All News interview

“အနိုင်ကျင့်တာလည်း မကြည့်ချင်တာနဲ့ သမိုင်းတရားခံလည်း မဖြစ်ချင်တာနဲ့ ထွက်လိုက်ခြင်းဖြစ်ပါတယ်”

“အနိုင်ကျင့်တာလည်း မကြည့်ချင်တာနဲ့ သမိုင်းတရားခံလည်း မဖြစ်ချင်တာနဲ့ ထွက်လိုက်ခြင်းဖြစ်ပါတယ်”

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း နှင့် ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီမှ မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်းသည် တရားဝင်နုတ်ထွက်လိုက်သည်။ ဦးစိန်ဝင်း သည် ၄၅ ဦးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ( အန် ယူ ဒီ)ဥက္ကဋ္ဌ လည်းဖြစ်သည်။ဦးစိန်ဝင်းသည် ၄၅ ဦးကော်မတီတွင် တာဝန်ယူစဉ်က ခြေ/ဥပြင်ဆင်ရေးနှုင့်ပတ်သက်၍ အကြံပြုချက်စုစုပေါင်း ၃၇၆၅ ခုတွင် ၄၆၂ ချက်ကို အဆိုပြုခဲ့သည်။

သို့သော် သြဂုတ် ၂၉ ရက်နေ့က အဆိုပြုချက်များကို အတည်ပြုရာတွင် လျှို့ဝှက်မဲပေးစနစ်ဆောင်ရွက်ရန်တင်ပြခဲ့သော်လည်း ဆောင်ရွက်မပေးခြင်းကြောင့်လည်းကောင်း၊ ခြေ/ဥပြင်ဆင်ရေး မူဝါဒ ဦးတည်ချက် ၅ ချက်အပေါ် လိုက်နာမှုအားနည်းလျက်ရှိခြင်းကြောင့်လည်းကောင်း တိုင်းရင်းသားများ ဖက်ဒရယ်ပြည်ထောင်စုဆန္ဒများ ဖြည့်ဆည်းပေးနိုင်မှုအားနည်းကြောင်း တွေ့ရှိရသဖြင့် ယခုကဲ့သို့ နှုတ်ထွက်ခြင်းဖြစ်ကြောင်း ဦးစိန်ဝင်း ၏ နုတ်ထွက်စာတွင်ဖော်ပြထားသည်။ယင်းကြောင့် ယခုနုတ်ထွက်ရသည့်အကြောင်းအရင်းကို ဦးစိန်ဝင်းထံ ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

မေး။ ။ NLD ပါတီ ဦးဆောင်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကနေ နှုတ်ထွက်စာ တင်ဖြစ်တဲ့ အကြောင်းအရင်းလေး ပြောပြပေးပါ။

ဖြေ။ ။ အချက် ၃ ချက်ပေါ့။ နံပါတ် – ၁ က မူကြမ်းတစ်ခု ဖြစ်ပေါ်ဖို့အတွက် ရွေးချယ်တဲ့အခါ လက်ညိုး ထောင်စနစ်နဲ့ ရွေးချယ်တယ်။ ကျနော်က လျို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ဖို့ ပြောတယ်။ အဲဒါ မလုပ်ပေးဘူး။ အဲဒါ တစ်ချက် ၊ အဲဒါ မကျေနပ်ဘူးပေါ့ ။

နံပါတ် – ၂ ကတော့ အဲ့လိုသာ ရွေးချယ်သွားမယ်ဆိုရင် ပါတီကြီးတစ်ခုရဲ့ အဆိုတွေပဲ အောင်မြင်သွားမယ်။ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု စနစ်နဲ့ ညီမျှတဲ့ ဥပဒေတွေဟာ လျော့နည်းသွားနိုင်တဲ့ အလားအလာ ရှိတယ်။

နံပါတ်- ၃ က ၂၀၁၉ ခုနှစ် သြဂုတ် ၂၉ ရက်နေ့က အဲ့နေ့က တိုင်းရင်းသားတွေရဲ့ မျက်နှာကိုကြည့်လိုက်တာ အကုန်လုံးက မျက်နှာတွေမဲပြီး စိတ်မကောင်း ဘူးဆိုတာ ခံစားရတယ်လေ။ အဲဒါကို ကျနော်က ကြည့်ပြီး ၊ ဒီနေ့လည်း ဒီလိုဖြစ်လာမှာပဲ။ ဒီနေ့ဆိုရင် ဖွဲ့စည်းပုံတွေ လုပ်နေပြီ။ ဒီနေ့လည်းအဲ့လိုမျိုးတွေ ဖြစ်လာမှာစိုးလို့ ကျနော်က အနိုင်ကျင့်တာလည်း မကြိုက်ဘူး။ သူများ ကို အနိုင်ကျင့်တာလည်း မကြိုက်ဘူး။ အနိုင်ကျင့်တာလည်း မကြည့်ချင်တာနဲ့ ၊ ကျနော်က သမိုင်းတရားခံလည်း မဖြစ်ချင်တာနဲ့ ထွက်လိုက်ခြင်းဖြစ်ပါတယ်။

မေး။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ စဖွဲ့စည်းတုန်းက ပါခဲ့ပြီးမှ အခုမှ နုတ်ထွက်တော့ ဘယ်လိုဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ ကျနော် ဘာကြောင့်ထွက်တာလဲဆိုတာ တော်တော်များများ မေးမြန်းကြပါတယ်။ နောက်ပိုင်းကိစ္စတော့ တိုင်းရင်းသားတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီးတော့ သူတို့ ဆက်ပြီး သွားရင်လည်း သွားမှာပေါ့။

ဒါမှမဟုတ် တချို့လည်း ထွက်ရင်လည်းထွက်မှာပေ့ါ။ အဲဒါလည်း ကျနော်မသိဘူး။ ကျနော့်အပိုင်းတော့ ကျနော်တာဝန်ကို အကောင်းဆုံးကြိုးစားဆောင်ရွက်ပြီးပြီ။ အဆိုးဆုံး အခြေအနေ လာနိုင်တဲ့ အလားအလာ ရှိတဲ့အတွက် ကျနော်က အဲဒီအထဲမှာ မပါချင်လို့ ကျနော်က ကော်မတီက ထွက်လိုက်တာပါ။

မေး။ ။ ဆရာပြောတဲ့ အဆိုးဆုံးအခြေအနေတစ်ခုဆိုတာ ဘယ်လို အခြေအနေကို ဆိုလိုချင်သလဲ။

ဖြေ။ ။ အဆိုးဆုံးအခြေအနေဆိုတာ ကျနော်တို့က ဖွဲ့စည်းပုံ ရေးဆွဲတဲ့အခါမှာ ၄၅ ဦး ကော်မတီမှာ ကျနော်တို့ဆီမှာ ဦးတည်ချက် ၅ ရပ် ရှိတယ်။ ဦးတည်ချက် ( ၅ ) ရပ်က ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု စနစ်တစ်ခု တည်ဆောက်ရမယ်။ ရှေ့နောက်မညီညွတ်တဲ့ ဥပဒေတွေ ပြင်မယ် ၊ အစရှိသမျှ မူဝါဒ ဦးတည်ချက် ( ၅ ) ရပ်နဲ့ ကျနော်တို့ကို တာဝန်ပေးထားတာလေ။ ဒီပုံစံမျိုး နဲ့ဆိုရင် ဒီမူဝါဒ ဦးတည်ချက် ( ၅ )ရပ် ကို အကောင်အထည်ဖော်မှု အားနည်း မှာဖြစ်တဲ့အတွက် ၊ အားအနည်းဆုံးဖြစ်သွားနိုင်တဲ့အတွက် ကျနော်က ထွက်ခြင်းဖြစ်ပါတယ်။

မေး။ ။ အခုပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ဘာများ သုံးသပ်ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ ပြင်ဆင်ရေးပူးပေါင်းရေးကော်မတီ အနေနဲ့ သူတို့ ဆွေးနွေးကြတဲ့အပေါ်မှာ ကျနော်မြင်တာက သူဘက်ကကြည့်ရင် သူဘက်က မှန်တယ်။ ဒီဘက်က ကြည့်ရင် ဒီဘက်က ဒီအတိုင်းမှာ မလုပ်ရင် ဘယ်လိုမျိုးမှာ လုပ်လို့မရဘူး ။

ဥပမာ- ပြောရရင် ထမင်းချက်ပါ ပြောရင် ရေအရင်ဆေးမလား ၊ မီးအရင်မွှေးမလား ၊ အဲဒီတော့ တစ်ဖက်က ပြောလိုက်မယ်။ တောထဲမှာ ရောက်နေတာ ၊ ထင်းကလည်း စိုနေတယ်ဆိုရင် ထင်းအရင်မွှေးမှာပေါ့ ။ ဒါမှာက ရန်ကုန်မှာနေရင်ကော လျှပ်စစ်မီး နဲ့ဆိုရင် ဆန်အရင်ဆေးမယ်ပေါ့ ။ ဒါကလုပ်နည်းတွေမှ ကွာဟတယ်။ ပြင်ဆင်မယ်ဆိုတာက အားလုံးက သဘောတူပြီးသား။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com