Local News political news

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာ ၂ ဦးကိစ္စ ထိုင်းဘုရင်ထံ အသနားခံရေး အစိုးရ၊ တပ်မတော်နှင့်လူမှုအဖွဲ့အစည်းများ၏ တုံ့ပြန်မှု ကောင်း၍ အခြေအနေကောင်းနိုင်ဟုဆို

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာ ၂ ဦးကိစ္စ ထိုင်းဘုရင်ထံ အသနားခံရေး အစိုးရ၊ တပ်မတော်နှင့်လူမှုအဖွဲ့အစည်းများ၏ တုံ့ပြန်မှု ကောင်း၍ အခြေအနေကောင်းနိုင်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၄

ထိုင်းနိုင်ငံ၊ ၊ Koh Tao ကျွန်း(လိပ်ကျွန်း) လူသတ်မှု၌ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခြင်း ခံထားရသော မြန်မာအလုပ်သမား ထိုင်းဘုရင်ထံ အသနားခံနိုင်ရေး တွင်အစိုးရ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ၏ တုံ့ပြန်မှု ကောင်းမွန်သဖြင့် အခြေအနေ ကောင်းနိုင်ကြောင်း အလုပ်သမားရေး ကူညီသူ ဦးထူးချစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် ဆက်သွယ်မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး General Prayut Chan-o-cha နှင့်တွေ့ဆုံစဉ် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦး အား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလို ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းအပြင်မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦး က သေဒဏ်ချမှတ်ခြင်း ခံထားရသူ မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင် ( Bang Kwang Central Prison)၌ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှ ၂ နာရီ ခွဲအထိ သွားရောက် တွေ့ဆုံ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အယူခံဝင်နိုင် ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးရန် ပြောကြား ထားရှိကြောင်း အားပေးစကားပြော ကြားကြောင်း သိရှိရသည်။

မြန်မာ ၂ ဦး လွတ်မြောက်ရေး ဆောင်ရွက်ပေးနေသူ ဦးထူးချစ်က တပ်မတော်၏ လျင်လျင်မြန်မြန် လုပ်ဆောင်မှု ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက စက်တင်ဘာလ ၅ ရက်နေ့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှလည်း မြန်မာနိုင်ငံသား ၂ ဦးအတွက် မေးမြန်းစုံစမ်းမှုရှိကြောင်း ဦးထူးချစ်က ဆိုသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းဝန်ကြီးချုပ်ကိုပြောလိုက်တယ်။ နောက်ပြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း သွားတွေ့ အားပေးစကားပြောတယ်ဆိုတော့ အခြေအနေကောင်းမယ်ထင်ပါတယ်။ နောက်ပြီး နေပြည်တော်က ဦးဇော်ဌေးကလည်း ကျနော့်ဆီကို ဖုန်းဆက်ပြီးမေးတာရှိတယ်။ ရက်ပေါင်း ၆၀ အတွင်း အယူခံ ဝင်ရမယ့် ကိစ္စ လှမ်းမေးပြီး အတည်ပြုတယ်။ အစိုးရဘက်ကလည်း လုပ်နေပြီ ထင်ပါတယ်။ ခြုံပြောရရင်တော့ အခြေအနေ ကောင်းနိုင်မယ်ထင်ပါတယ်” ဟု ဦးထူးချစ်က ဆိုသည်။

ဦးထူးချစ်က ရန်ကုန်ရှိ ပြည်သူများအနေဖြင့်လည်း သေဒဏ်ကျ မြန်မာ နိုင်ငံသား ၂ ဦးအတွက် ဆန္ဒပြမှုများ ၊ အကြမ်းဖက်သော ဆန္ဒပြမှုများ မလုပ်ဆောင်စေလိုကြောင်း၊ ဆုတောင်းပွဲများဖြင့် စုစည်းမှုကို ပြသခြင်းက ပိုမို ကောင်းမွန်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အလေးထားသဖြင့် မြန်မာ ၂ ဦးကိစ္စကို အလျင်စလို ဆောင်ရွက်လိမ့်မည်မဟုတ်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

ရခိုင် အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာ ၂ ဦး၏ မိဘများကို ထိုင်းနိုင်ငံသို့ ယခုလကုန်တွင် ခေါ်ယူသွားမည်ဖြစ်သည့်အပြင် ရန်ကုန်မြို့ တွင်လည်း ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts