All News Local News Peace

မတရားမှုအတွက် ဒူးထောက်အညံ့ခံမည်မဟုတ်ဟု ကချင်လူငယ်ခေါင်းဆောင်နှစ်ဦး ဆို

မတရားမှုအတွက် ဒူးထောက်အညံ့ခံမည်မဟုတ်ဟု ကချင်လူငယ်ခေါင်းဆောင်နှစ်ဦး ဆို

ရန်ကုန်၊ စက်တာဘာ ၂

ကချင်စစ်ဘေးရှောင် (၈)နှစ်ပြည့်အဖြစ် Street performance (လမ်းသရုပ်ဖော်ပြဇာတ်) ကပြရာတွင် ဦးဆောင်ခဲ့သော ကိုပေါလူ နှင့် မဆိုင်းနူးပန်တို့ကို မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ရက် ပြစ်ဒဏ်ချမှတ်လိုက်ပြီး မတရားမှုအတွက် ဒူးထောက်အညံ့ခံမည်မဟုတ်ဟု ၎င်းတို့က ပြောကြားသည်။

၎င်းတို့နှစ်ဦးကို ထောင်ဒဏ် ၁၅ရက် သို့မဟုတ် ငွေဒဏ် ၃သောင်း ကျခံစေရန် ယနေ့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က ထောင်ဒဏ် ၁၅ရက်ကိုရွေးချယ်ခဲ့ကြောင်း၊ ၎င်းတို့ ပြုလုပ်ခြင်းသည် တေးသရုပ်ဖော်ပြဇာတ်ကခြင်းသာဖြစ်ပြီး ဆန္ဒထုတ်ဖော်ခြင်းမဟုတ်သည့်အတွက် အပြစ်မရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

” ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ နိုင်ငံက ကျွန်တော်တို့ Freedom of Expressionဆိုတာ ဘယ်ရောက်နေပြီလဲ။ ကျွန်တော်တို့မေးခွန်းထုတ်စရာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဒီဥပဒေက ကျွန်တော်တို့ကို အရေးယူရမယ်ဆိုရင်တော့ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက စဉ်းစားရမယ်ဆိုတာကို ပြောချင်ပါတယ်။ ကျွန်တော်တို့ကဘယ်တော့မှ မတရားမှုကို ဒူးထောက်အညံ့ခံမှာ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြည်သူတွေနဲ့ တကွ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေသိရှိဖို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ကိုပေါလူက ဆိုသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းက တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့် Street performance ကို မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံအနီးတွင် သရုပ်ဖော်တင်ဆက်ပြသခဲ့ခြင်းနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ်ရဲစခန်းက ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

“အမှားတွေကို မတရားမှုကို အမြဲတမ်းတော်လှန်သွားပါ့မယ်။ ကျွန်မတို့ အခုငွေဒဏ်ပြီးလိုက်ရင်ရတယ်။ ဒါပေမဲ့ ဒီဟာက တကယ်တမ်း စစ်ဘေးရှောင် ၈နှစ်ပြည့်သွားပါပြီ၊ ဒီ၈နှစ်ပြီးတဲ့အတောအတွင်း ကျွန်မတို့ရဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အခက်အခဲ ကျွန်မတို့ စစ်အတွင်းမှာ ကြုံတွေ့ခဲ့တဲ့ ပြဿနာ၊ စစ်ဘေးရှောင် စခန်းမှာနေခဲ့ရတဲ့ အခက်အခဲပေါင်းစုံတွေကို ကျွန်မတို့ရဲ့တေးသရုပ်ဖော် ကျွန်မတို့လုပ်တယ်။ အခုကျွန်မတို့ကို အမိန့်ချတဲ့အခါမှာ တေးသရုပ်ဖော် ဆန္ဒဖော်ထုတ်ခြင်းဟု စွပ်စွဲထားတာတွေ့ရပါတယ်။ ဒီဟာက ကျွန်မတို့ဆန္ဒဖော်ထုတ်နေတာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ခံစားချက်ကို ကျွန်မတို့ရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်မတို့ တေးသရုပ်ဖော်ခြင်းသာဖြစ်တယ်။ ဒီလောက်ပဲလုပ်တဲ့ဟာကို ကျွန်မတို့ကို အမိန့်ချတရားစွဲလုပ်ဆောင်နေတဲ့ဟာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလို့ ပြောနေတဲ့ စံချိန်စံညွန်းကြွေးကြော်နေတဲ့ အစိုးရ ဘယ်နားမှာရောက်နေလဲ ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးကို အဓိပ္ပာယ်ဖွင့်ဆိုနေတာလည်း ဒါကျွန်မတို့မေးခွန်းမေးစရာရှိနေပါတယ်။ ကျွန်မတို့ရဲ့ အခွင့်အရေးဖြစ်တဲ့ Freedom Of Expression လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက်ပြီးတော့ တောင်းဆိုသွားပါ့မယ်” ဟု မဆိုင်းနူးပန်က ဆိုသည်။

ထို့ပြင် ၈ နှစ်ကြာဖြစ်ပွားနေသော ကချင်စစ်ပွဲများ ရပ်တန့်ရေးအတွက် ဇွန်လ ၈ရက်က ရန်ကုန်မြို့တွင် လူငယ်အင်အား ၅၀ ခန့်က ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့မှ စတင်ကာ ဆူးလေရှိ လူကူးခုံးကျော်တံတားအထိ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများသည် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစတင်ကာ တပ်မတော်နှင့် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်)တို့ကြား တစ်ကျော့ပြန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၈နှစ်ကြာခဲ့ပြီဖြစ်သည်။

Photo – Kachin_Youth_Movement

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts