All News Local News

သပိတ်မှောက် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ပညာရေးဝန်ကြီး တွေ့ဆုံမည်၊ ပါမောက္ခချုပ်ကို ယနေ့ စတင် စစ်ဆေးမည်

သပိတ်မှောက် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ပညာရေးဝန်ကြီး တွေ့ဆုံမည်၊ ပါမောက္ခချုပ်ကို ယနေ့ စတင် စစ်ဆေးမည်

ရန်ကုန်၊ စက်တင်ဘာ ၇

မန္တလေးတက္ကသိုလ်တွင် တင်ဒါမခေါ်ဘဲ Food Court ဆောက်လုပ်ခြင်းအပေါ် စုံစမ်းစစ်ဆေးရန်အတွက် ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ တရားဝင်ဖွဲ့စည်းပေးလိုက်ပြီး စက်တင်ဘာလ ၈ရက်နေ့တွင် သပိတ်မှောက်ကျောင်းသားများနှင့် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့တွင် ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့က မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအာဏာပိုင်အဖွဲ့အား စတင်စစ်ဆေးသွားမည်ဖြစ်ပြီး သပိတ်မှောက်ကျောင်းသားများလည်း သက်သေထွက်ဆိုရန် တက်ရောက်သွားမည်ဖြစ်ကြောင်း သပိတ်မှောက်ဦးဆောင်ကော်မတီဝင် မယမင်းသူကဆိုသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ စက်တာဘာလ ၆ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းဦးဆောင်သည့် စုံစမ်းအဖွဲ့တစ်ဖွဲ့ကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအာဏာပိုင်အဖွဲ့အား စုံစမ်းစစ်ဆေးရန်အတွက် တရားဝင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။

“ဝန်ကြီးဌာနက food Court ကိစ္စနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ တရားဝင် စာထွက်လာတယ်ပေါ့။ ညီမတို့ကလည်း စာတစ်စောင် လက်ခံရရှိတယ်။ စက်တင်ဘာ ၇ ရက်နေ့ ၉နာရီမှာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်းမှာ ကျွန်မတို့ သမဂ္ဂအနေနဲ့ သက်သေထွက်ချက်ပေးဖို့ ဝန်ကြီးဌာနက စာတစ်စောင်ရောက်လာတယ်။ အဲဒီတော့ ညီမတို့အနေနဲ့ ဒီအဖွဲ့ဟာ ယုံကြည်ရလား မယုံကြည်ရလား ဆက်ပြီးတော့ စောင့်ကြည့်သွားမယ်’ ဟု ၎င်းကဆိုသည်။

မန္တလေးတက္ကသိုလ်ပိုင်မြေဧကအတွင်း Food Court ဆောက်လုပ်ခွင့် လုပ်ပိုင်ခွင့်ပေးရာတွင် နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်(၁/၂၀၁၇) ချိုးဖောက်၍တင်ဒါမခေါ်ယူခြင်း၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့၏ ခွင့်ပြုချက်မရရှိဘဲ တည်ဆောက်ပြီးမှ အသိပေးခြင်း၊ ကျောင်းသားများသမဂ္ဂ၏ လက်မှတ်ကို အတုပြုလုပ်ခြင်း စသော အကြောင်းအရာများကို တက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းအာဏာပိုင်အဖွဲ့ကကျူးလွန်ခဲ့ကြောင်း သပိတ်ဦးဆောင်ကော်မတီအဖွဲ့ ကဆိုသည်။

‘ သပိတ်ကတော့ မှောက်ထားဆဲပဲ သပိတ်ဆိုတာလည်း ညီမတို့ရဲ့ ရည်ရွယ်ချက်ကို အကုန်ရမှ တောင်းဆိုချက် ၇ချက်ရှိတယ်ပေါ့။ ၇ချက်လုံးအကုန်ရမှ သပိတ်ပြန်ရုပ်သိမ်းမှာပေါ့။ ညီမတို့မနေနဲ့ စုံစမ်းရေးအဖွဲ့ကို မယုံဘူး။ ဘာကြောင့် မယုံလည်းဆိုတော့ ပညာရေးဝန်ကြီးဌာနက ပါမေက္ခချုပ်ကို ကနဦးတည်းကကာကွယ်ပေးတယ်ပေါ့။ ရှေ့မှာလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ အတုယောင်စစ်ဆေးမှုတွေ စစ်ဆေးတယ်ပေါ့။ အဲတာကြောင့်ညီမတို့ အခုချိန်ထိယုံကြည်မှုမရှိသေးဘူး။ သူတို့စုံစမ်းစစ်ဆေးရေးအဖွဲ့က မျှမျှတတရှိရဲ့လားလို့ ညီမတို့က အရင်ဆုံးကြည့်ပြီးမှပဲ ယုံကြည်ရလား မယုံကြည်ရဘူးလားပြောလို့ရမယ်။ အခုတစ်နိုင်ငံလုံးနီးပါးမှာရှိတဲ့ သမဂ္ဂတွေတော်တော်များများကလည်း သပိတ်ကိုထောက်ခံလာတယ်ပေါ့။ အားပေးကျတယ် ကူညီကျတယ်။ အဲဒီအခြေအနေကိုကြည့်ပြီးတော့ သူတို့ဖက်က အမြန်ဆုံး ဒီလိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပေးလိုက်တာလို့ ထင်တယ်” ဟု သပိတ်ကော်မတီဝင် မယမင်းသူက ဆိုသည်။

“မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊စစ်ဆေးအရေးယူပေးရေး”၊ “ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သောစုံစမ်းစစ်ဆေးရေးအဖွဲ့အားအယုံအကြည်မရှိ”၊ “မန္တလေးတက္ကသိုလ်အားအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ”၊ “နိုင်ငံတော်သမ္မတ ညွှန်ကြားချက် နှင့်တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော အုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး”၊ “ကျောင်းတွင်းစီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး” စသည့် အချက်၅ချက်အပြင် “မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေး”၊ “ပညာရေးဝန်ကြီးက အမြန်ဆုံးလာရောက်ဖြေရှင်းပေးရေး” စသောအချက်၂ချက်ပါ သပိတ်မှောက်ကျောင်းသားများက ထပ်မံတောင်းဆိုထားသည်။

ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ကျောင်းသားသမဂ္ဂ ၁၈ ခုမှ ကျောင်းသားများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆောင်ရွက်နေသော သပိတ်နှင့်ပတ်သက်၍ အသေးစိတ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com