All News Local News

သံသယ တရားခံ ကိုအောင်ကြီး ဗစ်တိုးရီးယားကို မမြင်ဘူးဟုပြောဆိုကြောင်း သက်သေများက တရားရုံးတွင် ထွက်ဆို

သံသယ တရားခံ ကိုအောင်ကြီး ဗစ်တိုးရီးယားကို မမြင်ဘူးဟုပြောဆိုကြောင်း သက်သေများက တရားရုံးတွင် ထွက်ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄

နေပြည်တော် Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင် ကလေးငယ်တစ်ဦး လိင်အကြမ်းဖက်ကျူးလွန်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သော တရားခံဟု ယူဆထားသော ကိုအောင်ကြီးသည် ဗစ်တိုးရီးယားကို မမြင်ဘူးကြောင်း ရှာဖွေသက်သေ သိမ်းဆီးစဉ်က ပြောဆိုခဲ့ကြောင်း တရားရုံးတွင် စစ်ဆေးခံသည့် အုပ်ချုပ်ရေးမှူးက ထွက်ဆိုသွားကြောင်း သိရှိရသည်။

ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းထွက်ဆိုမှုများနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည်ရှင်းပြောဆိုခဲ့သည်။

“ဒီနေ့ကတော့ ရှာဖွေသက်သေ နှစ်ယောက်ကို စစ်တာပါပဲ။ ရှာဖွေသက်သေတွေကတော့ ရပ်ကွက်လူကြီးတွေပေါ့။ တကယ်တော့ သုံးယောက်ရှိတယ် တစ်ယောက်က ဆေးရုံတက်နေရလို့ အဲဒီနှစ်ယောက်မှာလည်း ကိုအောင်ကြီးဆီက ပစ္စည်းသိမ်းတယ်ဆိုတဲ့ ရှာဖွေသက်သေက တစ်ယောက်တည်းပါ။ အဲဒီရှာဖွေသက်သေကိုစစ်တဲ့နေရာမှာတော့ ရှာဖွေသက်သေထွက်ထားတဲ့အတိုင်းပဲ ကျွန်တော်ပြောမယ်။ ရှာဖွေသက်သေက သူရောက်သွားတဲ့အချိန်မှာ ကိုအောင်ကြီး အဝတ်အစားတွေကို ရဲစခန်း စားပွဲပေါ်မှာတွေ့တယ်။ ကိုအောင်ကြီးအပ်ပေးတာတော့ သူမမြင်ဘူး။ အဲဒီအချိန်မှာ ကိုအောင်ကြီးလည်း ဘေးမှာမရှိဘူး။ အဲတာနဲ့ သူကနေပြီးတော့မှ ကိုအောင်ကြီးလည်းတွေ့ချင်တယ်ဆိုပြီးတော့ ရဲကကိုအောင်ကြီးနဲ့ တွေ့ပေးတယ် အချုပ်မှာတွေ့တယ်။ တွေ့တွေ့ချင်းမှာ ကိုအောင်ကြီးကပြောတယ်။ ဒီကိစ္စကို ကျွန်တော်လုပ်လည်း မလုပ်ဘူး သိလည်း မသိဘူး။ ကလေးကိုလည်းမမြင်ဖူးဘူးလို့ ကိုအောင်ကြီးက အဲဒီအကြောင်းကိုပြောပြသွားတယ်လို့ သူကထွက်ဆိုတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ယနေ့ရုံးချိန်းတွင် ကိုအောင်ကြီးကို အာမခံ လျှောက်ထားခဲ့ပြီး နောက်လာမည့်ရုံးချိန်းများတွင် ထိုအာမခံကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် အပြန်အလှန်ပေးမည်ဖြစ်ကြောင်း၊ဈ ၎င်းတို့ အာမခံလျောက်ထားခြင်းနှင့် ပတ်သက်ပြီး တင်ပြမည့် အချက်များ ခိုင်လုံမှုရှိ ၊ မရှိ စောင့်ကြည့်နိုင်ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

“ကျွန်တော်တို့ အာမခံ လျှောက်ထားချက် ကို ရုံးကလက်ခံထားပါတယ်။ ၄၉၇ အပိုဒ် ၂ အရ လျှောက်တာပါ။ ကျွန်တော်တို့ ဥပဒေနဲ့ အညီ အခွင့်အရေးရှိတယ်လို့ ကျွန်တော်တို့ကထင်ပါတယ်။ လျှောက်လဲချက်ပေးတဲ့အခါကျရင်တော့ ပိုပြီးတော့ပြောနိုင်မှာပေါ့။ အခုတော့ ကြိုပြီးတော့ ပြောလို့မကောင်းဘူးပေါ့။ လျှောက်လဲချက်ပေးတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ တင်ပြချက်မှာ ဘယ်လောက်ခိုင်လုံတယ်ဆိုတာ ရှေ့ရုံးချိန်းမှာ ပါမှာပါ။ ဟိုဖက်ကလည်း ဘယ်လောက်တင်ပြနိုင်လည်း မသိဘူးပေါ့”ဟု ၎င်းကဆိုသည်။

အမှုကို နောက်လာမည့် အောက်တိုလာလ ၉ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားပြီး Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းရှိ ယာဉ်မောင်းများနှင့် CCTVမှတ်တမ်း ကိုင်ဆောင်သူ ကိုရန်နောင်ဌေးကို စစ်ဆေးသွားရန်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts