All News Local News Peace

တပ်မတော်က တရားစွဲဆိုခဲ့သော KBC ဥက္ကဋ္ဌကို တပ်ချုပ်မင်းအာင်လှိုင် တွေ့ဆုံ

တပ်မတော်က တရားစွဲဆိုခဲ့သော KBC ဥက္ကဋ္ဌကို တပ်ချုပ်မင်းအာင်လှိုင် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၁၂

တပ်မတော် တရားစွဲဆိုရန် တရားရုံး ဦးတိုက်လျှောက်ထားပြီးမှ ပြန်လည် ရုပ်သိမ်းခဲ့သော ကချင်နှစ်ခြင်းခရစ်ယန် အသင်းချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆွန်ဆမ်ကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကြီးအောင် ရိပ်သာတွင် စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်နှင့်တွေ့ဆုံစဉ် မြန်မာစစ်တပ်သည် ဘာသာရေး ဖိနှိပ်ကြောင်း ပြောဆိုခဲ့၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က KBC ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆွန်ဆမ်ကို တပ်မတော် သိက္ခာကျဆင်းစေရန် လုပ်ဆောင်သည်ဟုဆိုကာ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့တွင် တပ်မတော်ဘက်က အမှုကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်ဖြင့်လျှောက်လှမ်းနေသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အလွန်အရေးကြီးကြောင်း၊ တိုင်းရင်းသားပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားလက်ခံရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ပတ်သက်၍ တိုင်းရင်းသားအားလုံးကို ခွဲခြားထားခြင်းမရှိဘဲ တစ်ပြေးညီသတ်မှတ်ထားပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင်ကြိုးစား အားထုတ်ရမည်ဖြစ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ကိုးကွယ်သည့်ဘာသာအားလုံးကို လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားပြီး ဖြစ်သည့်အတွက် ဘာသာရေးအကြောင်းပြကာ မလိုလားအပ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပဋိပက္ခများမဖြစ်စေလိုကြောင်း၊ တိုင်းပြည်တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် နိုင်ငံရေး အရတည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန်လိုကြောင်းနှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက် ကြရန်တာဝန်ကိုယ်စီရှိကြောင်း ပြောကြားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌက တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သား များ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန်ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ တရားစွဲဆိုထားမှုအား တပ်မတော်မှ သဘောထားကြီးစွာဖြင့် အမှုပိတ်သိမ်းကျေအေးပေးသည့်အတွက် မိမိနှင့်အတူ ကချင်ပြည်နယ် လူထုနှင့် အသင်းအဖွဲ့များမှလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထိခိုက်စေရန် မရည်ရွယ်ဘဲ ရိုးသားစွာဖြင့်ရုတ်တရက်ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး ထိခိုက်သွားစေမှု အတွက်စိတ်မကောင်းဖြစ်ဝမ်းနည်းရပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းမှု ရရှိရေးကိစ္စရပ်များ၊ (IDP)များနေရပ်ပြန်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းသားပြည်သူ အားလုံးအတူတကွ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com