All News Business Local News

လုပ်ငန်းရှင်များ၏ အကြွေး ကျပ် ဘီလီယံ ၂၄၀၀၀ ကျော်နှင့် ဘဏ်ဂယက် ရွှေ၊ ဒေါ်လာဈေးကို ရိုက်ခတ်၊ ရွှေတစ်ကျပ်သား ၁၃ သိန်းနီးပါးရောက်

လုပ်ငန်းရှင်များ၏ အကြွေး ကျပ် ဘီလီယံ ၂၄၀၀၀ ကျော်နှင့် ဘဏ်ဂယက် ရွှေ၊ ဒေါ်လာဈေးကို ရိုက်ခတ်၊ ရွှေတစ်ကျပ်သား ၁၃ သိန်းနီးပါးရောက်

ရန်ကုန်၊ စက်တင်ဘာ ၅

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်းများ မြင့်တက်လာနေပြီး ယင်းသို့ ထိုးတက်လာမှုမှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၏ လွှတ်တော်တွင်း ပြောဆိုခဲ့သည့် စကားနောက်ဆက်တွဲ ဘဏ်ကောလဟလများကြောင့် ဘဏ်များမှ ငွေထုတ်ပြီး ရွှေနှင့်ဒေါ်လာ ဝယ်ယူမှုများ ပြားလာခြင်းကြောင့် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းဈေးကွက်တွင် စက်တင်ဘာလ ၄ ရက်နေ့က အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၁ ကျပ်ထိဈေးနှုန်းမြင့်တက်လာပြီး ရွှေဈေးနှုန်းမှာမူ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၂၈၂၀၀၀ ကျပ် အထိ အမြင့်ဆုံး ထိုးတက်နေကြောင်း၊ အရောင်းအဝယ်မှာမူ ရွှေနှင့် ဒေါ်လာ နှစ်မျိုးစလုံး ဝယ်ယူမှု များပြားပြီး ရောင်းသူနည်းပါးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပုံမှန်အားဖြင့် ယင်းသို့ အခြေအနေမှာ ပြည်တွင်းတွင် ဘဏ်များနှင့်ပတ်သက်၍ ကောလဟလ သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယခု စက်တင်ဘာလကုန်လျှင် အကြွေးပြန်မဆပ်သော လုပ်ငန်းရှင်ကြီးများကို ဘဏ်များက တရားစွဲဆိုနိုင်သည်ဆိုသော သတင်းများက ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်း၏ သြဂုတ်လ ၂၇ ရက်နေ့ လွှတ်တော်တွင်း ဖြေကြားချက် ထွက်ပေါ်ပြီးနောက် နောက်ဆက်တွဲဆိုသလို ဖြစ်ပေါ်လာရမှ စတင်လာခြင်းဖြစ်သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်းက ဩဂုတ်လ ၂၇ ရက်နေ့ွတင် ပြည်သူ့လွှတ်တော်အစည်းအေဝး၌ မင်းကင်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မြင့်၏ တစ်ဆက်စပ်တည်း မေးခွန်းဖြစ်သည့် ဗဟိုဘဏ် အနေဖြင့် ဘဏ်လုပ်ငန်းရှင် များကို ဖိတ်ကြားတွေ့ဆုံပြီး လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်မည့် ငြင်သာ ပျော့ပျောင်းသော အဖြေတစ်ခုရရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ဖြေကြားရာမှ ယင်းဂယက်စတင်လာခြင်းဖြစ်သည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်းက ဘဏ်များက ထုတ်ချေးထားသော ပိုက်ဆံများသည် ဘဏ်များပိုင်ဆိုင်သော ငွေကြေးမဟုတ်ဘဲ ပြည်သူ့ငွေများဖြစ်ကြောင်း၊ ချေးငွေကို အတိုးသာမက အရင်းပါ ပြန်မဆပ်ဘဲ နေလာသည်မှာ ၂ နှစ်၊ ၃ နှစ်ရှိလာပြီဖြစ်ပြီး ဘဏ်များနှင့် ညှိနှိုင်းရသည့် အဆင့်ကျော်လွန်သွားပြီဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များ ၏ ပြဿနာများကို တတ်နိုငေ်သလာက်ညှိနှိုင်း ဆောင်ွရက်ခဲ့ပြီး အချိန်များလည်းအများကြီးစောင့်ခဲ့ပြီးပြီဖြစ်ကြောင်း၊ နောက်ထပ် အလျှော့ပေး ဆောင်ရွန်ရန် အနေအထားမရှိတော့ကြောင်း ဖြေကြားခဲ့သည်။

ယင်းနောက် ဗဟိုဘဏ်က စက်တင်ဘာလ ၂ ရက်နေ့တွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၏ စကားသည် ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြောဆိုပြီး ပြည်သူများ မစိုးရိမ်ရန် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ဘဏ်များတွင် စီးပွားရေးလုပ်ငန်းရှင်အများစုက အကြွေး ကျပ် ၂၄၂၂၆ ဘီလီယံကျာ် ရှိနေပြီး လုပ်ငန်းရှင်များချေးငှားထားသော ချေးငွေပမာဏများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျပ် ၁၆၅၅၅၁၃၂ ဒသမ ၀၄ သန်း (၆၈ ဒသမ ၃၄ ရာခိုင်နှုန်း)၊ ထုတ်လုပ်မှု ကျပ် ၄၃၉၃ ဒသမ ၄၀ သန်း (၀ ဒသမ ၀၂ ရာခိုင်နှုန်း)၊ ကုန်သွယ်မှု ကျပ် ၂၂၇၄၇၆ ဒသမ ၅၇ သန်း (၀ ဒသမ ၉၄ ရာခိုင်နှုန်း)၊ သယ်ယူပို့ဆောင်ရေး ကျပ် ၂၈၉၈၅၅ ဒသမ ၉၇ သန်း (၁ ဒသမ ၂၀ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကျပ် ၂၁၈၇၃၇၃ ဒသမ ၈၉ သန်း (၉ ဒသမ ၀၃ ရာခိုင်နှုန်း)၊ ဝန်ဆောင်မှု ကျပ် ၂၅၂၀၄၄၆ ဒသမ ၂၁ သန်း (၁၀ ဒသမ ၄၀ ရာခိုင်နှုန်း)၊ အိမ်ရာချေးငွေ ကျပ် ၁၈၄၅၄၁၈ ဒသမ ၂၆ သန်း (၇ ဒသမ ၆၂ ရာခိုင်နှုန်း)၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက်ချေးငွေ ကျပ် ၃၆၄၇၄ ဒသမ ၃၈ သန်း (၀ ဒသမ ၁၅ ရာခိုင်နှုန်း)၊ အထွေထွေ ကျပ် ၅၅၉၅၃၆ ဒသမ ၅၆ သန်း (၂ ဒသမ ၃၁ ရာ ခိုင်နှုန်း) တို့ဖြစ်ပြီး ချေးငွေစုစုပေါင်း ကျပ် ၂၄၂၂၆၁၀၇ ဒသမ ၂၈ သန်း (ကျပ် ၂၄၂၂၆ ဒသမ ၁၀၇ ဘီလီယံ) ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဗဟိုဘဏ်၏ ဘဏ္ဍာရေးအကူးအပြောင်းအစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။

စီးပွားရေးလုပ်ငန်းရှင်အများစုကလည်း ချေးငွေများကို ပြန်မဆပ်နိုင်ဘဲ တရားစွဲဆိုမည်ဆိုပါကလည်း ရင်ဆိုင်သွားမည်ဟု သတင်းစကားများကို မီဒီယာများမှတစ်ဆင့် ပြောဆိုလာကြပြီး ယင်းပြောဆိုမှုများက ငွေအပ်နှံထားသူများကို စိုးရိမ်စိတ်များဖြစ်ပေါ်လာစေကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ဘဏ်များတွင် အပ်နှံထားသော ငွေကြေးပမာဏသည် ဘီလီယံ ၄၂၀၀၀ ကျော်ရှိပြီး လုပ်ငန်းရှင်များ ချေးယူထားသော ငွေကျပ် ၂၄၀၀၀ ကျော်မှာ အပ်ငွေ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ရှိနေရာ ယင်းအခြေအနေက စိတ်ပူပန်မှုများ ဖြစ်ပေါ်စေသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က စက်တင်ဘာလ ၄ ရက်နေ့တွင် အစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပြီး ယင်းအစည်းအဝေးတွင် ရွှေဈေးနှုန်းများ တည်ငြိမ်အောင် ထိန်းသိမ်းစေရန် အဓိက မှာကြားခဲ့ပြီး လူများ ဘဏ်များငွေများ ထုတ်ယူကာ ရွှေဝယ်လာကြခြင်းသည် ရွှေဈေးနှုန်းမြင့်တက်စေမှုတွင် အဓိက အချက်တစ်ချက် အဖြစ်ပါဝင်နေကြောင်းပြောဆိုထားသည်။

“ပြည်းတွင်းမှာလည်း ကောလဟာလ တစ်ချို့ကြောင့် ဈေးတက်လာခြင်းရှိပါတယ်။ ဘဏ်တွေဟာ ဘာဖြစ်တယ် ညာဖြစ်တယ်။ ပြောရင်းပြောရင်းနဲ့ ကျွန်တော်တို့ ဒုဥက္ကဋ္ဌ တစ်ယောက်ကလည်း လွှတ်တော်မှာ ပြောလိုက်တဲ့စကား အကုန်လုံးက ပြည်သူတွေဟာ အထင်တစ်မျိုးဆီ ဖြစ်ပြီးတော့ ရွှေကို ဘဏ်ကနေငွေထုတ်တယ်။ ရွှေကိုပြန်ဝယ်တဲ့ အခြေအနေမျိုးလည်းရှိပါတယ်။ ကျွန်တော်တို့ ဘဏ်ရဲ့ အတိုးနှုန်းဟာ ၁ဒဿမ၂ လောက်ပဲရှိပြီးတော့ ရွှေရဲ့ လစဉ်အတိုးနှုန်းဟာ ၆ဒဿမ၅ လောက်ရှိတဲ့အတွက် လုပ်ငန်းရှင်တွေတော်တော် များများဟာ ကျွန်တော်တို့ ရွှေဖက်ကိုပြန်ပြီးတော့ ဈေးနှုန်းတက်လာရခြင်းမျိုးရှိပါတယ်” ဟု ဦးမျိုးမြင့်က ပြောဆိုသည်။

ရွှေဈေးတက်စေသော အခြားသော အကြောင်းအရာများတွင် ဒေါ်လာတန်ဖိုးမြင့်တက်ခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်း၊ မိုးရာသီ ရွှေကုန်ကြမ်းရှားပါးခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ တိုက်ပွဲများကြောင့် ရပ်ဆိုင်းနေခြင်းတို့ကြောင့်လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများနှင့် သတင်းများပေါ်မူတည်၍ ဘဏ်များမှ ငွေထုတ်ယူမှုများ ဆက်လက် များပြားလာခြင်းမရှိစေရန် အရေးကြီးပြီး အစိုးရအနေဖြင့် ငွေအပ်နှံသူများ၏ စိုးရိမ်မှုများ သေချာစွာ လျှော့ချနိုင်ရေး လုပ်ဆောင်ရန် အရေးတကြီး လိုအပ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။

ဘဏ်ဂယက်နှင့် ကောလဟလ သတင်းများသည် ဘဏ်များမှ ငွေထုတ်ယူခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်သဖြင့် စဉ်ဆက်မပြတ် လူထု ယုံကြည်စိတ်ချနိုင်သော သတင်းစကားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ မပူပန်စေနိုင်သော တိကျ ခိုင်မာသော သတင်းစကားများ ထုတ်ပြန်ပေးပို့ခြင်းဖြင့် ဘဏ်ဂယက်ထခြင်းနှင့် ဈေးကွက် လှုပ်ခတ်ခြင်းများကို အချိန်ကာကွယ်သင့်သည်ဟု အဆိုပါ လုပ်ငန်းရှင်က အကြံပြု ပြောဆိုသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိဖြစ်ပျက်မှုများ ရက်ပိုင်းအတွင်း တည်ငြိမ်သွားလိမ့်မည်ဟု ခန့်မှန်းသော်လည်း ငွေဖောင်းပွမှုနှုန်း အနည်းငယ် ပြောင်းလဲ သွားနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com