All News China Watch Local News

မြဝတီတွင် တရုတ်စာပါ ကြော်ငြာများကို စည်ပင်က လိုက်လံဖြုတ်သိမ်း၊ တရုတ်ကိစ္စ ဖြေရှင်းရေး အာဏာပိုင်များထံစာပို့ တိုင်ကြား

မြဝတီတွင် တရုတ်စာပါ ကြော်ငြာများကို စည်ပင်က လိုက်လံဖြုတ်သိမ်း၊ တရုတ်ကိစ္စ ဖြေရှင်းရေး အာဏာပိုင်များထံစာပို့ တိုင်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၉

ထိုင်း -မြန်မာ နယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့ အတွင်းရှိ တရုတ်စာတန်းပါ ဆိုင်းဘုတ်များကို သက်ဆိုင်ရာ စည်ပင်သာယာက လိုက်လံဖြုတ်သိမ်းနေကြောင်း မြဝတီဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၇ ၊ ၁၈ရက်နေ့က မြဝတီမြို့မြို့ ၊ အမှတ် ( ၄)ရပ်ကွက် ၊ သုမာလာလမ်းထောင့် နေရာရှိ တရုတ်စာတမ်းပါ အလျား ( ၃) ပေ၊ အနံ ( ၂) ပေရှိ ကြေငြာဆိုင်းဘုတ်များ၊ အောင်သုခလမ်းရှိ တရုတ်စာတန်းပါ ဆိုင်းဘုတ်များအား မြို့နယ်စည်ပင်သာယာကော်မတီအဖွဲ့မှ လိုက်လံဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“တရုတ်ပစ္စည်းတွေကို မန္တလေးဘက်ကနေ ယူတယ်လို့ ယူဆတယ်။ တရုတ်တွေ သုံးတဲ့ ပစ္စည်းသီးသန့်ယူလာတာ။ အချိုရည် တွေဆိုရင်တောင် တရုတ်စာတမ်းတွေနဲ့ ၊ ယိုးဒယားစာတမ်းတောင် မဟုတ်ဘူး။ တရုတ်စားသောက်ဆိုင် တို့ ရှိတယ်။ ညတုန်းကလည်း ယူနန် အရသာ ဟော့ပေါ့ ဆိုင် ဆိုင်းဘုတ်တွေ လိုက်ဖြုတ်တာ ရှိတယ်။ တစ်မြို့လုံး ၊ လမ်းအဓိက ကျတဲ့နေရာတွေ လိုက်ကပ်ထားတာ ၊ အဲ့ဒါတွေကို သက်ဆိုင်ရာစည်ပင်က လိုက်ဖြုတ်ပေးတယ် “ ဟု မြဝတီဒေသခံ တစ်ဦးက ပြောသည်။

မြဝတီမြို့ ၄ ရပ်ကွက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်က တရုတ်စာတမ်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့နှင့် စည်ပင်များ ပူးပေါင်း ဖြုတ်သိမ်းနေခြင်းဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ မြို့နယ်ကို အကြောင်းကြားတယ်။ မြို့နယ်ကနေ စည်ပင်ကို အကြောင်းကြားပြီး လိုက်ဖြုတ်သွားတယ်။ ဘယ်သူတွေ လာကပ်ထားတာတော့ မသိဘူး။ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းနှင့် စည်ပင်တို့ ပူးပေါင်းပြီး လိုက်ဖြုတ်တာ ဖြစ်တယ် “ ဟု မြဝတီမြို့ ၊ ၄ ရပ်ကွက်၊ ရက်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်က ပြောသည်။

စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ရမ်းကားခဲ့သည့် တရုတ်နိုင်ငံခြားသားများကို ထိရောက်သော အရေးယူမှု မလုပ်သဖြင့် မြဝတီမြို့ခံများက မကျေနပ်ဖြစ်ကြပြီး နိုင်ငံခြားသား တရုတ်များအာ ဥပဒေနှင့် အညီနေထိုင်ရေး စိစစ် အရေးယူမှု လုပ်ဆောင်ရန် အတွက် စုပေါင်းတွေ့ဆုံမှုတစ်ရပ်ကို စက်တင်ဘာ ၁၅ ရက်နေ့က မြစန္ဒီပန်းခြံတွင် ပြုလုပ်ခဲ့ကြောင်း၊ ေ ဒသခံများက တိုင်ကြားစာ တစ်စောင်အား စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ နှင့် နယ်လုံဝန်ကြီးတို့ထံ တရားဝင် လိပ်မူကာ စာပေးပို့ထားကြောင်း သိရှိရသည်။

“ ဆိုင်းဘုတ်တွေ လိုက်ဖြုတ်တာက နံပါတ် ၁ အချက်က ကျနော်တို့ ဆွေးနွေးပွဲ ရလဒ် (action) လိုက်ယူတယ်လို့ ယူဆတယ်။ နံပါတ် ၂ က ညဘက်တွေ တရုတ်တွေ စစ်ဆေးတယ်ဆိုတဲ့ အပေါ်ကနေ ညွန်ကြားချက် လိုက်နာချက်တွေ့ရတယ်။ လိုက်နာချက်တွေ့ရတယ်ဆိုတဲ့ နေရာမှာ ဘာကို သတိထားမိတယ်ဆိုတော့ ကျနေ်ာတို့ အရေးဆိုလိုက်တာက တရုတ်တွေကို စစ်ဆေးပေးဖို့ အရေးဆိုလိုက်တာ ၊ တရုတ်တွေကို စစ်ဆေးဖို့ မဟုတ်ဘဲ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးတာ တွေ့ရတယ်။ ညဘက်မှာ ကျနော်တို့ ထောက်ပြချင်တဲ့ နေရာကို မစစ်ဘူး။ အခုက ပြောနေတဲ့ နေရာမျိုး သူတို့စစ်တာ ဘာမှ မတွေ့ဘူး။ ဒါဟာ ဟန်ပြသက်သက် စစ်ဆေးတယ်လို့ ကျနော်တို့ ယူဆတယ်။ မနေ့က ရက်စွဲနဲ့ တရားဝင် တိုင်ကြားထားတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ ရက်စွဲ နဲ့ ၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ကို လိပ်မူတပ်ပြီး ဝန်ကြီးချုပ် ၊ နယ်လုံ တွေကို တိုင်ကြားစာတွေ ပို့ထားတယ်။ ဒီ အချက် ၄ ချက်ကို ကျနော်တို့က ဒေသအာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားမယ်။ တွေ့ဆုံဖို့ ကြိုးစားလို့ အဆင်မပြေရင် ဆန္ဒပြခွင့်ကို လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု မြဝတီဒေသခံ တစ်ဦးက ပြောဆိုသည်။

မြဝတီဒေသခံများ၏ စုပေါင်းပေးပို့သည် တိုင်ကြားစာတွင် အဖွဲ့ဝင် ၂၃ ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး မြို့လူထု ကိုယ်စား တင်ပြဆောင်ရွက်ပေးရန် ၊ နိုင်ငံခြားသားတရုတ်လူမျိုးများအား မြန်မာနိုင်ငံက တရားဝင်ခွင့်ပြုထားသည့် ဟိုတယ် များတွင်သာ တည်းခိုနေထိုင်ရန် နှင့် လူနေအိမ်များ ၊ တန်ဖိုးနည်းတည်းခိုခန်းများတွင် နေထိုင်ခြင်း မရှိစေရန် ဆောင်ရွက်ပေးရန်၊ ဈေးဆိုင်များ ဖွင့်လှစ်ပြီး ၎င်းဆိုင်များတွင် တပ်ထားသည့် တရုတ်စာတမ်းပါ ကြေငြာများ ၊ ဆိုင်းဘုတ်များ ၊ စတေကာများ ဖြုတ်သိမ်းပေးရန် နှင့် ရောင်းချခွင့် လိုင်စင်များ ထုတ်ပေးခြင်း မပြုရန်၊ တရုတ်လူမျိုးများ မော်တော်ယာဉ်မောင်းနှင်ခွင့်ကို ဥပဒေ အရ ယာဉ်မောင်းလိုင်စင်ရှိသူမှ လွဲ၍ လိုင်စင်မဲ့ ကား များ မောင်းနှင်ခြင်းအား စစ်ဆေးအရေးယူပေးပါရန် နှင့် တရားဝင် တရုတ်စာတမ်းပါ စတေကာများ ဖြုတ်သိမ်းပေးရန်၊ လှိုင်းသစ် ဖုန်းဆိုင် မူခင်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အဓိက တရားခံများကို ဖမ်းဆီးပြီး ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် တို့ဖြစ်ကြောင်း သိရှိရသည်။

Photo Credit – Wikipedia

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com