All News Election interview

“၂၀၁၅ လို ပုံစံမျိုး မဖြစ်တော့ဘူးလို့ ကျနော်တို့ သုံးသပ်တယ်။ ယှဉ်ပြိုင်ရမယ့် ပါတီက NLD ပဲ ဖြစ်လိမ့်မယ် “

“၂၀၁၅ လို ပုံစံမျိုး မဖြစ်တော့ဘူးလို့ ကျနော်တို့ သုံးသပ်တယ်။ ယှဉ်ပြိုင်ရမယ့် ပါတီက NLD ပဲ ဖြစ်လိမ့်မယ် “

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပူးတွဲ ဥက္ကဋ္ဌ ဦးပူနိုထန်ကပ် နှင့် ဆက်သွယ်မေးမြန်းချက်

ချင်းနိုင်ငံရေးပါတီ ပူးပေါင်းပြီးနောက် ဖြစ်ပေါ်လာသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပူးတွဲဥက္ကဋ္ဌ ဦးပူနိုထန်ကပ်ကို လာမည့် ၂၀၂၀ နိုင်ငံရေး အခင်းအကျင်းများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ၊ ချင်းတိုးတက်ရေးပါတီ နှင့်ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ ပါဝင်သော ချင်းနိုင်ငံရေးပါတီ အဖြစ် ပူးပေါင်းမှုက ဘယ်လို အကျိုးတွေ ဖြစ်ထွန်းနိုင်လဲ။

ဖြေ။ ။ အကြောင်းအရာက ပြည်သူကလည်း တောင်းဆိုတယ်။ ၂၀၂၀ ရွေးကောက်ပွဲလည်း ယှဉ်ပြိုင်မယ်။ ပြီးတော့ ရည်ရွယ်ချက်နှင့် မူဝါဒလည်း သွားပြီး တူညီနေတော့ ပူးပေါင်းစရာ အကြောင်းမရှိဘူးဆိုပြီး ကျနော်တို့ ပေါင်းစည်းလိုက်တာ ဖြစ်တယ်။

မေး။ ။ ပါတီဖွဲ့စည်းပြီးနောက် ပြင်ဆင်ရေးအပိုင်းတွေ ဘာတွေလုပ်ဆောင်တာရှိလဲ။

ဖြေ။ ။ မှတ်ပုံတင်ဖို့ ပါတီတွေ ပေါင်းစည်းရေး လက်မှတ်ထိုးတာက စက်တင်ဘာ ၂၉ ရက် ၊ ၂၀၁၈ ခုနှစ် ၊ မှတ်ပုံတင် သွားတင်တာက အောက်တိုဘာလ ၁၅ ၊ ၁၆ ရက် ၊ ဒါပေမဲ့ မှတ်ပုံတင်နံပါတ် ပြန်ကျလာတာက ၈ လ နောက်ပိုင်းမှာ ။ ဒီနေရာ ပြောချင်တာက အရင်အစိုးရ ရွေးကောက်ပွဲကော်မရှင်မှာ ၃ လလောက်ပဲ ကြာတယ်။ အခုက ၈ လတောင် ကြာသွားတော့ နွေရာသီ ၊ လမ်းကောင်းတဲ့ ချင်းတောင်တန်းတွေကို သွားလို့မရတော့ဘူး။ မိုးရာသီကျမှာ သွားရတော့ ခရီးနှင်ရတော့ တော်တော်လေးကို နာသွားတယ်။

မေး။ ။ ချင်းပြည်နယ်မှာပဲ အခြေစိုက်ပြီး ပါတီရုံးခန်းတွေဖွင့်လှစ်ပြီး ပါတီလှုပ်ရှားမှုတွေ လုပ်သွားမလား ၊ တခြားပြည်နယ်တွေမှ ပါတီလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ရှိနိုင်မလား ။

ဖြေ။ ။ ရှိနိုင်ပါတယ်။ ချင်းပြည်နယ် ၉ မြို့နယ်မှာ ရုံးစိုက်ပြီးပြီ။ ပလက်ဝ ကျန်သေးတယ်။ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် ၊ မနက်ဖြန် ဆိုရင် စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ တမူး ၊ ကန်ပက်လက် စသည်နေရာတွေမှ ကျနော်တို့ ထောင်မယ် ။ ဂန့်ဂေါ ၊ ချင်းတွင်း တွေမှာ ပါတီဆက်ထောင်မယ်။ တဆက်တည်း ကျန်တဲ့ တိုင်းဒေသ ပြည်နယ်မှာလည်း ဆိုင်းဘုတ်က ၂၀ နေရာလောက်ထောင်ဖို့ ရှိတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ရင်လည်း ရွေးကောက်ပွဲ အမတ် ၆၀ ကျော်လောက် ဝင်ပြိုင်ဖို့ ရှိတယ်။ ချင်းပြည်နယ် ၊ ၉ မြို့နယ်မှာ ဆိုင်းဘုတ်ထောင်မယ်။ ကျန်တဲ့ ၁၀ နေရာကျော်လောက် ချင်းပြည်နယ် ပြင်ပမှာ ဖြစ်ပါလိမ့်မယ်။ ပါတီဝင်အင်အား က အရင်က သုံးပါတီ အင်အားက အသီးသီး ၁ သိန်းဝန်းကျင်လောက် ရှိတယ်။ အားလုံးပေါင်း ၃ သိန်းထက် မနည်းဘူး။ ချင်းပြည်နယ်မှာ လူဦးရေက ၅ သိန်းကျော်ရှိတယ်။ တီးတန်ဘက်မှာ ၁ သိန်းကျော် ၊ အဲ့ထဲမှာ ၃ သိန်းကျော်လောက် ပါတီဝင်ရှိနေတယ်။

မေး။ ။ ပါတီရဲ့ မူဝါဒပိုင်းတော့ ဘာတွေ ပြင်ဆင်ထားတာ ရှိလဲ။

ဖြေ ။ မူဝါဒက အထူးသဖြင့် နိုင်ငံရေးလမ်းစဉ်က ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ပေါ့ ။ ဖယ်ဒရယ် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကိုင်စွဲထားပြီးတော့ ဒါကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ လွှတ်တော် အတွင်းကနေ အကောင်အထည်ဖော်ဖို့ ကြိုးစားပါမယ်လို့ မူဝါဒကို ချမှတ်ထားတယ်။ ကျန်တဲ့တော့ ကျန်းမာရေး ၊ ပညာရေး အမျိုးမျိုး ရှိတာပေါ့။

မေး။ ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အဓိက ယှဉ်ပြိုင်မှုအနေအထား ဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။ကျနော်တို့ ယှဉ်ပြိုင်ရမယ့် ပါတီက NLD ပဲ ဖြစ်လိမ့်မယ် ၊ NLD နှင့် CNLD နာမည်ကလည်း ဆင်တူယိုးမှာ ဖြစ်နေတယ်။ အဲဒါက အကြီးအကျယ် ၂၀၂၀ မှာ ယှဉ်ပြိုင်ရလိမ့်မယ်။ NLD ဆိုတာ ချင်းတိုင်းရင်းသားကနေ အဖွဲ့ဝင်ဖြစ်တဲ့ ၊ အမတ်လောင်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် သူတို့နဲ့ ယှဉ်ပြိုင်ရမှာပေါ့။ စိန်ခေါ်မှု အကြီးဆုံးက သူတို့ဆီကနေ လာလိမ့်မယ်။ ဒါပေမဲ့ ၂၀၁၅ လို ပုံစံမျိုး မဖြစ်တော့ဘူးလို့ ကျနော်တို့ သုံးသပ်တယ်။ ၂၀၁၅ မှာတော့ ပြည်သူအားလုံးက ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့ ပြောင်းလဲမယ်ဆိုတဲ့ အတိုချုပ်အားဖြင့် ယုံကြည်ထားတယ်။ မဲ တစ်ခဲနက် ပေးတယ်။ အလုံးအရင်းနဲ့ ချင်းပြည်နယ်မှာ NLD က အနိုင်ရတယ်။ သို့သော် ယုံကြည်ချက်က နှစ်ကာလ တရွေ့ရွေ့ ပြောင်းလဲသွားတော့ သူတို့ မျှော်လင့်ချက် က မျှော်လင့်သလို မဟုတ်ဘူး ဆိုတာ သူတို့ ယုံကြည်တယ်။ ခံယူတယ်။ ဒီတော့ မျှော်လင့်ချက်က ချင်းပါတီမှာပဲ ဖြစ်တော့မယ်ဆိုတဲ့ ယုံကြည်ချက်က ကြီးလာတယ်။ ၊ အဲ့တော့ ကျနော်တို့ပါတီက မျှော်လင့်ချက် အများကြီး ရှိတယ်။

မေး။ ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပါတီအနေဖြင့် အဓိက စိန်ခေါ်မှု ဘာလဲ။

ဖြေ။ ။ စိန်ခေါ်မှုကတော့ NLD ဘက်ကပဲ လာမှာပေ့ါ ။ ကျန်တဲ့ ပါတီတွေကတော့ ရှိတော့ ရှိမယ် ။ဒါပေမဲ့ စိန်ခေါ်မှုအကြီးဆုံးကတော့ NLD ဆီကပဲ လာမယ်။ ဘာကြောင့်လဲဆိုတော့ NLD ပါတီမှာ ဥပမာ- ဒုသမ္မတ ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် အဲ့တာတွေက NLD ပါတီဝင်တွေ ဖြစ်နေတယ်လေ။

မေး။ ။ CNLD ပါတီ ရဲ့ ကိုယ်စားလှယ်လောင်း ဘယ်လောက်က လာမည့် ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်သွားမလဲ။

ဖြေ။ ။ ကိုယ်စားလှယ်လောင်း ၆၀ ကတော့ အနည်းဆုံး ယှဉ်ပြိုင်လိမ့်မယ်။ ချင်းပြည်နယ် မှာ ၁၈ နေရာ ၊ မြို့နယ်တစ်ခုမှာ ၂ ယောက် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှိတယ်။ ၁၈ ယောက် ၊ အမျိုးသားလွှတ်တော် နှင့် ပြည်သူလွှတ်တော်က ၂၁ ယောက် အားလုံးပေါင်း ၃၀ လောက် အကုန်လုံးဝင်ပြိုင်မယ်။

မေး။ ။ လာမည့် ရွေးကောက်ပွဲအပေါ် NLD ပါတီအပါအဝင် တခြားသော ပါတီ တွေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ ဒီအပေါ် ဘာများ ပြောဆိုချင်တာရှိလဲ။

ဖြေ။ ။ တခြားပါတီတွေ ဘယ်လောက်ပဲ ယှဉ်ပြိုင်ပါစေ ၊အဲ့တာကို ကျနော်တို့ နားလည်မှု အတတ်နိုင်ဆုံး ယူမယ်။ မယူရင်တော့ အဲ့တာက စိန်ခေါ်မှုတစ်ခုအဖြစ် ကျနော်တို့ မယူဆဘူး။

မေး ။ ။ လွှတ်တော်အတွင်း ရောက်ရှိမယ်ဆိုရင် ဘယ်လိုမူဝါဒတွေ လုပ်ဆောင်သွားဖို့ ရှိလဲ ။

ဖြေ။ ။ ကျနော်တို့မှာ မူဝါဒလမ်းစဉ်တွေ ရှိတယ်။ ပြည်ထောင်စု အဆင့်မှာ အမျိုးသာ း နှင့် ပြည်သူ့ လွှတ်တော်အနိုင်ရမယ်ဆိုရင် ဆောင်ရွက်ရမှာက ဒီမိုကရေစီ ပြည်ထောင်စုအရေးကို သူတို့ အရေးဆိုရမှာပဲ ဖြစ်တယ်။ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါတဲ့ လမ်းစဉ် ၊ ရည်ရွယ်ချက်ကို ရှေးရူပြီးပြင်ဆင်ရမယ်။ ဒေသဖွံဖြိုးရေးကတော့ တစ်ပိုင်းပေါ့ ။ အဲဒီအတိုင်းသူတို့က ဆက်သွားမှာပဲ။

မေး ။ ။ ရွေးကောက်ပွဲအတွက် ပါတီကနေ ရည်မှန်းထားတာအချက် နှင့် ပြင်ဆင်မှု ဘာတွေ ရှိနိုင်သလဲ။

ဖြေ။ ။ မြို့နယ်တစ်ခုစီမှာ ဖြစ်နိုင်ရင် ချင်းအမျိုးသမီးတစ်ယောက် ပါရှိချင်တယ်။ မရှိရင်တော့ တစ်ပိုင်းပေါ့။ အမျိုးသမီးကတော့ ၃၀ ရာခိုင်နှုန်း တော့ ၊ နောက်လူငယ်အပိုင်းလည်း အားပေးတယ်။ ချင်းပြည်နယ်က မြို့နယ်တစ်ခုနဲ့ တစ်ခု မတူဘူး။ တချို့က ၅ နေရာ ၊ တချို့က ၄ နေရာ ရှိတယ်။ ဥပမာ- ပြည်ထောင်စု အဆင့် သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘယ်လို့အရည်အချင်း ၊ ပြောနိုင်ဆိုနိုင် ၊ နိုင်ငံရေးခံယူချက် ၊ အဲ့တာကို ရှေ့တန်းတင်ပြီး ပြိုင်ခိုင်းမယ်။ ပြည်နယ်အဆင့်မှတော့ ဝင်ပြိုင်တဲ့ လွှတ်တော်အမတ်လောင်းကတော့ ဘယ်လို့ဖြစ်ရမယ်ဆိုတာ ကျနော်တို့ သေချာစဉ်းစားမယ်။ နောက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးတာက ဗဟိုကနေ မကိုင်ဘူး။ ပြည်နယ်အသီးသီးကနေ ဒေသခံ အခြေအနေကို သေချာလေ့လာပြီး မြို့နယ်အဆင့် ကော်မတီကနေ ရွေးမယ်။ ရွေးတဲ့သူကို ကျနော်တို့က ဗဟိုကနေ အတည်ပြု ပေးမယ်။

မေး ။ ။ လာမည့် ၂၀၂၀၂ ရွေးကောက်ပွဲရလဒ်က ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်တဲ့အထိ မျှော်လင့်ထားတာ ရှိလား။

ဖြေ။ ။ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့က ရှိတာပေါ့ ။ ပြည်ထောင်စု အဆင့်မှာ တစ်ပါတီတည်းနဲ့ ၂၀၁၅ လို ၃၀၀ ကျော် နိုင်မယ့် ပါတီရှိလာမယ်လို့ မထင်ဘူး။ ကျနော် သုံးသပ်ချက်ပါ။ မှားချင် မှားနိုင်ပေါ့ ။ ဆိုတော့ ၃၀၀ ကျော်နိုင်မယ့် ဘယ်ပါတီမဆို အစိုးရဖွဲ့နိုင်ဖို့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့က တိုင်းရင်းသားပါတီ လိုအပ်မယ် ၊ အဲ့နေရာမှာ ကျနော်တို့က ဝင်ကစားလို့ရတာပေါ့ ။

ဒါတင်မက ပြည်ထောင်စုမှာ ညွန့်ပေါင်းက တစ်ပိုင်း၊ ပြည်နယ်အဆင့်မှာ ကျနော်တို့ CNLD ကပဲ တစ်ခဲနက် ၃ ပုံ ၂ ပုံတော့ နိုင်မယ်လို့ တွက်ထားတယ်။ မနိုင်ရင်တောင် အစိုးရ ဖွဲ့နိုင်တဲ့ နည်းလမ်းတော့ ကျနော်တို့ ရှာနေတယ်။ ကျနော်တို့လည်း ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်မယ်လို့ ယုံကြည်ထားတယ်။ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌတို့ ရွေးတဲ့အခါ ကျနော်တို့ က အပြတ်အလားအလာကောင်းတယ်လို့ သုံးသပ်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com