All News China Watch Local News

မြဝတီတွင် လောင်းကစားနှင့် မူးယစ်ဆေးဝါးကို တရုတ်များအဓိက လုပ်ကိုင်၍ စိစစ်အရေးယူရန် တောင်းဆို

မြဝတီတွင် ရမ်းကားသည့် တရုတ်များကို အရေးမယူ၍ ဒေသခံများ မကျေနပ်၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးကို တရုတ်များအဓိက လုပ်ကိုင်၍ စိစစ်အရေးယူရန် တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ရမ်းကားခဲ့သည့် တရုတ်နိုင်ငံခြားသားများကို ထိရောက်သော အရေးယူမှု မလုပ်ဆောင်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြပြီး နိုင်ငံခြားသား တရုတ်များအားလုံး ဥပဒေနှင့်အညီ နေထိုင်ရေး စိစစ် အရေးယူမှု မလုပ်ဆောင်လျှင် မြို့လုံးကျွတ် ဆန္ဒပြရန် ရှိနေကြောင်း သိရှိရသည်။

ထိုင်း – မြန်မာ နယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့အတွင်း နိုင်ငံခြားသား တရုတ် များ ဝင်ရောက်နေထိုင်မှု နှင့် ပတ်သက်၍ ဥပဒေနှင့် အညီ နေထိုင်ကြရေး ထိရောက်စွာ စိစစ်အရေးယူနိုင်ရန် မြဝတီမြို့ရှိ ဒေသခံပြည်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုချက် ၆ ချက်ပါဝင်သည့် သဘောထားကြေညာချက်တစ်ရပ်ကို ယမန်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ပြီး တောင်းဆိုချက် မရပါက ဆန္ဒထုတ်ဖော်ပွဲ လုပ်ဆာင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြဝတီမြို့ ၊ အမှတ် ( ၄) ရပ်ကွက် ၊ မြစန္ဒီပန်းခြံ ၊ City Home တွင် စက်တင်ဘာ ၁၅ ရက်နေ့က အရပ်ဘက်လူမှုအဖွဲ့အစည်း၊ သံဃာတော်များ ၊ တက်ကြွလှုပ်ရှားသူများ ၊ နိုင်ငံရေးပါတီများ ၊ ပရဟိတအဖွဲ့ များ စုပေါင်း၍ ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် မြဝတီမြို့အတွင် နိုင်ငံခြားသား တရုတ်များက ဥပဒေမဲ့လုပ်ရပ်များ ကျူးလွန်နေ ပြီး သက်ဆိုင်ရာမှ အရေးယူမှု အားနည်းနေကြောင်း လူထု ဆွေးနွေးပွဲ ဦးဆောင်သူ ကိုအောင်မိုးဆန်းဦးက ပြောသည်။

“ မြဝတီမြို့တွင်းမှာ ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ ရှိတယ်။ အဲဒါကို ကျနော်တို့ကသက်ဆိုင်ရာကို တိုင်ကြားသော်လည်း တချို့အကြောင်းအရာတွေမှ သက်ဆိုင်ရာတွေက ထိထိရောက်ရောက် အရေးမယူတဲ့အပြင် ထပ်ပြီးတိုးပွားလာတယ်။ တစ်နေ့တခြား ပိုများလာတယ်။ ဆိုးရွားလာတယ် ။ နောက်တော့ နယ်ခံလူထုနဲ့ မဖြစ်သင့် ၊ မဖြစ်ရလေအောင် ကျနော်တို့က ဒီအစည်းအဝေးကို လုပ်ခြင်း ဖြစ်တယ်။ အစည်းအဝေးမှာ အချက် ( ၆) ချက်ကို တောင်းဆိုထားတာ ရှိပါတယ်။ ကျနော်တို့က အရပ်ဘက်ပြည်သူတွေပါတဲ့ အရပ်ဖက်ကော်မတီ ဖွဲ့စည်းပေးဖို့ ၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးဆီ လိပ်မူပြီး စာတပ်မယ်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဆီ သို့ လိပ်မူ ပေးပို့သွားမယ်။ မနေ့က အများပြည်သူတွေ ဆုံးဖြတ်ထားတာက လမ်းမပေါ် ထွက်သင့်ရင် ထွက်ပြီး ဆန္ဒထုတ်ဖော်ဖို့ အထိ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မြဝတီတွင် တရုတ်နိုင်ငံခြားသားများသည် ဗီဇာ သတ်မှတ်စည်းကမ်းများ ကျော်လွန်နေကာ ရပ်ကွက် ၊ မြို့နယ်အတွင်း အိမ်ဌားရမ်းနေထိုင်ခြင်း ၊ တရုတ်စာတမ်းပါ ဆိုင်းဘုတ်တင် ဈေးဆိုင်ဖွင့်လှစ်ခြင်း အပြင် မူးယစ်ရမ်းကားမှု ရှိလာခြင်းကြောင့် ဒေသခံပြည်သူများနှင့် ပဋိပက္ခ ဖြစ်ပွားလာမှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ စိစစ်အရေးယူနိုင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းရေး ဒေသခံများက တောင်းဆိုထားသည်။

“ ဥပဒေနဲ့ မညီဘဲ လုံးဝ မလာသင့်ဘူး။ ဥပဒေနဲ့ မညီဘဲ လာတယ်ဆိုတာက ကိုယ်ဒေသခံတွေကို စော်ကားတာပဲလေ။ ထိရောက်တဲ့ ဥပဒေတွေနဲ့ ပေးသင့်တယ်။ ဒေသခံတွေကတော့ ဒီလိုပဲ ခံယူထားတယ်။ သူတို့လာတာက ကောင်းကျိုးပေးတာထက် ဆိုးကျိုးပေးတာက ပိုများတယ်။ သူတို့လာရင် အရင်ဆုံး ဂွင် လာကြည့်တယ်။ သူတို့ လောင်းကစားလုပ်လို့ရမလား ၊ ဒါက မြဝတီမဟုတ်ဘူး။ ကော့ ကရိတ်မှာလည်း ရှိနေတယ်။ တရုတ်တွေက တရားမဝင်တဲ့အလုပ်တွေ ရှိနေတယ်။ တချို့နေရာတွေမှာ ၊ သူတို့လာရင် အဓိက ကတော့ လောင်းကစားပဲ။ သူတို့တရားဝင် ဖွင့်ထားတဲ့ ကာစီနို က မပြောလိုဘူး။ ကာစီနိုအပြင် ဂိမ်းတွေ က ကွန်ပျူတာနဲ့ လုပ်ထားတော့ ဒေသခံတွေ လက်ထိုးကစားလည်း လုံးဝမနိုင်တဲ့ အနေအထားမှာ သူတို့က လုပ်ထားတာ။ ပြီးရင် လောင်းကစား ကနေ မူးယစ်ဆေးဝါးလည်း ဝင်လာတယ်။ အဲဒါက ဒေသခံတွေ အတွက် တအား စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ ။ သူတို့ ပို မျက်စိကျတာက မြဝတီ ၊ နယ်စပ်ဖြစ်တဲ့အတွက်ကြောင့် ၊ ဒါပေမဲ့ မြဝတီ နည်းနည်းကြပ်လာရင် ကော့ကရိတ်ဘက် ရောက်လာကြတယ်။ သူတို့ရဲ့ ဆိုးကျိုးတွေကို ကျမတို့ ကော့ကရိတ်မှာလည်း ခံစားနေရတယ် “ ဟု ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြဝတီ ၊ ကော့ကရိတ်မြို့အတွင်း ဖမ်းဆီးရမိသော တရုတ်နိုင်ငံခြားသားများအား စိစစ်အရေးယူအပိုင်းမှာ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့များက ဆောင်ရွက်နေသော်လည်း စစ်ဆေးအရေးယူမှုအပိုင်း အားနည်းနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီမြို့တွင် နယ်ခြားစောင့် အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူနှင့် တရုတ်ကုမ္ပဏီတစ်ခုပူးပေါင်း၍ ရွှေက္ကိုလ် ကာစီနိုလောင်းကစားရုံတစ်ခုကို တည်ဆောက်လျက်ရှိပြီး အဆိုပါ လောင်းကစားရုံစီမံကိန်းကို အကြောင်းပြု၍ တရုတ်နိုင်ငံသားများ မြဝတီမြို့တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts