Local News Peace political news

တပ်မတော်က အပစ်ရပ်သက်တမ်းမတိုး၍ အောက်တိုဘာ ဆွေးနွေးပွဲ အခြေအနေ မသိသေးဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောဆို

တပ်မတော်က အပစ်ရပ်သက်တမ်းမတိုး၍ အောက်တိုဘာ ဆွေးနွေးပွဲ အခြေအနေ မသိသေးဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၃

တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့ ကုန်ဆုံးခဲ့သော တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးကို ထပ်မံ သက်တမ်း မတိုးထားသဖြင့် အောက်တိုဘာလ ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေမှာ မည်သို့ မည်ပုံ ဖြစ်လာမည်ကို မသိသေးကြောင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သူ TNLA မှ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောဆိုသည်။

လက်ရှိတွင် တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းတိုးရန် သဘောထား မသိရတာကြောင့် အောက်တိုဘာလအတွင်း ပြုလုပ်မည့် ဆွေးနွေးမှုအပေါ် အခြေအနေ မသိနိုင်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ပြောသည်။

“ ကျနော်တို့က တစ်ဖက်သတ်ထုတ်တာ ဖြစ်တယ်။ တပ်ဘက်က သူဘာသာ ထုတ်တာ ၊ မထုတ်တာတော့ ကျနော်တို့ မသိဘူး။ ဒါကတော့ တပ်ရဲ့သဘောထား ဖြစ်တာပေါ့ ။ ဒါပေမဲ့ ခါတိုင်းလည်း သူတို့ ထုတ်တယ်။ ထုတ်ပြီး နောက်ထပ် သက်တမ်း ထပ်ခါထပ်ခါ တိုး တယ်။ ဒါပေမဲ့ မြေပြင်မှာ သူက ထိုးစစ်ကတော့ တက်နေတယ်။ ထိုးစစ်က တစ်လျှောက် လုံး လုပ်နေတယ်။ ကျနော်တို့ ရှိတဲ့နေရာကိုလည်း လိုက်လံ တိုက်ခိုက်နေတယ်။ အဲ့တာကြောင့် တိုက်ပွဲက ထပ်ဖြစ်နေတာပဲ ။ အဲ့တာကြောင့် သူတို့ တိုးခြင်း ၊ မတိုးခြင်းက တိုက်ပွဲက ရပ်တာနဲ့ မဆိုင်ဘူး။ စာရွက်ပေါ်မှာ သက်တမ်း တိုးပေမယ့် မြေပြင် မှာ ထိုးစစ်ဆက်လုပ်နေတာပဲ ဆိုတော့ အဲ့တာကြောင့် ကျနော်တို့ ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်တယ်။ သူတို့ သက်တမ်းမတိုး ပေမယ် ထိုးစစ်က မလုပ်ရင် တိုက်ပွဲက ဒီလောက်ပြင်းထန် လာစရာအကြောင်း မရှိဘူး။ ဒီဟာတော့ လောလောဆယ် သူတို့ ဘာရည်ရွယ်ချက်နဲ့ မထုတ်တာလည်း ကျနော်တို့ မသိဘူး။ သူတို့ ထိုးစစ်ထိုးချင်လို ၊ တိုက်ပွဲဖြစ်အောင် ဖန်တီးနေတာလား ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မသိရသေး ၊ အောက်တိုဘာမှာ လုပ်မယ့် ဆွေးနွေးပွဲလည်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ သုံးသပ်ရတာ ခက်တယ်” ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက တပ်မတော်က အပစ်အခတ်ရပ်စဲရေး တစ်ဖက်သတ် သက်တမ်းမတိုးသည့်တိုင် အောက်ခြေတွင် ပြဿနာ ကြီးကြီးမားမားမရှိပါက လာမည့် အောက်တိုဘာ ဆွေးနွေးပွဲ အလားအလာကောင်းများရှိနိုင်သည်ဟု သုံးသပ်သည်။

“ မတိုးဘူးဆိုရင်လည်း အောက်ခြေမှာ ပြဿနာတွေ ကြီးကြီးမားမား မရှိဘူးဆိုရင်တော့ ဒီအောက်တိုဘာလအတွင်းမှ ပြန်တွေ့ဆုံနိုင်မယ်လို့ ဒီလိုပဲ မြင်တယ်။ သက်တမ်းမတိုးဘဲ ဒီကြားမှ အောက်တိုဘာလမတိုင်ခင် ၊ အောက်ခြေမှ တစ်စုံတစ်ရာ ကြီးကြီးမားမားတွေ ဖြစ်လာခဲ့ရင် တွေ့ဆုံမှု ပွဲအတွက်ပါ ကျနော်တို့ စိုးရိမ်ရတယ်။ အဲ့မှာ တွေ့ဆုံမလား ၊ မတွေ့ဆုံဘူးလားဆိုတာ ၊ အဲ့တာကြောင့် ဒီအောက်ခြေမှ ဘာပြဿနာမှ မရှိဘူးဆိုရင် လာမည့် အောက်တိုဘာလအတွင်းတော့ ပြန်တွေ့ဆုံဖို့ ရှိတယ်။ တွေ့ဆုံမှု အပေါ် ဘာပဲဖြစ်ဖြစ် တိုးတက်မှုတွေ ၊ ရလဒ်ကောင်းတွေ ရလာပြီး ဆိုရင်တော့ ပိုပြီး ရှေ့ဆက်သွားမယ် အစီအစဉ်တွေ ဖြောင့်ဖြူးနိုင်မယ်လို့ ကျနော်တို့ သုံးသပ်တယ်။ သက်တမ်း တိုးတာ ၊ မတိုးတာကို အဓိက မထားဘဲ အောက်ခြေဘက်မှာ ထိတွေ့မှု ပြဿနာ ကြီးကြီးမားမား မရှိလာရင်တော့ အောက်တိုဘာလ တွေ့ဆုံမှုမှာ အလားအလာတော့ ကောင်းတာပေါ့ ။ အောက်ခြေမှာ ထိပ်တိုက်မှု ပြဿနာတွေ ကြီးကြီးမားမား တကယ်လို့ ဖြစ်ခဲ့ရင် အောက်တိုဘာလအတွင်း တွေ့ဆုံမှု အခြေအနေက အလားအလာ သိပ်တော့ မကောင်းဘူး “ ဟု ၎င်းက ပြောဆိုသည်။

တပ်မတော်က ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှစတင်၍ စစ်တိုင်းကြီး ၅ ခုတွင် အကြိမ်ကြိမ် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး တစ်ဖက်သတ် ကြေညာ သက်တမ်းကုန်ဆုံးမှုကို ထပ်မံ သက်တမ်းတိုးခြင်းမရှိပေ။

ယင်းသို့ သက်တမ်း မတိုးရခြင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် အပစ်အခတ်ရပ်စဲသည်ဟု ကြေညာသော်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ တပ်မဌာနချုပ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး မလိုလားကြောင်း တပ်မတော်က သတင်းမီဒီယာများသို့ ထုတ်ပြန်ပြောဆိုထားသည်။ ရန်ကုန်ခေတ်သစ်မီဒီယာက တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts