All News Local News Peace

ရှမ်းကျောင်းဆရာ ၂ ဦးကို ပြန်လွှတ်ပေးသော်လည်း တရားမဝင် စကားပြောစက် တွေ့မှုဖြင့် ဆက်လက် အရေးယူ အမှုဖွင့်ထား

ရှမ်းကျောင်းဆရာ ၂ ဦးကို ပြန်လွှတ်ပေးသော်လည်း တရားမဝင် စကားပြောစက် တွေ့မှုဖြင့် ဆက်လက် အရေးယူ အမှုဖွင့်ထား

ရန်ကုန်၊ စက်တင်ဘာ ၃

ပြင်ဦးလွင်မြို့ ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ( DSTA) တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၁၅ ရက်ခန့် ဖမ်းဆီးထိန်းသိမ်းခံရသော ရှမ်းပရဟိတကျောင်းရှိ ကျောင်းဆရာ နှစ်ဦးဖြစ်သော စိုင်းလျန်းမှိုင်း နှင့် စိုင်းလိုင်းစင်တို့အား စက်တင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သော်လည်း တရားမဝင် စကားပြောစက် တွေ့ရှိမှုဖြင့် ဆက်လက် အမှုဖွင့် အရေးယူထားဆဲဖြစ်ကြောင်း သိရှိရသည်။

ရှမ်းကျောင်းဆရာ ၂ ဦးကို အကြမ်းဖက်ပုဒ်မနှင့် စွဲချက်တင်ထားသော်လည်း သက်သေအထောက်အထား မပြည့်စုံခြင်းကြောင့် ပယ်ဖျက်ပေးကြောင်း ၊ လက်ရှိတွင် တရားမဝင် စကားပြောစက် တွေ့ရှိမှုအတွက် ဆက်သွယ်ရေးပုဒ်မ ဖြင့် အမှုဖွင့်ထားပြီး အာမခံ ပေးထားကြောင်း ဖခင်ဖြစ်သူ ဦးစိုင်းစောလှက ပြောသည်။

“ သူတို့က အာမခံပဲ ရတယ်လေ။ အမှုက မပြီးသေးဘူးလေ။ ဖြေရှင်းရမယ်အရာတွေ ရှိတယ်။ပြစ်မှုက ဆက်သွယ်ရေးပုဒ်မ ၆၇ ၊ အရင်က အကြမ်းဖက် ပုဒ်မနှင့် ဆက်သွယ်ရေးပေ့ါ ။ အခုက အကြမ်းဖက်ပုဒ်မက သူတို့စစ်ဆေးတာ ဘာမှ မရှိတော့ ပြီးသွားပြီ လေ ။ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ အမှုက အာမခံရတော့ ပြင်ပကနေပဲ ဖြေရှင်းရတော့မယ်။ သူတို့ဘက်က အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်လို့ ၊ မနေ့က ပြန်လွှတ်လာတယ်။ အခု သူတို့က အိမ်မှာအနားယူနေတယ်။ အိမ်အလုပ်တွေပဲ ခိုင်းထားတယ်။ ရုံးချိန်းကတော့ မသိရသေးဘူး။ သူတို့က သဗ္ဗန်စာ ပို့လာမှ သိရမယ် “ ဟု ဖခင်ဖြစ်သူ ဦးစိုင်းစောလှက ပြောသည်။

ရှမ်းတိုင်းရင်းသားကျောင်းဆရာနှစ်ဦးသည် ၎င်းတို့၏ မိဘနေထိုင်ရာ ပြင်ဦးလွင်မြို့ ၊ အနောက်ဘက်ခြမ်း ၊ဖောင်းတောရွာသို့ အလည်ပြန်စဉ် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော် စစ်ဘက်ဆိုင်ရာ လုံြံခုံရေး( စရဖ) က နေအိမ်တွင် လာရောက်ဖမ်းဆီး၍ ပြင်ဦးလွင်မြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သက်ဆိုင်ရာအာဏာပိုင်က ဖမ်းဆီးစစ်ဆေးခြင်း လုပ်ရပ်သည် ဒေသခံတိုင်းရင်းသားတွေအပေါ် ယုံကြည်မှု မရှိဘဲ သံသယအမှုဖြင့် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့မှုဟု ဆိုနိုင်ကြောင်း သျှမ်းလူငယ်ကွန်ရက်က စိုင်းဆုက ထောက်ပြပြောဆိုသည်။

“ အခုဖြစ်ပွားတဲ့ကိစ္စက ပြင်ဦးလွင်မှာဖြစ်ပွားတဲ့ ကိစ္စ ၊ တပ်မတော်ဘက်ကို တိုက်ခိုက်ခံရတဲ့ case ကလည်း ကြီးတယ်။ ဒီကိစ္စက လုံခြုံရေးအရ ကြည့်ရင် ကြီးတဲ့ကိစ္စဆိုတော့ ကျနော်တို့မြင်တာက အဲ့တာဖြစ်ပြီးနောက်ပိုင်း ဒီဒေသခံတွေကို လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အထက်ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖော်ထုတ်ဖို့ ဖိအားပေးဖို့ ရှိမယ်လို့ ယူဆတယ်။ အဲ့အတွက်ကြောင့် ဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ကျနော်တို့ဒေသခံတွေ ၊ အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ က သံသယအဖြစ်ဆုံး ဖြစ်သွားတာ နေမယ် ၊ ဒီအတွက်ကြောင့် ၁၀ နှစ်လောက် ပရဟိတပဲ လုပ်လာတဲ့ လူငယ်တွေပါ သူတို့က သံသယအမှုနဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးတယ်။ နောက်ပြီး ခေါ်ယူစစ်ဆေးတယ်လို့ မြင်တယ်။ အဲ့တာက ကျနော်တို့ ပြောနေကြစကားဖြစ်တဲ့ ယုံကြည်မှုတွေက မရှိတာကိုး တွေ့ရတယ်။ ကျနော်တို့ တိုင်းရင်းသားတွေအပေါ် အာဏာပိုင်တွေက အုပ်ချုပ်ရေးကဏ္ဍ ၊ လုံခြုံရေးကဏ္ဍတွေမှာ တိုင်းရင်းသားတွေအပေါ် ယုံကြည်မှုမရှိဘဲ အမြဲသံသယဝင်နေတဲ့ ပုံစံမျိုး တွေ့ရတယ်” ဟု စိုင်းဆုက ပြောသည်။

ရှမ်းကျောင်းဆရာ ၂ ဦး ပြန်လည်လွှတ်မြောက်လာစေရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ရှမ်းလူမှုအဖွဲ့အစည်းများက ကြေညာချက်အသီးသီးထုတ်ပြန်ပြီး တောင်းဆိုခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts