All News Local News

တောင်ဒဂုံတွင် သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆန္ဒပြသူ ၂ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် အမှုဖွင့်

တောင်ဒဂုံတွင် သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆန္ဒပြသူ ၂ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် အမှုဖွင့်

ရန်ကုန်၊စက်တင်ဘာ ၁၄

တောင်ဒဂုံမြို့နယ် ၇ဝ ရပ်ကွက် တွင်ဖြစ်ပွားခဲ့သော အသက် ၁၂အရွယ် ကလေးငယ်တစ်ဦးအား မုဒိမ်းပြုကျင့်သည့် ကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၃ရက်နေ့က တောင်ဒဂုံမြို့နယ်တတရားရုံးရှေ့တွင် သက်ငယ်မုဒိမ်းမှုများသေဒဏ်ပေးရန် ဆန္ဒပြတောင်းဆိုသူ ၂ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ဖြင့် တောင်ဒဂုံမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

‘ကလေးငယ်များဘဝလုံခြုံရေး သက်ငယ်မုဒိမ်း သေဒဏ်ပေး(သို့မဟုတ်) လွှတ်ရက်မရှိ ထောင်ဒဏ်ပေး’ ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်ဒဂုံမြို့နယ် ၇ဝရပ်ကွက်နေ ပြည်သူ၄ဦးခန့်က ယနေ့ တောင်ဒဂုံမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ထိုဆန္ဒပြပွဲတွင် ဦးဆောင်သူ ၂ဦးဖြစ်သည့် မချိုနှင့် ကိုနောင်နောင်တို့ကို ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုထားပြီး လက်ရှိချိန်တွင် ကိုယ်ပိုင်ခံဝန်ဖြင့် တောင်ဒဂုံမြို့နယ်ရဲစခန်းက ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။

‘ကျွန်မတို့ ဆန္ဒပြတာက တောင်ဒဂုံမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတစ်ခုပေါ့။ သူ့ကိုရုံးထုတ်လာတဲ့အချိန် ဆန္ဒပြတောင်းဆိုတာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ သက်ငယ်မုဒိမ်းမှုတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်မရှိ လွှတ်ရက်မရှိ ထောင်ဒဏ်နဲ့ သေဒဏ်ပေးဖို့တောင်းဆိုတာပေါ့။ တရားစွဲခံရတဲ့အပေါ်ကိုတော့ ပြောစရာမရှိပါဘူး။ ဒီယုတ်ညံ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကိုသေဒဏ်ပေးဖို့က အရေးကြီးတယ်။ အသက် ၁၂အရွယ် မိန်းကလေးတစ်ယောက် အဖေတွေအမေတွေက မနက်အလုပ်သွား ညဖက်မှပြန်လာတော့ အိမ်နီးချင်းအိမ်မှာ သွားထားတာပေါ့။ဒီကလေးလေးကို ၃ကြိမ်တိုင်တိုင် မုဒိမ်းပြုကျင့်ခဲ့တာပေါ့’ ဟု မချိုကဆိုသည်။

အဆိုပါ သက်ငယ်မုဒိမ်းမှုသည် သြဂုတ်လ ၂ဝရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် သံသယ တရားခံ ဇော်မိုး ၃၂ နှစ်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး တောင်ဒဂုံမြို့နယ်တရားရုံးတွင် ယမန်နှစ်ပတ်ယူကာ ယနေ့ရုံးထုတ်တွင် ခရိုင်တရားရုံးသို့ လွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။

တောင်ဒဂုံ သက်ငယ်မုဒိမ်းဖြစ်စဉ်မှာ ကလေးမလေး၏ မိဘဖြစ်သူများ အလုပ်သို့သွားရောက်စဉ် သြဂုတ်လ ၁၅ရက်နေ့တွင် တရားခံ ဇော်မိုး(၃၂)နှစ်၏ အိပ်ခန်းထဲတွင် တစ်ကြိမ်၊ ကလေးမလေး၏ နေအိမ်တွင် တစ်ကြိမ်၊ ၁၉ရက်နေ့တွင် တရားခံ၏နေအိမ် အိမ်သာတွင် တစ်ကြိမ် သုံးကြိမ်တိုင် မုဒိမ်းပြုကျင့်ခဲ့ပြီး ကလေးငယ်လေးအား ပြန်လည်ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက် တောင်ဒဂုံမြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပြီး ဆေးစစ်ချက်အဖြေများအရ သံသယတရားခံ၏ သုတ်ပိုးတွေ့ရှိပြီး ဖမ်းဆီး အရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com