All News Local News Peace

မိမိတို့ကြောင့် ငြိမ်းချမ်းရေး ကသိ ကအောင့် ဖြစ်ဟုဆိုသော သမ္မတရုံးညွှန်ချုပ်ပြောဆိုမှု နော်အုန်းလှ တုံ့ပြန်

မိမိတို့ကြောင့် ငြိမ်းချမ်းရေး ကသိကအောင့် ဖြစ်ဟုဆိုသော သမ္မတရုံးညွှန်ချုပ်ပြောဆိုမှု နော်အုန်းလှ တုံ့ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်မြို့တွင် ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ ကျင်းပခဲ့သည်ဟုဆိုကာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ကရင်အမျိုးသမီး အစည်းအရုံး (KWU) ခေါင်းဆောင် နော်အုန်းလှက မိမိတို့ကြောင့် ငြိမ်းချမ်းရေး ကသိကအောင့် ဖြစ်စေသည်ဆိုသော ပြောဆိုမှုသည် မသက်ဆိုင်သော ပြောဆိုမှု အဖြစ် တုံ့ပြန်ပြောဆိုလိုက်သည်။

ယနေ့ ကျောက်တံတားမြို့နယ်တရားရုံးတွင် ရုံးထုတ်လာစဉ် နော်အုန်းလှက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီး နော်အုန်းလှ အပါအဝင် ကရင်လူငယ် စော်အဲလ်ဘတ်ချို နှင့် စသိန်းဇော်မင်းတို့ကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးတွင် ဒုတိယအကြမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ အာမခံ မယူဘူး။ ကျမတို့က ယူရမယ့် ကိစ္စလည်း မဟုတ်ဘူး။ ကျမတို့ ဘာမှ မမှားတဲ့အတွက် မယူဘူး။ သူတို့ နှစ်ယောက်လည်း မယူဘူး။ အပြစ်မရှိတဲ့အတွက် သူတို့မယူဘူးလို့ ပြောတယ်။ ဒီကနေ ညနေပိုင်း ၃ ယောက်စလုံး အင်စိန်းထောင် သွားရမယ်။ အမှုကို ဆက်ရင်ဆိုင်ရမယ်။ ဒီကနေ့ တရားသူကြီးကတော့ ဒီအမှု နဲ့ ပတ်သက်လို့ လာမယ့် ၂၄ ရက်နေ့ကျရင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ ညှိနှိုင်းမယ်။ အစည်းအဝေးလုပ်မယ်လို့ ပြောတယ်။ ကျမတို့ကတော့ မပူးပေါင်းနိုင်ဘူး။ အစည်းအဝေးဖိတ်စာလည်း မယူဘူးလို့ ပြောလိုက်တယ်။ ကျမတို့က ယူစရာလည်း မရှိဘူး။ ပူးပေါင်းစရာလည်း မလိုဘူး။ ကျမတို့ ဘာမှ မမှားခဲ့တာ ။ မှားနေရင်တော့ ပူးပေါင်းမယ်ပေါ့ ။ အခုက မှားစရာ မရှိတော့ ပူးပေါင်းစရာ မရှိဘူး။ လောလောဆယ် ဒီအမှုနှင့် ပတ်သက်ပြီး ဦးဇော်ဌေး ပြောဆိုတာကို လက်မခံပါဘူး။ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ကျမတို့ ကြောင့် ငြိမ်းချမ်းရေး ပဋိပက္ခ ကသိကအောင့် ဖြစ်တယ်ဆိုတာ ၊ ဒီလိုဖြစ်စရာ အကြောင်းလည်း မရှိပါဘူး။ ကျမတို့က ကိုယ်အလုပ် ကိုယ်လုပ်တာပဲ။ KNU ကနေ ကရင်အမျိုးသားအာဇာနည်နေ့ လုပ်ဖို့ ၊ ကရင်လူမျိုးတွေ ရှိတဲ့နေရာမှာ လုပ်ဖို့ ၊ သူတို့က ညွန်ကြားချက်တွေ ထုတ်လိုက်တယ်။ ကျမကလည်း ကရင်အာဇာနည်နေ့ကို ကရင်ပီပီ ကရင်ဖြစ်လို့ လုပ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီလုပ်တဲ့အတွက် ကျမက ဘာမှ မှားစရာ မရှိဘူး။ ဒါကြောင့် အာမခံမယူဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့ ၊ ရန်ကုန်မြို့ ၊ မဟာမန္ဓုလပန်းခြံရှေ့တွင် ပြလုပ်ခဲ့သည့် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားတွင် ကရင်အာဇာနည်နေ့ စာသား အသုံးမပြုရန် ရန်ကုန်တိုင်း အစိုးရက ညွှန်ကြားချက်ထုတ်ပြန်သော်လည်း အဆိုပါ စာသား သုံးစွဲခြင်းကြောင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။

“ လက်ရှိ ကျမတို့ သွားနေတဲ့ အနာဂတ် ဖယ်ဒရယ် ပြောနေတာ ၊ တိုင်းရင်းသားတွေ ရဲ့ လိုအပ်ချက် ၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် ၊ ဓလေ့ထုံးတမ်းတွေကို သိပါလျက် ဒီလိုလုပ်တဲ့ အစိုးရကို လက်မခံဘူး။ နောက်နှစ်တွေ ရှိနေတယ်။ ဒီလိုမျိုးဆက်ဖြစ်နေရင် အဆင်မပြေဘူး။ ဒီနှစ်တော့ ဒီအမှုကို ပြတ်အောင် လုပ်မယ်” ဟု ဒေါ်နော်အုန်းလှက ပြောသည်။

အမှုကို လာမည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် ရုံးချိန်း ပြန်လည်ချိန်းဆိုထားပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသမီး အစည်းအရုံး ( KWU ) ခေါင်းဆောင် ဒေါ်နော်အုန်းလှ ၊ ကရင်လူငယ်နှစ်ဦးဖြစ်သော စောအဲလ်ဘတ်ချို နှင့် စသိန်းဇော်မင်းတို့ အမှုအာ ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး ( KNU ) က စက်တင်ဘာ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

Photo Credit – Naw Ohnn Hla Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com