All News Business interview

“ငွေမည်းအတွက် ဒါက အခွန်လေ။ ငွေမည်းအတွက် လမ်းဖွင့်ပေးတာ ၊ ကျနော်တို့ အရင်တုန်းက ဈေးကွက် စီးပွားရေး စဖွင့်တုန်းက လုပ်ဖူးပါတယ်”

“ငွေမည်းအတွက် ဒါက အခွန်လေ။ ငွေမည်းအတွက် လမ်းဖွင့်ပေးတာ ၊ ကျနော်တို့ အရင်တုန်းက ဈေးကွက် စီးပွားရေး စဖွင့်တုန်းက လုပ်ဖူးပါတယ်”

By ရန်ကုန်ခေတ်သစ်

လာမည့် အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေကြေးများအပေါ် အစိုးရက အခွန်လျှော့ချမည့်အ စီအစဉ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

ငွေကျပ် သိန်း ၁၀၀၀ အထိ အခွန် ၃ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အထိ အခွန် ၅ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၃၀၀၀ မှ သိန်း ၁၀၀၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၁၀၀၀၀ မှ ငွေကျပ် သိန်း ၃၀၀၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ အထက် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရန် လွှတ်တော်က အတည်ပြုထားပြီဖြစ်သည်။

ယင်းသို့ အခွန်လျှော့ချမှုကြောင့် မြန်မာ့စီးပွားရေး အပေါ် သက်ရောက်လာနိုင်မှုများကို ရန်ကုန်ခေတ်သစ်က စီးပွားရေး လုပ်ငန်းရှင်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးမြတ်သင်းအောင်
စီးပွားရေးလုပ်ငန်းရှင်

အပြောင်းအလဲက အိမ်ခြံမြေလုပ်ငန်းတွေ ဖွံဖြိုးလာမှာပေါ့ ။ ဘာလဲဆိုတော့ အခွန်က လျှော့လိုက်တာ ၊ နည်းတဲ့ဟာတွေ လျော့လိုက်တဲ့အတွက် ၊ များတဲ့ဟာကတော့ အရင်လိုပါပဲ။ တော်တော်များများ လူတန်းစားအများစုက အိမ်ဝယ်တာ၊ မြေဝယ်တာ ပိုပြီး လုပ်လာနိုင်တာပေါ့ ။ ဝယ်ရောင်းသမားတွေကလည်း ဝင်လာတာပေါ့။ ဝယ်ရောင်းသမား ဝင်လာတော့ ဆောက်လုပ်ရေးသမားကို ကျားကန်သလိုဖြစ်တာပေါ့ ။ ဆောက်လုပ်ရေးသမား ဗိုက်နာရင် သူက ဝယ်ထားလိုက် ၊ နည်းနည်းအမြတ်ရရင် ပြန်ရောင်းလိုက် ဆိုတော့ ကြားခံဖြစ်တာပေါ့ ။ အရင်ကထက်စာရင် ဖွံဖြိုးလာမယ်လို့ ထင်တယ်။

သိန်း ၁၀၀၀- သိန်း ၃၀၀၀ တွေက ၅ ရာခိုင်နှုန်း ရှိတော့တယ်။ အရင်ထက်စာရင် အများကြီး အခွန်ထား လျှော့နည်းသွားတာပေါ့ ။ အဲဒီအခြေအနေနဲ့ဆိုရင် ဝယ်ပြီး ပြန်အသုံးပြုချင်တဲ့သူတွေ ပိုများလာလိမ့်မယ်လို့ ယူဆတယ်။ ငွေမည်းအတွက် ဒါက အခွန်လေ။ ငွေမည်းအတွက် လမ်းဖွင့်ပေးတာ ၊ ကျနော်တို့ အရင်တုန်းက ဈေးကွက် စီးပွားရေး စဖွင့်တုန်းက ၁၉၉၈ ခုနှစ်တုန်းက လုပ်ဖူးပါတယ်။ ၃၀ ရာခိုင်နှုန်း ၊ ဒီလိုပဲ ကြားမှ Export ၊ Import ၊ ဟိုတုန်းက ပြည်တွင်းရောင်းဝယ်တာ အခွန် ၊ အစိုးရကလည်း သိပ်ပေါက်မြောက်တဲ့ အခြေအနေလည်း မရှိ ၊ Export ၊ Import ၊ က ထင်ထင်ပေါ်ပေါ်ကြီး ၊ အဲ့မှာ ၃၀ ရာခိုင်နှုန်း ဆောင်ကြတယ်။ လူတွေက နည်းတယ်။ ၁၀ ရာခိုင်နှုန်း ကို ကာလတစ်ခု ပေးတယ်။ အဲ့လအတွင်း လွန်သွားရင် မပေးတော့ဘူးဆိုတော့ ကျနော်တို့လည်း ဆောင်တယ်။ ဝင်ခွန်ဆောင်ပြီး ကျနော်တို့ အလုပ်လုပ်လို့ရသွားတယ်။

အများစုက ဆိုရှယ်လစ်ခေတ်မှာ အခွန်နှုန်းထားက သိပ်များတယ်။ အောက်ခြေ ၁၀ ရာခိုင်နှုန်း ကဆိုရင် ၊ အပေါ်ကျတော့ ၉၀ ရာခိုင်နှုန်း ပြန်ကောက်တယ်။ ရသမျှကို အစိုးရပဲ ယူတယ်ဆိုတော့ လူတွေက အလုပ်မလုပ်ကြဘူး ၊ ပြည်သူပိုင်လည်း သိမ်းတယ်ဆိုတော့ ငွေဖြူက မရှိသလောက်ပဲ ၊ သွားပြရင်လည်း မတရားကြီး တောင်းတယ်လေ။ သောင်းဂဏန်းရှိတယ်ဆိုရင်လည်း ၃၀ ရာခိုင်နှုန်း လောက် တောင်းတယ်။ အဲဒါကြောင့် အခွန်တွေ လွတ်ကုန်တာပေါ့။ အခုနောက်ပိုင်းတော့ ဒီလို့အခွန်တွေ လျော့ပေးတဲ့အတွက် ဆောင်မယ်သူကတော့ ပိုများလာမှာပေါ့ ။ အခွန်တစ်ပြေးညီ ဖြစ်လာမှာပေါ့ ။ အရင်က ဆိုရှယ်လစ်စနစ်ကြောင့် အခွန်စနစ်ထောင်းတော့ မလုပ်နိုင် ၊ တိုင်းပြည်လည်း စီးပွားရေးကြပ်တည်း ၊ အခွန်လည်း ရှောင်ပြေးကြတယ်။ အခုက ၃ ရာခိုင်နှုန်း ၊ ၅ ရာခိုင်နှုန်း ဆိုတော့ ဒီနှုန်းက သိပ်မဆိုးပါဘူး။

အားလုံးက ဆက်နွယ်နေတယ်။ အခုလို အခွန်နှုန်းထားလျော့ပေးတော့ အရင်လို ရှောင်ပြေးတဲ့သူ လျော့သွားတာပေါ့။ အခွန်ဆောင်ချင်တဲ့သူတွေ များလာတဲ့အတွက် နိုင်ငံတော်မှ အခွန်ပိုရလာမယ်။ အများစုက အခွန်ဆောင်တာပဲ။ အခွန်ပိုရတော့ တိုင်းပြည်အတွက် ကောင်းတယ်။ စီးပွားရေးသမားလုပ်ငန်းရှင်တွေအတွက်လည်း ပိုပြီး ရဲရဲတင်းတင်းထွက်ပြီးတော့ အလုပ်အကိုင် ပွင့်ပွင့်လင်းလင်း လုပ်ရဲတာပေါ့ ။အရင်တုန်း ချမ်းသာတဲ့သူတွေများတော့ အခွန်ရှောင်တာတွေ များတယ်။ အဲ့တော့ စီးပွားရေးလည်း ထွက်ပြီး မလုပ်ရဲဘူး။ အခုလိုဖြစ်လာတော့ စီးပွားရေးလုပ်လို့ကောင်းလာမယ်။ အခြေခံပစ္စည်းတွေ မော်တော်ကား ၊ ခြံ ၊ မြေ ဝယ်တဲ့သူတွေ ပေါလာမယ် ။ ကိုယ်နာမည်နဲ့ ပြောင်းကြမယ်။ အရင်တုန်းက ဝယ်ပြီးတော့ လျိုထားတယ်။ သူများနာမည်နဲ့ ထားပြီး လုပ်နေကြတယ်။ ကြာတော့ အငြင်းပွားမှုဖြစ်လာတယ်။ အခက်အခဲတွေ အများကြီး ရှိတာပေါ့ ။

အခုလိုဖြစ်လာတော့ ဝယ်သူအတွက်ကော ၊ ရောင်းသူအတွက်ကော ကောင်းလာတယ်။ အစိုးရအတွက်လည်း ကောင်းတယ်။ တိုင်းပြည်လည်း စီးပွားရေးဖွံဖြိုးလာတော့ ရွေးကောက်ပွဲအတွက် လက်ရှိအစိုးရက ပိုကောင်းလာတာပေါ့ ။

ဒေါက်တာ အောင်ကိုကို ( စီးပွားရေးပညာရှင် )

လောလောဆယ် ဒါက အချိန်ကာလအားဖြင့် တစ်နှစ် သတ်မှတ်ပေးထားတယ်။ အဲဒါက ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေပေါ့ ။ အဲ့ပိုက်ဆံတွေက အခွန်နှုန်းထား လျော့ပေးလိုက်တဲ့အတွက် လက်ရှိ စီးပွားရေးထဲ တရားဝင် ဘယ်လောက်အထိ စီးဝင်လာမလဲဆိုတာတော့ တစ်ဖက်က စောင့်ကြည်ရမယ်။ တစ်နှစ်ကာလပြီးရင် ၊ အဲဒီ တစ်ချက် ၊ ၂ အချက်ကတော့ အဲ့လို အခွန်နှုန်းထား လျော့ပေးလိုက်တဲ့အတွက် အခွန် နှင့် GDP အချိုးအစား ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်မလဲ ၊ GDP အချိုးအစား ဘယ်လောက်ပြောင်းလဲသွားမလဲ ၊ ဒါလည်း စောင့်ကြည်ရမယ်။

နောက်ဆုံးတစ်ချက်ကတော့ ဒီလိုလုပ်ပေးလိုက်တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး ဆိုတာ နိုင်ငံသားတွေရဲ့ GDP ဘယ်လောက် တက်လာလဲ ၊ Export ဘယ်လောက်တက်လာလဲ ၊ Infrastructure ဘယ်လောက်အထိ တိုးတက်ကောင်းမွန်လာလဲ ၊ ဒါတွေကလည်း ကြည့်ရမှာပေါ့ ။ ဒီလိုလုပ်ခြင်းအားဖြင့် ကောင်းသလား ၊ ဆိုးသလား ၊ ပိုကောင်းသလား ၊ ပိုဆိုးဝါးသွားသလား၊ ဒါမှမဟုတ် မပြောင်းလဲဘူးလား အဲ့တာကိုတော့ သေချာကြည့်ဖို့ လိုတယ်။

တစ်ခါတစ်ရံ စီးပွားရေးအတက်အကျ ၊ အနိမ့်အမြင့်ပေါ် မူတည်ပြီး ပုံသေကားချပ် မရှိဘူး။ ဒါက ကမ္ဘာ့စီးပွားရေး ၊ နိုင်ငံစီးပွားရေး ၊ ကမ္ဘာ့စီးပွားရေးအခြေအနေလည်း ကြည့်ရမယ်။ ပြည်တွင်း နိုင်ငံစီးပွားရေး အခြေအနေလည်း ကြည့်ရမယ်။ ဒါတောင် စီးပွားရေးကို ထိုးဆွတဲ့ အစီအစဉ်ထဲမှာ အခွန် လုပ်ငန်းဆိုတာ လုပ်လေ့လုပ်ထရှိတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ကျနော်တို့ နိုင်ငံရဲ့ အဓိက အားနည်းချက်တစ်ခုက ဘာရှိလဲဆိုတော့ Informal Economic တော်တော်ကြီးတယ်။

Informal Economic ဘာတွေ ကြီးလဲဆိုတော့ မူးယစ်ဆေးဝါးက ရတဲ့ပိုက်ဆံတွေ ၊ တရားမဝင် လာဘ်ပေးလာဘ်ယူ ၊ ဥပမာ- ဝင်ငွေလစာ ထက် မတရားချမ်းသာတဲ့ လူတွေ ရှိတယ်။ အဲ့တာမျိုးတွေ ရှိတယ်။နောက် မူးယစ်ဆေးဝါး နဲ့ ရတဲ့ ပိုက်ဆံတွေ စသဖြင့် ၊ အဓိက ငွေမဲတွေပဲ။ ဝင်ငွေရလမ်း မဖော်ပြနိုင်တာက ငွေမဲတွေပဲ ။ ငွေမဲတွေကို ငွေဖြူခဝါချ ဆိုတာ အစစ်ခံလို့မရဘူးလေ။

ဒါကို တိုင်းပြည်ရဲ့ ဝင်ငွေကို ထိုးဆွဖို့အတွက် တစ်နှစ်ဆိုတဲ့ ကာလတစ်ခု ၊ တစ်နှစ်ဆိုတဲ့ ကာလတစ်ခုကတော့ Extension ပေးမယ်လို့ မထင်ဘူး ။ ဒီတစ်နှစ်ဆိုတဲ့ ကာလမှာ အချို့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ပြောကြတယ်။ အခွန်နှုန်းထားတွေ မြင့်တယ်။ ဘဏ်တိုးနှုန်းတွေ မြင့်တယ်။ စီးပွားရေး မကောင်းဘူးဆိုတာ တချို့က ပြောကြတယ်။ အဲ့တော့ လူနည်းစု တစ်စုပဲကောင်းသလို ဖြစ်နေတယ်။

တိုင်းပြည်ရဲ့ အခြေအနေကြည့်တော့လည်း အဲ့လိုအခြေအနေ ဆိုးဆိုးဝါးဝါးလည်း မဟုတ်ဘူး။ ဒီမှာ စားသောက်ဆိုင်တွေလည်း အပြည့်ပဲ။ လမ်းပေါ်လည်း အပြည့်ပဲ။ ဘာဘဲဖြစ်ဖြစ် လူတွေလက်ထဲမှာ အတိုင်းအတာ တစ်ခုအထိ ငွေ က ၊ အရင်နဲ့ မတူတာက အရင်တုန်းက လူနည်းစုလက်ထဲမှာ ငွေအပို စီးဆင်းတယ်။ အခု ကျတော့ ဘဏ္ဍာရေးခွဲဝေ မှုတွေက ဘာဘဲဖြစ်ဖြစ် အရင် နဲ့ မတူတော့ဘူး။ တင်ဒါစနစ်တွေလည်း အရင်နဲ့ မတူတော့ဘူး။ ပညာရေး ၊ ကျန်းမာရေးခွဲဝေသုံးစွဲမှုတွေ ပိုတက်လာတယ်။ အဲ့တာကြောင့်မို့ သာမန်ပြည်သူတွေ လက်ထဲကိုပဲ ငွေအနည်းအများ စီးဆင်းလာတယ်။

တစ်ဖက်ကကြည့်ရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘာ မကောင်းဘူး။ ညာ မကောင်းဘူး ၊ ပြောတာတွေ ရှိလာတယ်အခါကျတော့ ဒီတစ်နှစ်အတွင်းမှ ဘယ်လောက်ကောင်းအောင် လုပ်နိုင်မလဲ ၊ ဘယ်လောက်ကောင်းနိုင်လဲ။ အဓိက က တစ်ဖက်က တိုင်းပြည် ရဲ့ တည်ငြိမ်မှု အခြေအနေ ကို ကြည့်ရသေးတယ်။ တစ်ဖက်ကလည်း အပေါ်ရောက်နေတဲ့ GDP အချိုးအစား ထိုးတက်သွားမှာကို တစ်ဖက်ကလည်း ကြည့်ရသေးတယ်။ ဒါက စဉ်းစားရသေးတယ်။ ဒါကြောင့် အခွန်ဆိုတာ အရမ်းကြီး လျော့တာ ၊ တင်တာ တိုင်းပြည်စီးပွားရေးအခြေအနေ ကို ကြည့်ရသေးတယ်။
တစ်နှစ်တွင်းမှာ Informal Economic ထဲမှာ ရှိနေတဲ့ ငွေကြေးတွေအရ Informal Economic ထဲ ဘယ်လောက်အထိ ဝင်လာမလဲပေါ့ ။ တစ်နည်းအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ဘယ်လောက်အထိ တက်လာမလဲ ။ ထုတ်လုပ်မှု ဘယ်လောက်အထိ တက်လာမလဲ ၊ ပို့ကုန်သွင်းကုန် ဘယ်လောက်အထိ တက်လာမလဲ ၊ GDP နဲ့ အခွန်ရငွေ အချိုးအစား ဘယ်လောက်အထိ တက်လာမလဲ ၊ ဒါတွေ အကုန်လုံး ပြန်ခြုံငုံလိုက်ရင် ဒါအပေါ် မူတည်ပြီး ခြုံငုံသုံးသပ်မယ်ဆိုရင် မကောင်းသလား ၊ ကောင်းသလား ၊ မှန်လား ၊ မမှန်ဘူးလား ဆိုတာ တစ်ချက်တော့ တွေ့ရမှာပေါ့။ အဲ့လိုပဲ သုံးသပ်လို့ရတာပေါ့ ။

ဦးစိုင်းခွန်နောင် ၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ( ဒု – ဥက္ကဋ္ဌ )

အိမ်ခြံမြေလုပ်ငန်း ပြန်လည်လည်ပတ်နိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တာပေါ့ ။ ဖြစ်လာနိုင်လို့လည်း ကျနော်တို့က တောက်လျှောက် တောင်းဆိုလာတာ။ လျော့ပေးဖို့ တောင်းဆိုခဲ့တာ ကြာပြီ ၊ အခု ဖြေလျော့ပေးလိုက်တော့ ပြန်လည်ကောင်းမွန်လာနိုင်တယ်။ အားလုံးအတွက် ကောင်းလာနိုင်တယ်။ အရောင်းအဝယ်ဖြစ်လာမယ်။ အရောင်းအဝယ်ကောင်းလာမယ်။ ဈေးတွေ နည်းနည်းတော့ ပါးလာမယ်။ တချို့က ဘဏ်မှာ ငွေယူပြီးရင် အတိုး ကော ၊ အရင်းကော ပေးရတယ်လေ ။ အဲ့တော့ ပေါင်ထားတဲ့ သူတို့ ပစ္စည်းတွေ ရောင်းလို့မရဘူး။ ဈေးနှုန်းဈေးကွက် အေးနေတဲ့ အခါကျတော့ အခု ဈေးကွက်ပြန်ကောင်းလာရင်တော့ သူတို့ရဲ့ ပစ္စည်းတွေ ထုတ်ရောင်းပြီး ဘဏ်ပြန်ဆပ်လိုရတဲ့ အထိ ဖြစ်လာနိုင်တယ်။

တစ်နှစ်သတ်မှတ်ပေးထားတော့ ရုန်းကန်ရတဲ့ အခြေအနေလည်း ရှိနိုင်တယ်။ အဲဒါနဲ့ အတူ ၂၀၁၉ နှစ်ကုန်ကျရင် ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေ ထွက်လာမယ်။ အဲဒီအခါကျရင် ငွေတွေက လဲလှယ်မှုလုပ်ရင်း အိမ်ခြံမြေလုပ်ငန်းလည်း ကောင်းလာမယ် ထင်တယ်။ ဒါနဲ့ ဆက်စပ်ပတ်သက်တဲ့ဟာတွေလည်း ကောင်းလာမယ်ထင်ပါတယ်။

ဒေါက်တာစိုးထွန်း ( မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ( ဥက္ကဋ္ဌ )

အခုလို ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေအပေါ် စည်းကြပ်တဲ့အခွန်ပေါ့ ။ ဝင်ငွေအခွန်အပေါ် လျော့ချတာ မဟုတ်ဘူး။ ဝင်ငွေအခွန်ကတော့ ဒီတိုင်းပဲ ။ ၂၅ ရာခိုင်နှုန်း၊ အဓိကအားဖြင့် လွယ်လွယ်ပြောရရင် ဝင်ငွေခွန် မပြနိုင်တဲ့သူတွေ ၊ အရင်တုန်းက ကောက်တဲ့ အခွန် နှုန်းထားက ၁၅ ရာခိုင်နှုန်း ၊ အခုက ၃ ရာခိုင်နှုန်း လျော့ပေးတာပေါ့ ။ လျော့တာတော့ ကျနော်တို့ကတော့ ကြိုဆိုတာပေါ့ ။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ ရှိတဲ့ လူလတ်တန်းစားအချို့ကလည်း ဝင်ငွေခွန်အပြည့်အဝ ဆောင်ကြတာ မဟုတ်ဘူး။ ဆောင်ထားတာ မဟုတ်တဲ့အတွက် ကားဝယ် တာ ၊ အိမ်ခြံမြေ ဝယ်တဲ့နေရာမှာ ဝင်ငွေရလမ်း မဖော်ပြလို အခွန်တွေ ပေးဆောင်နေရတယ်။

အခုက လျော့ချပေးလိုက်တော့ ဝင်ငွေခွန် က သူတို့အတွက် သက်သာခွင့် ရသွားမယ်။ ရသွားတဲ့အတွက် ကားအသစ်ဝယ်မယ်ကိစ္စမျိုး ၊ အိမ်ခြံမြေဝယ်မယ်ဟာတွေ ပိုပြီး ဝယ်လာနိုင်တယ်။ တစ်နည်းအားဖြင့် ဝယ်လိုအား တက်လာနိုင်တဲ့ အနေအထားလို မြင်လာနိုင်တယ်။

ငွေမဲ ၊ ငွေဖြူက အဲ့တာတော့ ကျနော်တို့ မပြောတက်ဘူး ၊ နိုင်ငံခြားမှာဆိုရင်တော့ အခွန်မဆောင်ဘူးဆိုရင် အကုန်လုံးက ငွေမဲလို ယူဆတာပေါ့ ။ အဲ့တာ သက်သာခွင့်ပေး တာ ဟာက ဘာဘဲဖြစ်ဖြစ် အရင်ထဲက ရှိနေတာ ။ ငွေမဲက အရင် ၁၅ % ပြောင်းလည်း ငွေဖြူပြောင်း မှာပဲ ၊ ၃% ပြောင်းလည်း ငွေဖြူပြောင်းမှာပဲ။ ငွေမဲ ငွေဖြူ ကိစ္စကတော့ ထည့်ပြောရတာ ခက်တယ်။ အဲ့တာဆိုရင် နိုင်ငံခြားမှာလို အခွန် မဆောင်ထားရင် အိမ်ဝယ်၊ ကားဝယ် လို့မရဘူးလို့ပဲ ရမယ်။ ဒီရာခိုင်နှုန်းနဲ့တော့ သိပ်မဆိုင်ဘူးပေါ့ ။

လောလောဆယ်တော့ ကျနော်တို့မျှော်လင့်တာတော့ ဝယ်လိုအားတက်ရင် အရောင်းအဝယ်ပိုကောင်းလာမယ်။ ရောင်းအား ၊ ဝယ်အား ကောင်းလာမှာကို မျှော်လင့်တာပေါ့ ။ ဒါပေမဲ့ တစ်ချက်တော့ ရှိတယ်။ အားလုံး တက်ပြီး ၊ အားလုံးကောင်းလာမယ်လို့ ပြောလိုမရဘူး။ တိုက်ဝယ် ၊ ကားဝယ်တာတော့ တခြားဝင်ငွေ ရှိမှာ ရမယ်။ ဝင်ငွေခွန် လျော့လိုက်တာနဲ့ ပြေးဝယ်လို့မရဘူးပေါ့ ။

လောလောဆယ် ဒါကို အချက် တစ်ချက်အနေနဲ့ တော့ဖြေလျော့အောင်တော့ လိုတာပေါ့ ။ ဝင်ငွေရလမ်း မဖော်ပြတာ ဖြေလျော့လိုလည်း အရောင်းအဝယ်တအား တက်လာမယ်လို့ မဟုတ်ဘူး။ ဥပမာ – ကားဟောင်းတစ်စီး နာမည် မပေါက်တာ နာမည်ပြောင်းမလား၊ ဆိုတာ ပြောင်းချင်မှာပဲ ပြောင်းမှာ ၊ အခွန်ဝင်ငွေ တိုးလာမယ်ဆိုတာကလည်း ဟုတ်လား မဟုတ်လားဆိုတာ သေချာတော့ မပြောနိုင်သေးဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com