All News China Watch Local News

မြန်မာယန်စီကုမ္ပဏီကို ဝါးစိမ်းတောင်တွင် ဓာတ်သတ္တု စမ်းသပ်ရှာဖွေခွင့်ပြုမှု ဒေသခံများ ချီတက် ကန့်ကွက် ဆန္ဒပြမည်

မြန်မာယန်စီကုမ္ပဏီကို ဝါးစိမ်းတောင်တွင် ဓာတ်သတ္တု စမ်းသပ်ရှာဖွေခွင့်ပြုမှု ဒေသခံများ ချီတက် ကန့်ကွက် ဆန္ဒပြမည်

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသတွင် မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္တု စမ်းသပ်ရှာဖွေခြင်းကို ပြည်ထောင်စုအစိုးရနှင့် စစ်ကိုင်းတိုင်းအစိုးရက ခွင့်ပြုလိုက်ခြင်း အပေါ် ဒေသခံများက ချီတက် ကန့်ကွက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။

ဝါးစိမ်းတောင် စောင့်ကြည့်ရေး ကော်မတီက ဦးဆောင်၍ ဒေသခံ ၁၀၀၀ ကျော်သည် စက်တင်ဘာလ ၃၀ ရက်နေ့ မုံရွာမြို့ပေါ်တွင် ဝါးစိမ်းတောင်ဒေသတွင် ယန်စီကုမ္ပဏီကို သတ္တုစမ်းသပ် ရှာဖွေခွင့်ပြုလိုက်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ငြိမ်းစုစီ ဥပဒေအရ ခွင့်ပြုချက်ယူ၍ ကန့်ကွက် ဆန္ဒပြခြင်းဖြစ်ကြောင်း ဝါးစိမ်းတောင် စောင့်ကြည့်ရေး ကော်မတီ ဦးလှမင်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ပြောဆိုသည်။

“ဝါးစိမ်းတောင်ကိစ္စက ပြည်ထောင်စု ကတိုင်းဒေသကြီးကို လွှဲတယ်။ လွှဲတာက လူထုသဘောထား ဆန္ဒခံယူပြီးတော့ သဘောထားမှတ်ချက်ပြန်ခိုင်းထားတာ။ ဒါပေမယ့် ဝန်ကြီးဌာန တွေက လူထုကို လာမေးသွားတဲ့အချိန်မှာ လူထုက ဒါကို လက်မခံဘူးလို့ ကြွေးကြော်ပြီးတော့ ပြောလိုက်တယ်။ တစ်ညီတစ်ညာတည်း အသံထွက်လိုက်တယ်။ ထွက်လိုက်ပြီး သူတို့ပြန်သွားပြီးတော့ ကတ်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာက ဧကပေါင်း ၁ သိန်း ၁ သောင်းကျော် လျှောက်တဲ့အထဲမှာ ရှစ်သောင်းကျော်ပါတယ်။ ရှစ်သောင်းကျော်ထဲမှာ သာသနိက အဆောက်အအုံ ရွာမြေတွေ စားကျက်မြေတွေ ထုတ်နုတ်ပြီး သစ်တောမြေ ပလပ်မြေနဲ့ ကျန်မြေများ ကန့်ကွက်ရန်မရှိဆိုပြီးတော့ ပြည်ထောင်စုကို တိုင်းဒေသကြီးအစိုးရက သဘောထားမှတ်ချက်ပေးလိုက်တယ်။ အဲဒီအပေါ်မှာ ဒေသခံ လက်မခံကြောင်းနဲ့ အဲဒီသဘောထားမှတ်ချက်ကို အလိုမရှိကြောင်း ကြွေးကြော်သံပါမယ်။ လူထုရဲ့ သဘောထားဆန္ဒနဲ့ ထုတ်ထားတဲ့ ကြေညာချက်တွေ ဖတ်သွားဖို့ အစီအစဉ်ရှိတယ်” ဟု ဦးလှမင်းနိုင်က ဆိုသည်။

မြန်မာယန်စီ ကုမ္ပဏီသည် စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီထုတ်စီမံကိန်းများ လုပ်ကိုင်နေပြီး လက်ပံတောင်းတောင် စီမံကိန်း လုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီ လက်ခွဲ ကုမ္ပဏီဖြစ်ကြောင်း၊ ယင်းသို့ ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ တရုတ်ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ချထားပေးမှုကို အစဉ်တစိုက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မြန်မာယန်စီကုမ္ပဏီသည် ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တုစမ်းသပ်ရှာဖွေရန် ဧက ၂၈၁၃၆ ဧက လုပ်ပိုင်ခွင့်ရရှိထားပြီဖြစ်သည်။

“လက်ရှိ လုပ်သွားနေတဲ့ စံပယ်တောင်နဲ့ လက်ပံတောင်းတောင် လုပ်နေတဲ့ မြန်မာယန်စီ ကုမ္ပဏီက ဓာတ်သတ္တုတိုင်းတာမှု ရှာဖွေခြင်းဆိုပြီး ဧက ၁ သိန်း ၁ သောင်းကျော် လျှောက်တာပါ။ အဲဒါကို ကျနော်တို့ ဒေသခံတွေက လက်မခံတာ။ အခုလက်ရှိက သာသနိက မြေ၊ ကျောင်းမြေတွေ ရွာမြေတွေ ထုတ်ပြီးတော့ ပေးလိုက်တာက ကန့်ကွက်ရန်မရှိဆိုပြီး ဧက ၂ ၈၁၃၆ ဧက ပေးလိုက်တာ” ဟု ဦးလှမင်းနိုင်က ရှင်းပြသည်။

Photo Credit – Thet Naing Win Facebook

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts