All News Business

အမေရိကန် AVIS ကားငှားရမ်း အကျိုးဆောင်လုပ်ငန်း မြန်မာ့ဈေးကွက်ထဲဝင်ရောက်၊ ပြည်တွင်း အငှားကားလုပ်ငန်းများ စိုးရိမ်မှု မြင့်တက်

အမေရိကန် AVIS ကားငှားရမ်း အကျိုးဆောင်လုပ်ငန်း မြန်မာ့ဈေးကွက်ထဲဝင်ရောက်၊ ပြည်တွင်း အငှားကားလုပ်ငန်းများ စိုးရိမ်မှု မြင့်တက်

ရန်ကုန်၊ စက်တင်ဘာ ၉

အမေရိကန် AVIS ကား ငှားရမ်းခြင်း အကျိုးဆောင်လုပ်ငန်းက မြန်မာ့ဈေးကွက်သို့ ဝင်ရောက်လာပြီး ပြည်တွင်းကားအငှားလုပ်ငန်းများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း ပြည်တွင်းကားအငှားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် Avis မော်တော်ကားငှားရမ်းခြင်း အကျိုးဆောင်လုပ်ငန်း သည် မြန်မာ့ဈေးကွက်ထဲသို့ ဝင်ရောက်လာသည့် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ အမေရိကန်ကုမ္ပဏီက ဒေသခံ လုပ်သားအင်အား ၃၀၀ကို ခေါ်ယူပြီး သင်တန်းများပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးစကော့မာစီရယ်ကတော့ “ဒါဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေက မြန်မာ့ဈေးကွက်ကို စိတ်ပါဝင်စားမှုရှိတယ်ဆိုတဲ့ နောက်ထပ် သာဓကတစ်ခုပါပဲလို့ ဒီသီတင်းပတ်အစောပိုင်းက မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။ ဝမ်းမြောက်ဂုဏ်ယူနေပါတယ် AVIS ရေ” ဟု ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အမေရိကန် AVIS ကားငှားရမ်း အကျိုးဆောင်လုပ်ငန်း ဝင်ရောက်လာမှုသည် ပြည်တွင်း ကားငှားရမ်းမှု လုပ်ငန်းများနှင့် TAXI အငှားယာဉ်များအတွက် ယှဉ်ပြိုင်ရမည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာကြောင်း စမ်းချောင်းမြို့နယ်အခြေစိုက် ရွှေလွန်းပျံ ကားငှားရမ်း အကျိုးဆောင်လုပ်ငန်းမှ ပိုင်ရှင်က ပြောသည်။

“နံပါတ်တစ်က သူက အရင်းအနှီးကြီးကြီး မြှုပ်နှံနိုင်တယ်။ အခုတောင် သင်တန်းသား ကားမောင်းသူ ၃၀၀ ခေါ် သင်တန်းပေးမယ်ဆိုတော့ ကားစီးရေ ဘယ်လောက်နဲ့ ရင်းနှီးမြှုပ်နှံမလဲမသိဘူး။ ကားသစ်တွေရယ် ဝန်ဆောင်မှု ကောင်းကောင်းတွေနဲ့ဆိုရင်တော့ ကျနော်တို့ ပြည်တွင်း ကားငှားရမ်းတဲ့လုပ်ငန်းတွေ အကုန် ပျောက်သွားနိုင်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ် သင်္ဘောကုမ္ပဏီနဲ့ ဦးနာအောက် သေင်္ဘာတွေ ပြိုင်ပြေးသလို ဖြစ်မှာဖြစ်တော့ ကျနော်တို့က ဦးနာအောက်တွေဖြစ်ဖို့များနေပြီ” ဟု ရွှေလွန်းပျံ ကားငှားရမ်း အကျိုးဆောင်လုပ်ငန်း တာဝန်ရှိသူက ဆိုသည်။

အများစုသော တစ်ပိုင်တစ်နိုင် ကားအငှားလုပ်ငန်း ထူထောင်သူများမှာလည်း အမေရိကန် AVIS ကားငှားရမ်း အကျိုးဆောင်လုပ်ငန်း ဝင်ရောက်လာမှု အပေါ် စိုးရိမ်နေကြကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com