All News China Watch Local News

မူဆယ်တွင် ပြည့်တန်ဆာအလုပ်ခေါ် ကြော်ငြာ ကပ်သူများမှာ မြန်မာစာမတတ်သော မုန်းကိုးမြန်မာနိုင်ငံသားများဖြစ်ဟုဆို

မူဆယ်တွင် ပြည့်တန်ဆာအလုပ်ခေါ် ကြော်ငြာ ကပ်သူများမှာ မြန်မာစာမတတ်သော မုန်းကိုးမြန်မာနိုင်ငံသားများဖြစ်ဟုဆို၊ စာကပ်သူများကို CCTV မှ ခြေရာခံ ဖမ်းမိခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ပြည့်တန်ဆာခေါ်ယူသော အလုပ်ကြော်ငြာစာများ ကပ်ခဲ့ကြသူများမှာ မုန်းကိုး မြန်မာနိုင်ငံသားများဖြစ်ကြောင်း နေပြည်တော် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး သက်နောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည့်တန်ဆာခေါ်ယူရေး ကြော်ငြာ ကပ်ခဲ့သူ မြန်မာစာမတတ်သော မုန်းကိုး မြန်မာနိုင်ငံသား ၄ ဦးကို ရဲတပ်ဖွဲ့က အရေးယူထားကြောင်း၊ ပြည့်တန်ဆာ ဥပဒေအပါအဝင် ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

“စာတွေကပ်တာမှန်တယ်။ ကပ်တဲ့လူတွေက ဒီ မုန်းကိုးမြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားတွေဖြစ်တယ်။ မြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့ သူတို့က မုန်းကိုးဖက်က ကိုးကန့်တို့တရုတ်တို့ မြန်မာစကားလည်လည်ဝယ်ဝယ် သိပ်မတက်ကျဘူးလို့သိရတယ်။ သူတို့က မုန်းကိုးမှာ အလုပ်လုပ်ရင်းကနေပြီးတော့ မူဆယ်မှာအလုပ်လုပ်ဖို့ သူတို့ရောက်တယ်။ အသက်တွေက ၂၅ ၊ ၂၃ ၊ ၁၈ ၊ ၁၉ ငယ်သေးတယ်။ သူတို့က မာစွတ်တို့ဘာတို့သူတို့က ဒီပြည့်တန်ဆာခန်းတို့ ထောင်ပြီးတော့မှ အလုပ်လုပ်ဖို့သူတို့စိတ်ကူးကျတယ်။ စိတ်ကူးပြီးတဲ့နောက်မှာ တစ်ယောက်က ဒီလိုမျိုးစာကပ်ပါလားလို့ ပြောလိုက်တယ်လို့သိရတယ်။ မြန်မာစာလည်း မတတ်ကျဘူး။ စာကပ်လိုက်ပြီးတော့ အဲဒီမှာ အမြင်မတော်တဲ့သူကနေပြီးတော့ ဒါကိုဖြဲလိုက်တယ်။ မဖြဲခင်မှာ ဓာတ်ပုံရိုက်ထားတယ်ပေါ့။ အဲဒါကို Facebook တင်တယ်ပေါ့လေ။ အဲတာကတော့ နယ်ရဲရဲ့လုပ်ဆောင်ချက်ထဲမှာ ကပါသွားတာပေါ့။ CCTV ကင်မရာမှတ်တမ်းတွေဘာတွေနဲ့ လိုက်ပြီးတော့မှ ဖမ်းမိထားတယ်။ ဖမ်းမိပြီးတော့မှ ပြည့်တန်ဆာအက်နဲ့ပဲအရေးယူထားတယ်။ လူကုန်ကူးမှုနဲ့တော့ မရှိဘူး။ ချိတ်ဆက်မှုမရှိဘူး။ သူရဲ့ရည်ရွယ်ချက်တွေကလူကုန်ကူးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေမတွေ့ရဘူး။ ဖမ်းထားတာကတော့ ၄ယောက် အရေးယူတာကတော့ ပြည့်တဆာ နှိပ်ကွပ်ရေးအက်ဥပဒေနဲ့ အရေးယူထားတယ်လို့ပြောထားတယ်” ဟု ဒုရဲမှူးကြီးသက်နောင်က ဆိုသည်။

လက်ရှိ အရေးယူထားမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုမူ မူဆယ်မြို့နယ် ရဲစခန်းတွင် စုံစမ်းရန် ဒုရဲမှူးကြီးသက်နောင်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မူဆယ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

မူဆယ်မြို့ခံ ကရုဏလူမှုကယ်ဆယ်ရေးအသင်း(မူဆယ်) ဥက္ကဋ္ဌ ကိုသောင်းထွန်းက” ဒါမူဆယ်ကို သက်သက်မယ့် စော်ကားတာဗျ။ ဒါရာဇဝတ်မှုဆိုတာ အားလုံးသိနေတဲ့ ကိစ္စလေ။ အဲတာကို မြို့လည်ခေါင်မှာ လာကပ်တယ်ဆိုတော့ မြို့သူမြို့သားတွေကိုလည်းစော်ကားတာ။ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုလည်း စော်ကားတာလို့မြင်တယ်ဗျ ပြည့်တန်ဆာဆိုပြီးတော့ အလုပ်ခေါ်တယ်လို့ ကပ်တာကတော့ ဒါပထမဆုံး အကြိမ်ပဲ။ တရုတ်နယ်စပ်မှာ ကလေးမွေးပေးဖို့ဘာတို့ခေါ်တာတို့တော့ ကြော်ငြာကပ်ဖူးတာတော့ရှိတယ်။ ကျန်တဲ့ အလုပ်ကိစ္စခေါ်တာတွေ မိန်းကလေး လည်းခေါ်တာလည်းတွေ့ဖူးတယ်။ ပြည့်တန်ဆာလုပ်ငန်းဆိုပြီးတော့ ခေါ်တာကတော့ ဒါပထမဆုံးအကြိမ်ပဲ” ဟု ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts