interview political news

“စစ်ခေါင်းဆောင်တွေရဲ့ မကောင်းမှုက အများကြီးထိခိုက်တယ်။သူတို့အကုသိုလ်တွေကြောင့် သူတို့ တုန်လှုပ်နေပြီ “

” စစ်ခေါင်းဆောင်တွေရဲ့ မကောင်းမှုက အများကြီးထိခိုက်တယ်။သူတို့အကုသိုလ်တွေကြောင့် သူတို့ တုန်လှုပ်နေပြီ “

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသဘိဝံသနှင့် ဆက်သွယ်မေးမြန်းချက်

By အောင်သက်ဝိုင်း/ ရန်ကုန်ခေတ်သစ်

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသ ဘိဝံသကို တပ်မတော်ကို ဂုဏ်သရေ ညိုးနွမ်းစေမှုဖြင့် တရားရုံး ဦးတိုက်လျှောက်ထားပြီး ယင်းအမှုအခြေအနှေင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆရာတော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရှင်ဘုရားကို စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ ဘုရား။

ဖြေ။ ။ နန်းတွင်း စစ်တပ်က အလယ်ပိုင်းစစ်ဌာနချုပ် လပခက ဒုတိယဗိုလ်မှူးကြီး သော်တာထွေးတဲ့ ။ သော်တာထွေးက စစ်တပ် စစ်သားကို ဂုဏ်သရေ ညိုးနွမ်းအောင် ပြောဆိုတယ်ပေါ့။ ဂုဏ်သရေ ညိုးနွမ်းအောင် ပြောဆိုလို့ ဦးတိုက်လျှောက်ထားတယ်ပေါ့။ တရားသူကြီးကို ။ ပြည်ကြီးတံခွန်ဖြစ်လိမ့်မယ်ထင်တယ်။ ပြည်ကြီးတံခွန်ရဲတွေ လာတာဆိုတော့လေ။

မေး။ ။ အရှင်ဘုရား စစ်တပ်က တရားရုံးကို ဦးတိုက်လျှောက်ထားတာက ဘယ်နေ့ကလဲဘုရား။

ဖြေ။ ။ ဘယ်နေ့က လျှောက်ထားလဲမသိဘူး။ ရဲတွေ လာတာက စက်တင်ဘာလ ၁၀ ရက်နေ့က လာတာပဲ။

မေး။ ။ ဘယ်မှာပါတဲ့ သတင်း၊ အင်တာဗျူးကြောင့် စစ်တပ်က တရားစွဲဆိုတာလဲဘုရား။

ဖြေ။ ။ အဲဒါက ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဇွန်လ ၂၁ ရက်နေ့ပါတဲ့ အဲဒီ အင်တာဗျူးဗျ။ အဲဒီ အင်တာဗျူးမှာ ဖြေထားတဲ့စကားတွေကို အဲဒါတွေကို မကျေနပ်တာပေါ့။

မေး။ ။ ဘယ်စကားကို မကျေနပ်တာလဲ။

ဖြေ။ ။ သူက ဘယ်စကားကို မကျေနပ်တာလဲဆိုရင် ဒီ သိန်း ၃၀၀ လှူတဲ့ ကိစ္စ မေးတာလေ။ မဘသတွေကို လှူတဲ့ အဲဒီလို မေးတော့ စစ်တပ်ကို ပြောတာမှာ တော်တော်မကျေနပ်တာပေါ့။

မေး။ ။ ဒီလောက်အကြာကြီးကြာမှ၊ ဇွန်လတုန်းကဟာကို စက်တင်ဘာလကျမှ လာပြီး တရားစွဲရတာလဲဘုရား။

ဖြေ။ ။ သူတို့ကြည့်ရတာ သူတို့(စစ်တပ်)အကုသိုလ်တွေကြောင့် သူတို့ တုန်လှုပ်နေပြီလို့ ဒီလိုပဲ ပြောရမှာပေါ့။ ခံနိုင်ရည်မရှိတဲ့သဘောပါပဲ။ ခံနိုင်ရည်ရှိရင် ဘာမှ ဖြစ်စရာမလိုဘူး။ လွတ်လပ်တဲ့ကာလမှာ ။ နိုင်ငံကလည်း အခွင့်အရေးပေးထားတာလေ။ဒီမိုကရေစီ လေ။ မကောင်းတာလုပ်ရင် ပြောမှာပဲ။ မကောင်းတာမလုပ်ဘဲနဲ့ ပြောရင်တော့ တစ်မျိုးပေါ့။ မကောင်းတာမလုပ်ရင် တိုင်းပြည်ကို မထိခိုက်ရင် အများပြည်သူကို မထိခိုက်ရင် ဘယ်သူက ပြောမှာတုန်း။ စစ်တပ်ရဲ့ မကောင်းမှုက စစ်ခေါင်းဆောင်တွေရဲ့ မကောင်းမှုက အများကြီးထိခိုက်တယ်။ ဘုန်းကြီးပြောနေရတာ။ သားဆိုး သမီးဆိုး ဆိုးသလောက် ပြောနေရတာပဲ။ သားကောင်း သမီးကောင်းဆိုရင် သာသာလေး ပြောမှာပေါ့။ မကောင်းလို့ ပြောနေရတာ။

မေး။ ။ ဘာပုဒ်မ တပ်ထားလဲ။

ဖြေ။ ။ နားလည်တဲ့ ရှေ့နေ ဦးခင်မောင်မြင့်ပြောတာတော့ အဲဒါ ပုဒ်မ ၅၀၅ က နဲ့ စွဲမှာပဲတဲ့ ။

မေး။ ။ အခြားကော ဘာတွေ ထပ်မေးသေးလဲ။

ဖြေ။ ။ ဒီအထဲမှာ ဖော်ပြတာ ဟုတ်ပါသလားပေါ့။ ဘုန်းကြီးကလည်း ပြန်ရှာကြည့်တယ်။ အသံဖိုင်ပြန်ရှာကြည့်တယ် တွေ့တယ်။ အဲဒါကို ဖွင့်ပြလိုက်တယ်။ ဟုတ်တယ်။ လက်ခံလိုက်တယ်။ တပ်မတော်ကို ဂုဏ်သရေ ညိုးနွမ်းစေတယ်ပေါ့။

မေး။ ။ အရှင်ဘုရားက ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ။ ။ ရှင်းပြရုံရှိတာပဲ။ လူဆိုတာ စည်းနဲ့ ဘောင်နဲ့ နေကြဖို့ အရေးကြီးတယ်။ စစ်သားလည်း စစ်သား စည်းဘောင်၊ ဘုန်းကြီးလည်း ဘုန်းကြီးစည်းဘောင် ဒီလိုနေကြဖို့ ရှိတာပဲ။ အတူတူပဲ။ ဒီမိုကရေစီဆိုတာ ဥပဒေနဲ့အညီ နေထိုင်ရတာပဲ။ ဥပဒေနဲ့အညီ နေထိုင်ကြရင် ဘာမှ ဖြစ်စရာ အကြောင်းမရှိဘူး။ ဥပဒေနဲ့ မညီလို့ ဖြစ်နေတဲ့ဥစ္စာ။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ ဒီလို တရားစွဲမှုကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဘုန်းကြီးကတော့ ဘုန်းကြီးတို့ လုပ်ရမယ့် ကျင့်ဝတ်တွေကို ထောက်ပြမယ်ဗျာ။ ဓမ္မလမ်းကြောင်း အဓမ္မတွေ မရှိအောင် ကင်းပျောက်အောင် ဓမ္မ တွေ တည်ရှိလာအောင် ဘုန်းကြီးတို့လုပ်ရမယ့် အလုပ်ပဲလေ။ အခု ဒီစည်း ဒီဘောင်နဲ့ ကျော်ပြီး ပြောတာမျိုး မရှိဘူး။ ဂုဏ်ရှိတယ်ဆိုရင် နိုင်ငံတကာက ချီုးကျူးသံကို ဘယ်လောက်များ ကြားနေရလဲ နားထောင်ချင်ပါတယ်လို့ ပြောလိုက်ရုံပဲ ။ ပြည်တွင်း က ချီးကျူးသံတွေ ဘယ်လောက်ကြားရလဲ ကြားချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com