Local News political news

NLD စိတ်ကြိုက် လုပ်နေခြင်းကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ရခိုင်ပါတီ နှုတ်ထွက်ခြင်းဟုဆို

NLD စိတ်ကြိုက် လုပ်နေခြင်းကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ရခိုင်ပါတီ နှုတ်ထွက်ခြင်းဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၃

တိုင်းရင်းသားများ တင်ပြသည့် အချက်မပါဘဲ NLD စိတ်ကြိုက် လုပ်ဆောင်နေခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှုတ်ထွက်ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကျော်ဇံ နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နှုတ်ထွက်လိုက်ခြင်းဖြစ်သည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းပြင်ဆင်သည့် အပေါ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၂ ဦးအားပါဝင်စေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် ၈၅၈ ချက် အကြံပြုတင်သွင်းသော်လည်း အဆိုပြုချက် ဆုံးဖြတ်ရာတွင် မဲအသာစီးစနစ်ဖြင့် အတည်ပြုဆုံးဖြတ်ခြင်းကြောင့် ရခိုင်အမျိုးသားပါတီအပါအဝင် တခြားသော တိုင်းရင်းသားတွေ ပြင်ဆင်လိုသည့်အချက်များ အတည်ပြုဆုံးဖြတ်ခြင်း မရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ ညှိနှိုင်းဆွေးနွေးတဲ့အခါ ကျနော်တို့ဘက်က တင်ပြတာ ရှိတယ်။ ပထမတုန်းက ညှိနှိုင်းဆွေးနွေးဖို့ ၊တကယ်လို့ သဘောမတူသေးရင် ခေတ္တ ရပ်ထားဖို့ ၊ ဒုတိယအချက်က ၄၅ ဦးကော်မတီထဲမှာ များတဲ့ မဲ နဲ့ မဆုံးဖြတ်ဘူး။ အစုအဖွဲ့ တစ်ခု ကို တစ်မဲနဲ့ ဆုံးဖြတ်ဖို့ တင်ပြခဲ့တာ ရှိတယ်။ အစုအဖွဲတစ်ခုဆိုတာ တစ်ပါတီ တစ်မဲ ၊ နဲ့ မဲပေးမယ် ဆိုပြီး တင်ပြခဲ့တာ ရှိတယ်။ နောက်တစ်ချက်က မဲပေးတာအခါ လက်ညိုးထောင်စနစ်နဲ့ မဟုတ်ဘဲ လျှို့ဝှက်မဲစနစ်နဲ့ ကိုယ်ပေးချင်တာ ပေးလိုရအောင် ဆိုပြီး တင်ပြထားတာ ရှိတယ်။ အဲဒါတွကို ဘာမှ လက်မခံဘူး။ ဆွေးနွေးတဲ့အခါ ကျနော်တို့ တင်ပြချက်တွေက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ဆိုတဲ့ မူကိုသွားဖို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက်တဲ့ ပြင်ဆင်ချက်ကို ကျနော်တို့ တိုင်းရင်းသားတွေဘက်က အများကြီး တင်ပြထားပါတယ် ။ ဒါပေမဲ့ ဥပဒေမူကြမ်းမှာ ပါဝင်ဖို့ ဆွေးနွေးတဲ့အခါ ဒီအချက်တွေက NLD ရဲ့ မဲ အများနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ လက်ရှိအချိန်အထိ ပါလာတာ မတွေ့ရတော့ဘူး” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီက တင်ပြ အဆိုပြုထားသည့် အချက် ၈၅၈ ချက် မပါဝင်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။

“အဲဒါနဲ့ ကျနော်တို့က ရှေ့ဆက်ပြီး သွားနေလည်း ဒီပူးပေါင်းကော်မတီနဲ့ မျှော ပြီးလိုက်နေတာ ၊ တချိန်ချိန်မှာ တာဝန် ပဲ ရှိလာလိမ့်မယ် ၊ ဒါကြောင့် ဒီကော်မတီမှ ဆက်လက်မပါဝင်တော့ဘူး ပုံစံမျိုးနဲ့ ကိုယ်စားလှယ်နှစ်ဦးကို ပါတီကနေ ရုပ်သိမ်းလိုက်တာပါ” ဟု မြေပုံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်း ကော်မတီက အကြုံပြုချက် ၃၇၆၅ ချက်ကို အခြေခံပြီး ဥပဒေကြမ်းတစ်ရပ်အဖြစ် ပြဋ္ဌာန်းရန် သြဂုတ်လ ၂၉ ရက်နေ့က ကော်မတီကနေ အဆုံးအဖြတ် ရယူရာတွင် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ ဒီနေ့ အခင်းအကျင်းက ဖြစ်ပေါ်လာတဲ့အခြေအနေအရ ပါတီက ၄၅ ပူးပေါင်းကော်မတီ ရဲ့ လုပ်ငန်းစဉ်အပေါ် ဆက်လက်ပါဝင်လိုတဲ့ ဆန္ဒ မရှိတော့သဖြင့် ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီ ၊ ပါတီ ၈ ဦးအဖွဲ့က ညှိနှိုင်းဆွေးနွေးပြီးတော့ ကိုယ်စားလှယ်နှစ်ဦး ကို ၄၅ ဦးကော်မတီကနေ ပေးထားတဲ့ တာဝန်ကို ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ ဒီအပေါ် မျှော်လင့်ချက် မရှိတော့လို့ ၊ ဆက်ပြီး ပါဝင်လိုတဲ့ ဆန္ဒ မရှိတော့လို့ နှုတ်ထွက်တာ ဖြစ်ပါတယ်။ သူတို့အပိုင်းကတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုလည်း ဆက်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄၅ ဦးကော်မတီ ရဲ့ အဓိက မောင်းနှင်ရာက NLD က ဖြစ်ပါတယ်။ စစ်တပ်ကလည်း သူတို့ဘက်က အဲဒီလိုလုပ်ဖို့ မရှိဘူးလို့ ကျနော်မြင်ပါတယ်” ဟု မြေပုံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် NLD ပါတီဝင် အမတ် ၁၈ ဦး ၊ ပြည်ခိုင်ဖြိုး ၊ ရခိုင်အမျိုးသားပါတီ ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂ ဦးစီနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး ပါဝင်နေကြောင်း သိရသည်။

အဆိုပါ နှုတ်ထွက်စာတင်သော ကိုယ်စားလှယ်နှစ်ဦးအား ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းပါသော်လည်း ရခိုင်အမျိုးသားပါတီ ၏ မူဝါဒရေးရာကော်မတီဝင်များကိုသာ ဆက်သွယ်မေးမြန်းရန် ပြန်လည်ပြောဆိုခဲ့သည်။

အလားတူပင် ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ၄၅ ဦးကော်မတီဝင် အဖွဲ့ဝင်တစ်ဦးဖြစ်သော မအူပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကမူ သမိုင်းတရားခံမဖြစ်စေရန် ၊ တိုင်းရင်းသားများလိုလားသော ဖယ်ဒရယ်ပြည်ထောင်စု ဆန္ဒဖြည့်ဆည်းပေးရန် အားနည်းနေမှုကြောင့် နှုတ်ထွက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၄၂ ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com