆိုင်ရာ ပြည်နယ်ရဲ့ အကျိုးစီးပွားကို တကယ်ထမ်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်။ ကျနော်တို့ ထောက်ခံတဲ့ လူထုလည်းရှိတယ်ဆိုရင် အဲဒီနေရာတွေ ကျနော်တို့ ဝင်ရမှာပါ။ ကျနော်တို့ မှတ်ပုံတင်တာကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

မေး။      ။ SNLD အနေနဲ့ ဘယ်လောက် နိုင်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။      ။  ကျနော်တို့ ဘယ်နှစ်ယောက်ဝင်မယ်ဆိုတာ အခုထက်ထိ ဘာမှ ပြောလို့မရသေးပါဘူး။ တကယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်တိုင်းရင်းသားပါတီမှ အာဏာရနိုင်စရာမရှိပါဘူး။ မဟာမိတ်ဖွဲ့မယ်ဆိုပြီး လုပ်နေကြတာတွေလည်းရှိတယ်။ အဲဒါလည်း စိတ်ကူးယဉ်တာပါပဲ။ ကျနော်တို့မှာ Chance က အရမ်းနည်းပါတယ်။ သို့သော်လည်း ကျနော်တို့ ရသလောက် ပြည်သူ့ကိုယ်စားလှယ်လေ တွေ ရသလောက် ရွေးချယ်ခံရအောင် လုပ်ပါ့မယ်။ ရွေးချယ်ခံရလို့ရှိရင် အစိုးရအဖွဲ့ဖွဲ့နိုင်တဲ့အထိ မရှိဘူးဆိုပေမယ့် မြို့နယ်တွေမှာရှိတဲ့ လူထုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တယ်။ လူထုရဲ့ လိုအပ်ချက်တွေကို မေးခွန်းတွေ မေးမြန်းပြီး လွှတ်တော်မှာ ဆောင်ရွက်ပေးနိုင်တယ်။ တကယ်တော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အများဆုံးလုပ်နိုင်တာက အဲဒီလောက်ပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com