All News China Watch interview

တရုတ်ယန်စီကုမ္ပဏီကို အစိုးရ ခွင့်ပြုပေးသည့် ဝါးစိမ်းတောင်ဒေသ စီမံကိန်း ယင်းမာပင်၊ တိုင်းဒေသကြီး လွှတ်တော်အမတ် ကန့်ကွက်

တရုတ်ယန်စီကုမ္ပဏီကို အစိုးရ ခွင့်ပြုပေးသည့် ဝါးစိမ်းတောင်ဒေသ စီမံကိန်း ယင်းမာပင်၊ တိုင်းဒေသကြီး လွှတ်တော်အမတ် ကန့်ကွက်

“စည်ပင်ဝန်ကြီးကို ဖုန်းဆက်မေးတယ်။ စည်ပင်ဝန်ကြီး ကောင်းကောင်းမွန်မွန် ပြန် မဖြေ ပါဘူး။ ကျမတောင် ရန်လုပ်ခံရသေးတယ်”

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီ နှင့် ဆက်သွယ်မေးမြန်းချက်

ပြည်ထောင်စုအစိုးရနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရတို့က မြန်မာယန်စီ တရုတ်ကုမ္ပဏီကို ဝါးစိမ်းတောင်ဒေသ ဧက ၂၈၁၃၆ တွင် ကြေးနီနှင့် ဓာတ်သတ္တုများ စမ်းသပ်ရှာဖွေခွင့် ပြုလိုက်ပြီဖြစ်ပြီး ယင်းသို့ ရှာဖွေခွင့်ပြုခြင်းကို ဒေသခံများနှင့် လွှတ်တော်အမတ်များကိုယ်တိုင် ကန့်ကွက်နေကြပြီဖြစ်သည်။ ရန်ကုန်ခေတ်သစ်က ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဝါးစိမ်းတောင်ဒေသ ကြေးနီ တိုးခဲျ့ စီမံကိန်း ကို တိုင်းအစိုးရက ခွင့်ပြုပေးလိုက်ပြီဆိုတော့ ပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ။ ။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ မှ စသိတာ ။ တရုတ်ယန်စီကုမ္ပဏီက ပြည်ထောင်စုကို လျှောက်တာ ဘယ်တုန်းက လျှောက်တာလည်းတော့ မသိဘူး။ ပြည်ထောင်စုကနေ တိုင်းအစိုးရကို ပြန်ချပေးတာ အောက်တိုဘာလ က ၊ ဒါကို စိစစ်ပြီး သုံးသပ်တင်ပြဖို့ တိုင်းအစိုးရကို စာပို့တယ်။ တိုင်းအစိုးရကလည်း မြို့နယ်စီမံ / ခန့် တာဝန်ရှိ ပုဂ္ဂိုလ်တွေကို စာပို့တယ်။

အဲဒီအခါကျမှ ကျမတို့က သိရတာ။ သိရတော့ ချက်ချင်း ဒေသခံ ပြည်သူကို သွားမေးတယ်။ ဒီကိစ္စကို လက်ခံနိုင်သလား ၊ ကျမအနေနဲ့ မေးတော့ ၊ ပြည်သူ့က လက်မခံနိုင်ပါဘူး ဆိုပြီး ကန့်ကွက်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ဝါးစိမ်းတောင်ခြေမှာ ကျမကို ဖိတ်ပြီး ကန့်ကွက်လက်မှတ်တွေ ပေးအပ်ခဲ့တယ်။ ကျမလက်ထဲမှာ ပြည်သူ တွေလက်မခံနိုင်တဲ့ကန့်ကွက်လက်မှတ်တွေ ရှိပါတယ်။

မေး။ ။ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ဒီစီမံကိန်းနဲ့ ဆွေးနွေးတင်ပြဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါ။

ဖြေ။ ။ လွှတ်တော်မှာ မဆွေးနွေးခင် က တိုင်းအစိုးရကို တရားဝင် ၊ ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင် နှင့် ဆားလင်းကြီး ပါတီ အတွင်းရေးမှူး ၊ ယင်းမာပင်အတွင်းရေးမှူး တို့ နဲ့ လက်မှတ်ထိုးပြီး ပြည်သူ့ဆန္ဒအတိုင်း ကန့်ကွက်ခဲ့ပါတယ်။ အဲဒါတစ်ကြိမ်။ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်မှာ ၂၀၁၉ ၊ ဇွန်လ ၂၄ရက်နေ့မှာ လွှတ်တော်ကနေ တရားဝင် မေးခွန်းမေးပြီး ၊ သဘောထားမှတ်ချက် သိရအောင် မေးခဲ့ပါတယ်။
ဒါတွေကို တိုင်းအစိုးရက လျစ်လျူရှုပြီးတော့ ကျမတို့ကို အသိပေးမှုလည်း မရှိပါဘူး။ စက်တင်ဘာ ၂၃ ရက်ကနေ ပြည်ထောင်စု ကို သဘောထားမှတ်ချက်ပေးလိုက်ပြီး လို့ ကျမတို့က သိရတယ်။ ကျမ သိရတာက စက်တင်ဘာ ၉ ရက်နေ့က စသိတာ ။ ၁၀ ရက်နေ့မှာ စည်ပင်ဝန်ကြီးကို ဖုန်းဆက်မေးတယ်။ စည်ပင်ဝန်ကြီး ကောင်းကောင်းမွန်မွန် ပြန် မဖြေ ပါဘူး။ ကျမတောင် ရန်လုပ်ခံရသေးတယ်။

မေး။ ။ ဒီနေ့ ဝါးစိမ်းတောင်စီမံကိန်းအပေါ် ဒေသခံတွေက ကန့်ကွက်ထုတ်ဖော်နေတဲ့အပေါ် ဘာများ ပြောဆိုချင်တာရှိလဲ။

ဖြေ။ ။ ပထမ ယင်းမာပင်ခရိုင်အတွင်းမှာ ကြေးနီစီမံကိန်း ၂ ခုရှိတယ်။ ယန်စီကုမ္ပဏီနှင့် ဝမ်ပေါင်ကုမ္ပဏီ လုပ်နေတဲ့ ကုမ္ပဏီ ကြီး ၂ ခု ရှိတယ်။ လက်ပံတောင်းတာင် ၊ ကြေးစင်တောင် ၊ ဒါတွေနဲ့ ပတ်သက်ပြီး သာဓက တွေ ရှိနေတယ်လေ။ ဒေသခံ ပြည်သူတွေကို အလုပ်အကိုင်၊ အခွင့်အလမ်း ပေးမယ် ၊ ပေးမယ် ၊ ဆိုပေမဲ့ ကျမတို့ ပြည်သူက ပညာမတတ်ဘူး။

ပညာမတတ်တော့ သူတို့ ပေးနိုင်လည်း လုံခြုံရေးအလုပ်လောက်ပဲ ပေးနိုင်မယ်။ လုံံခြုံရေးဆိုတာ ဒေသကလူတိုင်းကိုအကုန် မပေးနိုင်ဘူး။ ပြီးတော့ ဒေသပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ကျမတို့ လေထု ညစ်နွမ်းတယ်။ ပြီးတော့ ဓါတ်သတ္တူ တူးဖော်ရှာဖွေရေးမှာ Chemical သုံး ၊ အက်စစ်တွေဖြန်းပြီး ရှာဖွေတယ်။ ဒီလိုမျိုးတွေကြောင့် ပတ်ဝန်းကျင် လေထု ညစ်နွမ်းတယ်။ မကောင်းတဲ့ လေတွေကို ဒေသခံတွေက ရှုနေရတယ်။ အဲ့တာကို သူတို့က စိုးရိမ်တယ်။ မြေအောက်ရေတွေ ဆုံးရှုံးကုန်ပြီ ။ အဲဒီဒေသမှာ ရေတောင် သောက်လို့မရ ၊ နောက်ထပ် ဘယ်စီမံကိန်းမဆို ဆောင်ရွက်ဖို့ သူတို့ က စိတ်မဝင်စားတော့ဘူး။

မေး။ ။ ဒီစီမံကိန်းအပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လို ကန့်ကွက်အရေးဆိုမှု လုပ်ဆောင်ဖို့ ရှိလဲ။

ဖြေ။ ။ ဒီစီမံကိန်းအပေါ် ကျမတို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ကပဲ လုပ်နေရတယ်။ အခုအနေအထားကတော့ ၊ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု အဆင့်ကို တကယ်ပဲ မသိတာလဲ ၊ မလေ့လာတာလဲ ။ အခုချိန်အထိ သူတို့ ဘက်က ဘာမှ ကြိုးစားအားစိုက်မှု မရှိသေးဘူး။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ကပဲ ဓါတ်သတ္တူ စမ်းသပ်တူးဖော်ခွင့်ကို မပြုဖို့ ကြိုးစားသွားမှာ ပါ။ အခုက ပြည်ထောင်စု အဆင့်ဆိုတော့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တွေ ၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း သူတို့မှာ တာဝန်ရှိတယ်။ ဒါက ဆောင်ရွက်လိုစိတ် ရှိ ၊ မရှိတာတော့ သူတို့ ဆန္ဒပါ ။

မေး။ ။ တိုင်းအစိုးရကနေ ပြည်သူ့တွေ လက်မခံတဲ့ စီမံကိန်း ခွင့်ပြုတဲ့အပေါ် သဘောထားမှတ်ချက် ဘာများ
ပြောချင်တာ ရှိလဲ။

ဖြေ။ ။ ကျမတို့က ဒီစီမံကိန်းကြီးကို ဆက်ပြီး စမ်းသပ်ခွင့် ပြုလိမ့်မယ်ဆိုရင် သူတို့အနေနဲ့ စမ်းသပ်ရုံပဲ ၊ တူးဖော်တာမဟုတ်ဘူးဆိုပြီး အကြောင်းပြချက် ပေးလိမ့်မယ်။ ကျမတို့ ရိုးရိုးရှင်းရှင်းပြောရရင် ၊ ဘယ်သူမှ ပစ္စည်းတစ်ခုကို အဝတ်အစားတစ်ခုခု ၊ ရွှေပဲဖြစ်ဖြစ် ဝယ်လိုက်ရင် အလှထားဖို့ မဟုတ်ဘူးလေ။ ဒါက သုံးစွဲဖိ့ု ၊ ဝတ်ဖို့ ဆင်ယင်ဖို့လေ။ စမ်းသပ်ပြီး ဆိုရင် တူးဖော်တာက ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး။ တူးကြမှာပဲ။ အဲဒါမျိုး ကျမတို့ကဘယ်တော့မှ ခွင့်ပြုနိုင်စရာအကြောင်း မရှိဘူး။ တိုင်းပြည် မြေအောက်သံယဇာတ ၊ ဓါတ်သတ္တုတွေကို အနာဂတ်မျိုးဆက်အတွက်လည်း ထားရမယ်လေ။

မေး။ ။ စီမံကိန်းနှင့် ပတ်သက်ပြီး တစ်တိုင်းပြည်လုံးအထိ ကန့်ကွက်ဖို့ ဘယ်လို့ ဆက်လုပ်သွားဖို့ ရှိသေးလဲ။

ဖြေ။ ။ ကျမတို့က ဒီကိစ္စကို ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်နှာချင်းဆိုင် သေချာမဆွေးနွေးရသေးဘူး။ သေချာဆွေးနွေးပြီးရင် ၊ ကျမတို့က ပြည်သူ့ကိုယ်စားပြုဆိုတော့ ၊ ပြည်သူကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို အားကိုးနေပါတယ်။

မေး။ ။ ဒီစီမံကိန်းကြောင့် ဒေသအပေါ် သက်ရောက်မှု ဆိုးကျိုး က ဘယ်လောက်အထိ ရှိနိုင်သလဲ။

ဖြေ။ ။ စီမံကိန်းလုပ်ဆောင်ရင် သက်ရောက်မှုက ကျမတို့က အဲဒီနားမှ သဘာဝ ကန်၊ ချောင်းတွေ ရှိတယ်။ အဲဒီတော့ အဲဒီအခြေအနေကြောင့် တောတောင်တွေ ပြုန်းတီးမယ်။ ပြီးတော့ လူနေအိမ် ၊ ရွာတွေက အဲဒီပတ်ဝန်းကျင်မှာ ၊ ဝါးစိမ်းတောင်နဲ့ ကပ်ရပ်နားမှာပဲ ။ ဘေးထွက် ဆိုးကျိုးနဲ့ ပျက်စီးမှုကတော့ ရှိမှာ သေချာတယ်။

မေး။ ။ ဒီစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရပိုင်းဆိုင်ရာ ကို ဘာများ ပြောပြချင်တာ ရှိလဲ။

ဖြေ။ ။ အစိုးရပိုင်းဆိုင်ရာကို ကျမက ပြည်ထောင်စု အဆင့် အထိ စာတင်ပြီး အခုလို့ပြောပြသွားမှာပါ။ လွှတ်တော်မှာ အဆိုတင်သွင်းဖို့က ကျမ အခုလောလောဆယ်တော့ မတိုင်ပင်ရသေးဘူး။ ကျမတို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ယောက် အဆင်ပြေအောင် ညှိနှိုင်းရမယ်။ အဆို အနေအထားက ပထမတစ်ခါ တုန်းက စီမံကိန်း ခွင့်ပြုဖို့ အထိတောင် မဟုတ်သေးဘူး။ အဲဒီအချိန်တုန်းက ဒါက အဆိုအဖြစ် လုပ်ဖို့ စိတ်ကူးသေးတယ်။ ဒါကို လွှတ်တော်က အဆိုအနေနဲ့ မလုပ်သင့်ပါဘူးလို့ မေးခွန်းအနေနဲ့ ပြောင်းဖို့ ပြောလို့ မေးခွန်းအနေနဲ့တော့ ပြောင်းမေးခဲ့ရတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts