All News Local News

မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင် ပြိုလဲ ပျက်ယွင်းနေပြီဟု ထောင်ဒဏ် ၃ လ ထပ်မချခံရသော ကချင်လူငယ် ပေါလု ပြောဆို

မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင် ပြိုလဲ ပျက်ယွင်းနေပြီဟု ထောင်ဒဏ် ၃ လ ထပ်မချခံရသော ကချင်လူငယ် ပေါလု ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၆

တရားသူကြီးကို ချိန်ခွင်ပျက် ပေးခဲ့မှုဖြင့် ထောင်ဒဏ် ၃ လ ထပ်မံ ချမှတ်ခံရသော ကချင်လူငယ် ကိုပေါလုက မြန်မာနိုင်ငံတွင် တရားစီရေး မဏ္ဍိုင်တစ်ခုလုံး ပျက်စီးနေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မြစ်ကြီးနားတရားရုံးမှ မြို့နယ်တရားသူကြီးအား ကြိုးတစ်ဖက်ပြတ်နေသော ချိန်ခွင်ပေးအပ်ခဲ့သည့် ကချင်လူငယ် ကို ပေါလုကို ပုဒ်မ ၂၂၈ ပြည်သူ့ဝန်ထမ်းနှောင့်ယှက်မှုဖြင့် ယနေ့ စက်တင်ဘာ ၆ ရက်နေ့ ၊ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့၍ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်းဖြစ်သည်။

“ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုလုံး ယိုယွင်းပျက်ဆီးနေပါတယ် ဆိုတာ ကျနော်တို့ တစ်တိုင်းပြည်လုံး သိပါတယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင် ယိုယွင်းပျက်ဆီးနေတဲ့ဟာကို ကျနော်တို့ ပြည်သူများ သိရှိအောင် ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိအောင် ကျနော်က ဒီလုပ်ရပ်ကို လုပ်ဆောင်ရခြင်းဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့က ဒါကို လုပ်ဆောင်တဲ့အပေါ် အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်။ ဒီကနေ့ ကျနော်က အပြစ်ရှိတယ်လို့ ဝန်ခံသော်လည်း ၊ ထောင်ဒဏ် ၃ လ ပြန်ချမှတ်တယ်။ ဒီမတရားမှုအပေါ် ကျနော်တို့ကဘယ်တော့မှ ဒူးထောက် ခေါင်းငုံခံသွားမှာ မဟုတ်ဘူး။ ကျနော်က အပြစ်ရှိတယ်လို့ ဝန်ခံတာက နိုင်ငံရေးသမားဖြစ်တဲ့အတွက် သန်တာကို လုပ်တယ်။ ဒါပေမဲ့ ဒီအလုပ်က လုံးဝမတရားဘူးဆိုတာ ကမ္ဘာသိစေ ၊ မြန်မာသိစေ ၊ ကချင်ပြည်နယ် သိစေပါ စေ လို့ ကျနော် ပြောချင်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်ပြီးတော့ ဘယ်တော့မှ ဒူးထောက်ခေါင်းငုံခံမယ့်သူ မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ ကျနေ်ာအပေါ် ချမှတ်လိုက်တဲ့အမှုအပေါ် အများပြည်သူတွေက အမှန်တရားအတွက် ဝိုင်းဝန် ရပ်တည်ပေးကြဖို့ တောင်းဆိုချင်ပါတယ် “ ဟု ကိုပေါလုက ဆိုသည်။

ယနေ့ တရားရုံးတွင် ကိုပေါလုအား ရုံးထုတ်စစ်ဆေးရာတွင် လုံခြုံရေးတင်းကြပ်၍ မိသားစု ၊ ရှေ့နေများနှင့် စကားပြောဆိုခွင့်မပေးဘဲ တရားခွင်အတွင်းသို့ ခေါ်ယူ၍ စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ့ ဦးမခက ပြောဆိုသည်။

“ဒါကတော့ နိုင်ငံသားအခွင့်အရေးကို အတိအလင်းချိုးဖောက်တာပဲ ။ ရဲက ဒါကို သိတယ်။ ဥပဒေလည်း ရှိတယ်။ ကိုပေါလု က သူ မိသားစု ၊ သူရှေ့နေနဲ့ တိုင်ပင်ဖို့ တောင်းဆိုတာကို ခွင့်မပြုဘူးဆိုတာက ဥပဒေအရ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” ၎င်းက ဆိုသည်။

ကချင်လူငယ် ကိုပေါလုကို ပြည်သူ့ဝန်ထမ်း နှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ထပ်မံချမှတ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများက ဆန့်ကျင်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုကြသည်။

“ ဒါကို ကျနော်တို့က လုံးဝဆန့်ကျင်ကန့်ကွက်တယ်။ နှိပ်ကွပ်တဲ့ပုံစံမျိုးနဲ့ ပိုပြီးပြစ်ဒဏ်စီရင်တာက အဖြေရှာတာမဟုတ်ဘူး။ ဒီလိုမျိုး လုပ်ဆောင်တာက ပိုပြီး ဆူပုအုံကြွဖြစ်လာမှာပဲ ။ ကျနော်တို့လက်မြှောက်အရှုံးမပေးဘူး။ ဆက်လက်ပြီး တိုက်ပွဲဆင်နွဲသွားမယ်။ IDPs တွေနဲ့ ကျနော်တို့အားလုံးကို နှိပ်ကွပ်တယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင် လုံးဝပြိုလဲနေပြီး လွတ်လပ်တဲ့တရားစီရင်ရေးမရှိဘူးဆိုတာ လုံးဝမီးမောင်းထိုးပြနေပြီ “ ဟု ကချင်ပြည်နယ်နယ်လုံးဆိုင်ရာ လူငယ်များသမဂ္ဂ ၊ ဥက္ကဋ္ဌ ကိုလွန်းဇောင်းက ပြောသည်။

လက်ရှိတွင် ကချင်လူငယ်နှစ်ဦးကို ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်သည့်အပေါ် ကချင်စစ်ရှောင်ပြည်သူ အင်အား ၃၀၀ ကျော်ခန့်က ယနေ့ စက်တင်ဘာ ၆ ရက်နေ့ ၊ မြစ်ကြီးနားမြို့ ၊ MPT ရုံးထောင့် တရားရုံးနားတွင် ဆန္ဒဖော်ထုတ်နေကြေပြီး စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့ အထိ ဆန္ဒထုတ်ဖော်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com