All News Local News

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ယမန်နေ့ည ညှိနှိုင်းမှု မပြေလည်

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ယမန်နေ့ည ညှိနှိုင်းမှု မပြေလည်

ရန်ကုန်၊ စက်တင်ဘာ ၅

မန္တလေး တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြမှုနေမှုကို ယမန်နေ့ညပိုင်းက ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခဲ့သော်လည်း မပြေလည်ဘဲ ပညာရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် လိမ်လည်သော အဖွဲ့ဖြစ်သည်ဟု သပိတ်မှောက် ကျောင်းသားများက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့ ညပိုင်းအချိန်တွင် ဒေါက်တာဆင့်စိုးဦးဆောင်အဖွဲ့မှ သပိတ်မှောက်ကျောင်းသားများအား ပညာရေးဝန်ကြီးဋ္ဌာန၏ တရားဝင်စေလွှတ်သောစေ့စပ်ရေးအဖွဲ့အဖြစ် လာရောက်ဆွေးနွေးခဲ့ကြောင်း၊ သို့သော်လည်း ဒေါက်တာဆင့်စိုးဦးဆောင်သောအဖွဲ့သည် သပိတ်မှောက်ကျောင်းသားများနှင့်ဆွေးနွေးရာစကားဝိုင်းတွင်မူ ဒေါက်တာဆင့်စိုးတို့အဖွဲ့သည် ယခင်အဆိုပါပြသာနာများ၏ စုံစမ်းရေးအဖွဲ့ဟောင်းဖြစ်ပြီး တရားဝင်ပါလာသည့်စာဆိုသည်ကိုလည်း ကျောင်းသားများအားပြသခြင်းမပြုခဲ့ကြောင်း၊ အဆိုပါ အဖွဲ့သည် ဘက်လိုက်သောစုံစမ်းရေးအဖွဲ့ဖြစ်ပြီးသပိတ်မှောက်ကျောင်းသူကျောင်းသားများအားမလိမ့်တပတ်လုပ်လိမ်လည်လှည့်ဖြားဆွေးနွေးသည်ဟူ၍သပိတ်မှောက်ကျောင်းသားများမှဆွေးနွေးမှုရုပ်သိမ်း၍ပြန်လည်ထွက်ခွာခဲ့ကြောင်း ကျောင်းသားများဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဒါက်တာဆင့်စိုးဦးဆောင်သောအဖွဲ့သည် ယခင်ကတည်ရှိသောစုံစမ်းရေးအဖွဲ့ဖြစ်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသားများ မှ အဆိုပါကိစ္စမေးမြန်းခဲ့သောလည်း ဖြေရှင်းခြင်းမရှိခဲ့ရာမှ ယခုကဲ့သို့သပိတ်မှောက်မှုများဖြစ်ပေါ်စေသောအဖွဲ့ဖြစ်ကြောင်း ကျောင်းသားများက ဆိုသည်။

မန္တလေး တက္ကသိုလ်နယ်မြေအတွင်း Food Court ဆောက်လုပ်ခြင်းကိစ္စနှင့် ပတ်သက်ပြီး အလွှဲသုံးစား ပြုလုပ်ထားသည့် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အရေးယူပေးရန် သပိတ်မှောက်နေသော ကျောင်းသားဦးရေ ပိုမိုများပြားလာပြီး ပညာရေးဝန်ကြီး ဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ပြီး သပိတ်မှောက်ကျောင်းသားများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်ဟု သပိတ်ဦးဆောင်ကော်မတီဝင် မယမင်းသူကဆိုသည်။

အဆိုပါ ကျောင်းသားသပိတ်သည် စက်တင်ဘာ ၃ရက်နေ့မှ စတင်ပြီး ၂၄နာရီ ထိုင်သပိတ်အဖြစ်ပြောင်းလဲခဲ့ပြီး လက်ရှိချိန်တွင် ကျောင်းသား အင်အား ၁ဝဝကျော်ဖြင့်သပိတ်မှောက်တောင်းဆိုနေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“အယောင်ပြတွေ့ဆုံညှိနှိုင်းမှုတွေ လာလုပ်မယ်ဆိုရင်တော့ ညီမတို့အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး။ ပါမောက္ခချုပ်ကတော့ လက်ရှိချိန်ထိ လာတွေ့ဆုံတာမရှိသေးဘူး’ ဟု မယမင်းသူကဆိုသည်။

ယင်းသို့ သပိတ်ဖြစ်စဉ်သည် တက္ကသိုလ် မြေဧက လုပ်ပိုင်ခွင့်ပေးရာတွင် နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်(၁/၂၀၁၇) ချိုးဖောက်၍တင်ဒါမခေါ်ယူခြင်း၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့၏ ခွင့်ပြုချက်မရရှိဘဲ တည်ဆောက်ပြီးမှ အသိပေးခြင်း၊ ကျောင်းသားများသမဂ္ဂ၏ လက်မှတ်ကို အတုပြုလုပ်ခြင်း စသော အကြောင်းအရင်းများကြောင့် သပိတ်မှောက်တောင်းဆိုရခြင်းဖြစ်သည်ဟု သပိတ်ဦးဆောင်ကော်မတီကဆိုသည်။

‘သပိတ်ကို လက်ရှိ ကျွန်တော်တို့ ဝန်းရံနေပါတယ်။ ဝန်းရံမှုမှာကျတော့ သူက ကျောင်းတွင်းဆိုင်ရာကိစ္စရပ်နဲ့ ကျောင်းတွင်းဆိုင်ရာ အခွင့်အရေးတိုက်ပွဲဖြစ်နေတဲ့အခါမှာကျတော့ အဓိကတိုက်ရိုက်သက်ဆိုင်တာကတော့ ကျောင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ ကျောင်းသားကျောင်းသူတွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်ပေါ့။ ဒါပေမယ့် အခွင့်အရေးဆိုင်ရာ တိုက်ပွဲမျိုးတစ်ခုကကျတော့ မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်က တခြားကျောင်းသားတွေအခက်အခဲတိုက်ပွဲတွေအတွက်ကိုလည်း လမ်းပြတစ်ခုအနေနဲ့ ရှိနေတယ်ပေါ့။ ရှိနေတော့ တခြားကျောင်းသားတွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာ ကျောင်းတွင်းအခွင့်အရေးဆိုင်ရာ ပြဿနာ တွေအများကြီးရှိတယ် အဲဒီတိုက်ပွဲတွေအတွက်ကို ကျွန်တော်တို့ကိုယ်တိုင် စောင့်ကြည့်နေရတဲ့ မန္တလေးတိုက်ပွဲ သပိတ်တစ်ခုဖြစ်တယ်ပေါ့။ အဲဒီအတွက်ကြောင့် ဒီမန္တလေးသပိတ်တိုက်ပွဲက အဆုံးရှုံးခံလို့မရတဲ့ သပိတ်တိုက်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒီကဦးဆောင်သူတွေရဲ့ သပိတ်ကော်မတီကကော ဘေးကဝန်းရံနေတဲ့ ကျောင်းသား သမဂ္ဂတွေ နိုင်ငံရေးအင်အားစုတွေကလည်း အားဖြည့်သွားဖို့ရှိတယ်’ ဟု ဗမာနိုင်ငံလုံး ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ကဆိုသည်။

“မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊စစ်ဆေးအရေးယူပေးရေး”၊ “ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သောစုံစမ်းစစ်ဆေးရေးအဖွဲ့အားအယုံအကြည်မရှိ”၊ “မန္တလေးတက္ကသိုလ်အားအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ”၊ “နိုင်ငံတော်သမ္မတ ညွှန်ကြားချက် နှင့်တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော အုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး”၊ “ကျောင်းတွင်းစီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး”စသည့် အချက်၅ချက်ကို သပိတ်မှောက်ကျောင်းသားများကတောင်းဆိုထားသည်။

Photo Credit – Oway Channel

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts