All News Local News

ငရုတ်ကောင်းသို့ ရခိုင်မှ မွတ်စလင် ၄၀ ဦး လာရောက်ခြင်းဖြစ်ပြီး ၃၅ ဦးသာ ဖမ်းမိသေး၊ တချို့မှာ အစာရေစာ ပြတ်လပ်ပြီး လဲကျစဉ် ဖမ်းမိ

ငရုတ်ကောင်းသို့ ရခိုင်မှ မွတ်စလင် ၄၀ ဦး လာရောက်ခြင်းဖြစ်ပြီး ၃၅ ဦးသာ ဖမ်းမိသေး၊ တချို့မှာ အစာရေစာ ပြတ်လပ်ပြီး လဲကျစဉ် ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အဝင်တွင် စက်တင်ဘာ ၂၆ ရက်နေ့က ရခိုင်ဒေသမှ မွတ်စလင် ၃၀ ဦး ဖမ်းမိခဲ့ပြီး ၎င်းတို့ကို စစ်ကြောချက်အရ စုစုပေါင်း ၄၀ ဦး လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ထပ်မံ ရှာဖွေခဲ့ရာ ၅ ဦးကို အစာရေစာ ပြတ်လပ်မှုဖြင့် လဲကျနေစဉ် ဖမ်းမိခဲ့ကြောင်း၊ ကျန် ၅ ဦးကို ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၆ ရက်နေ့က ပါဂျဲရိုးကားတစ်စီးဖြင့် မွတ်စလင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၀ ဦးနှင့် ကလေးငယ် ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ကို မေးမြန်းချက်အရ ၄၀ ဦး လာရောက်ခြင်းဖြစ်ကြောင်း၊ ငရုတ်ကောင်းမြို့အထိ ရေလမ်းခရီးဖြင့် လာရောက်ခဲ့ပြီး ကုန်းလမ်းမှ တဆင့် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဦးသန်းအောင်က ဆိုသည်။

“စုစုပေါင်း လာတာ ၄၀ ဆိုတော့ ထပ်ပြီး ရှာတဲ့အခါမှာ မိကျောင်းကုန်းရွာဘက်မှာ ၅ ဦး ထပ်တွေ့တယ်။ အဲဒီ ၅ ဦးကလည်း အစာရေစာ ပြတ်လပ်ပြီး လဲနေတာ။ ရေဓာတ်ခမ်းနေတာ။ ကျန်တဲ့ လူ ၅ ဦးကိုလည်း တွေ့နိုင်အောင် ရှာနေတယ်။ ရဲတပ်ဖွဲ့ရော ဌာနဆိုင်ရာတွေ အားလုံး ပေါင်းပြီး ရှာနေတယ်။ သူတို့အားလုံးက ရေလမ်းက ဝင်လာတာ” ဟု ဦးသန်းအောင်က ဆိုသည်။

လက်ရှိ အချိန် ရခိုင်ဒေသမှ မွတ်စလင်များနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ မသိရှိသေးကြောင်း ဦးသန်းအောင်က ဆိုသည်။

ရန်ကုန်ခေတ်သစ်က ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံဖြေဆိုမည့်သူမရှိပေ။

Photo Credit – Kyaw Swar Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts