Local News political news

မြဝတီမင်းကြီးဆရာတော်၏ တပ်မတော်နှင့်ပတ်သက်သော စကား သဘောရိုးမဟုတ်၊ ရန်ကုန်ခေတ်သစ်သတင်းဌာန တရားလိုသက်သေ မထွက်လျှင် သက်သေခံဥပဒေနှင့် ငြိစွန်းဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောဆို

မြဝတီမင်းကြီးဆရာတော်၏ တပ်မတော်နှင့်ပတ်သက်သော စကား သဘောရိုးမဟုတ်၊ ရန်ကုန်ခေတ်သစ်သတင်းဌာန တရားလိုသက်သေ မထွက်လျှင် သက်သေခံဥပဒေနှင့် ငြိစွန်းဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈

တပ်မတော်သည် သမိုင်းကြောင်းမကောင်းဘဲ ပြည်သူလူထုမှ ပေါက်ဖွားခြင်းမဟုတ်ကြောင်း မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသဘိဝံသက ရန်ကုန်ခေတ်သစ်မီဒီယာသို့ မိန့်ဆိုခဲ့မှုသည် သဘောရိုးမဟုတ် ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ ညနေပိုင်း နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

KBC ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆမ်ဆွန်နှင့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်တို့၏ ဖြစ်စဉ်များ အကြောင်းအရာ ခြင်း ကွဲပြားခြားနားကြောင်း၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်၏ ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ ဖြေကြားချက်များသည် သဘောရိုးမဟုတ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

” ပြောခဲ့တာတစ်ခုချင်းကို မပြောတော့ဘူး။ တစ်ခုပဲ ကျနော် ထုတ်နုတ်ပြောမယ်။ တပ်မတော်သည် သမိုင်းမှာ ဘယ်တုန်းကမှ ကောင်းခဲ့တဲ့ တပ်မတော်မဟုတ်ဘူးတဲ့။ တပ်မတော်သည် ပြည်သူလူထုက ပေါက်ဖွားတာမဟုတ်ဘူးတဲ့။ ထိုက်သင့်တဲ့ သတိပြုမှု ရှိလို့ရှိရင် သဘောရိုးနဲ့ ပြောတာဆိုရင် ဒီအကြောင်းအရာသည် ပြောစရာမရှိပါဘူး။ တပ်မတော်သည် ပြည်သူလူထုက ပေါက်ဖွားတယ်ဆိုတာ အားလုံးက အသိပဲဖြစ်တယ်။ ကျနော်တို့က ဘယ်နိုင်ငံခြားကလာပြီး ဒီမြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်တာမဟုတ်ဘူးလေ။ ကျနော်တို့ ပြည်သူလူထုက ပေါက်ဖွားတဲ့သူတွေချည်းပဲ။ တပ်မတော်ထဲမှာ တိုင်းရင်းသားလူမျိုးစု အားလုံးပါတယ်။ တပ်မတော်ထဲမှာ ဘာသာပေါင်းစုံရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်၏ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး တရားလိုပြသက်သေ အဖြစ် တင်သွင်းထားမှုကို သက်သေအဖြစ် ထွက်ဆိုရန် ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် တာဝန်ရှိကြောင်း၊ မထွက်ဆိုလျှင် သက်သေခံဥပဒေနှင့် ငြိစွန်း၍ ဂရုပြုစေလိုကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော်ပြောလိုတာက Burden of Proof ကျနော်တို့် မြန်မာနိုင်ငံမှာ သက်သေခံ ဥပဒေရှိတယ်လေ။ Burden of Proof သက်သေပြရန် တာဝန်။ သက်သေပြရန် တာဝန်သည် နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်တယ်။ Burden of Proof က ။ Burden of Proof ကို လေးစားလိုက်နာရမှာဖြစ်တယ်။ တရားစီရင်ရေး အနှစ်ချုပ်က အမှန်တရားကို ဖော်ထုတ်တာ။ တရားစီရင်ရေးက အခွင့်အရေး Right ။ တာဝန်ရှိမှု Reliability အဲဒီနှစ်ချက်ကို ဖော်ထုတ်တာ။ အဲဒီနှစ်ချက်ကို ဖော်ထုတ်တဲ့နေရာမှာ အချက်အလက်တွေ လိုတယ်။ Emotion နဲ့ ဆုံးဖြတ်လို့မရဘူး။ Emotion နဲ့ ဆုံးဖြတ်တာမဟုတ်ဘူး။ Thinking နဲ့ ဆုံးဖြတ်တာမဟုတ်ဘူး အဲဒါတွေက ။အဲဒါတွေက Facts အချက်အလက်နဲ့။ အချက်အလက်ဆိုတာ နှစ်မျိုးရှိတယ်။ နှုတ်သက်သေခံချက်။ စာရွက်စာတမ်း သက်သေခံချက်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ဆရာတော်၏ မိန့်ဆိုချက်များသည် မှန်ကန်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် အထောက်အထားများ ရှိနေသည့်အတွက် အခိုင်မာဆုံး ဖြစ်၍ တရားရုံးသို့ သက်သေတင်သွင်းရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

” ဒီဆရာတော်ေ ပြာ မပြောဆိုတဲ့ဟာသည် ပုဂ္ဂလိက သက်သေခံ စာရွက်စာတမ်း တင်သွင်းတဲ့အခါမှာ နှစ်မျိုးရှိတယ်။ Primary Document ၊ Secondary Document နှစ်မျိုးရှိတယ်။ တရားစွဲတဲ့သူ လက်ထဲမှာက Secondary Document ပဲရှိတယ်။ တရားရုံးကို တင်သွင်းတဲ့အခါမှာ Primary Document က အခိုင်မာဆုံး။ Primary Document က ဘယ်သူ့ဆီမှာ ရှိလဲဆိုရင် ခေတ်သစ်မီဒီယာမှာ ရှိတယ်။ ဒါကြောင့်မို့လို့ တောင်းတာ။ တောင်းလို့မလို့ သူသည် သက်သေခံရမှာဖြစ်တယ်။ Burden of Proof အရ သက်သေခံရမှာဖြစ်တယ်။ သက်သေခံဥပဒေမှာ ပုဒ်မတွေ ရှိပြီးသားဖြစ်တယ်။ သက်သေခံ ဥပဒေ ပုဒ်မ ၁၀၆ မှာ အကြောင်းခြင်းရာတစ်ခုကို တစ်စုံတစ်ယောက် သောသူက အထူးသိရှိနိုင်လျှင် ထိုအကြောင်းခြင်းရာကို သက်သေခံထင်ရှားအောင်ပြရန် တာဝန်သည် ထိုအထူးသိနိုင်သူအပေါ်တွင် ကျရောက်သည်။ မလုပ်ဘူးဆိုရင် သက်သေခံ ဥပဒေနဲ့ ငြိတယ် ဒါပဲ။ သက်သေခံ ဥပဒေသည် သက်သေခံဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့အတွက် လိပ်ပြာသန့်လို့ရှိရင် Sincere ဖြစ်လို့ရှိရင် ဒါသည် နိုင်ငံသားတစ်ဦးရဲ့ တာဝန် ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြစ်တယ်လို့ ပြောချင်တယ်။ ဒါလေးတော့ ဂရုစိုက်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်၏ တရားလိုပြသက်သေ အဖြစ် တင်သွင်းထားမှုကို ကန့်ကွက်ပြီး တရားလိုပြသက်သေအဖြစ် လုံးဝ(လုံးဝ) ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံသို့လည်း တိုင်ကြားထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts