All News Local News

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို တပ်မတော် တရားစွဲမှု ရှုတ်ချကြောင်း အရပ်ဘက် အဖွဲ့အစည်း ၂၇၅ ဖွဲ့ ထုတ်ပြန်

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို တပ်မတော် တရားစွဲမှု ရှုတ်ချကြောင်း အရပ်ဘက် အဖွဲ့အစည်း ၂၇၅ ဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၃

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သော်တာထွေးက မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသ ဘိဝံသကို တပ်မတော် ဂုဏ်သိက္ခာညိုးနွမ်းစေမှုဖြင့် တရားစွဲရန် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို အရပ်ဘက် အဖွဲ့အစည်း ၂၇၅ ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် လူအများ၏ ငြိမ်းချမ်းမှုကို မထိခိုက်စေသည့် မိမိ၏ သဘောထားအမြင်ကို သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ခြင်းသည် ဒီမိုကရေစီတိုင်းပြည်များတွင် ရာဇဝတ်မှု မသင့်သည့် သာမန်ကိစ္စရပ်များသာဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်တပ်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆန့်ကျင်လိုသည့် ရည်ရွယ်ချက်ဖြင့် ရရာ ပုဒ်မများတပ်၍ တရားစွဲဆိုခြင်းသည် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာဏာပိုင်အဖွဲ့အစည်များက တိုက်ခိုက် နှောင့်ယှက်နေကြောင်းကို ကမ္ဘာက မြင်သာ ထင်ရှားစေသည့် အကြောင်းအခြင်းအရာများပင် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အင်တာဗျူးဖြေကြားခဲ့သော မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၅ တို့ဖြင့် တပ်မတော်က တရားစွဲရန် တရားရုံးဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့် မတရားဖိနှိပ်လိုသည့် သဘောဆန္ဒဖြင့် တရားစွဲဆိုမှုများကို မိမိတို့က ရှုတ်ချပြီး တရားစွဲဆိုမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း၊ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးနှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် တရားစွဲဆိုမှုများအား အာဏာပိုင်များက ဆက်လက်ဆောင်ရွက်ပါက ဖြစ်လာသမျှ အကျိုးဆက်တိုင်းသည် ၎င်းအဖွဲ့အစည်းများနှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း ၂၇၅ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts