All News Local News

ခြိမ်းခြောက်ခံရခြင်းများနှင့် အမှုဖွင့်ခံရခြင်းများ ရှိသော်လည်း ဗစ်တိုးရီးယားအရေး နောက်မဆုတ်ဟု အောင်ကြီး ရှေ့နေပြော

ခြိမ်းခြောက်ခံရခြင်းများနှင့် အမှုဖွင့်ခံရခြင်းများ ရှိသော်လည်း ဗစ်တိုးရီးယားအရေး နောက်မဆုတ်ဟု အောင်ကြီး ရှေ့နေပြော

ရန်ကုန်၊ စက်တင်ဘာ ၂၅

နေပြည်တော်၊ ဗစ်တိုးရီးယားအမှုတွင် တရားခံအဖြစ် စွပ်စွဲခံရသူ အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့ ရှေ့နေ ဒေါ်စုဒါလီအောင်သည် အမှုဖွင့်ခံထားရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရ သော်လည်း ဗစ်တိုးရီးယားအရေးတွင် နောက်ဆုတ်မည်မဟုတ်ကြောင်း ဒေါ်စုဒါလီအောင်က ပြောဆိုလိုက်သည်။

ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နိုင်လွတ်လုံ ဥပဒေ ၁၀ ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ပုဒ်မ တို့ဖြင့် ပတ္တာနယ်မြေရဲစခန်းတွင် ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့ တွင် အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိသည်။

တရားလွှတ်တော်ရှေ့ ရှေ့နေ ဒေါ်စုဒါလီအောင်က အမှုဖွင့်ခံရသည့်အပေါ် ဥပဒေကြောင်းအရ တရားရင်ဆိုင်သွားမည်ဖြစ်ပြီး ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ နောက်ဆုတ်သွားဖို့ ဆန္ဒ မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

“ ကျောင်းက ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် က တရားလိုလုပ်ပြီး ကျမကို ပတ္တာနယ်မြေ ရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။ ကျမက ဗစ်တိုးရီးယား အဖေ က ပြောတဲ့ အတိုင်း ပြောတာပါ ။ ပိုထည့်ထားတာ တစ်ခုမှာ မရှိဘူး။ ထွက်ဆိုချက်အတိုင်း ကျမက ပြောတာ။ ဘယ်သူဘယ်ဝါလို အမည်နာမ တပ် ပြောထားတာ မဟုတ်တဲ့အတွက် ၊ ဒါက ဥပဒေအရ တရားလည်းစွဲမတင်ရသေးတဲ့အတွက် မညီဘူးလို့ ကျမက ထင်တယ်။ ကျမကတော့ ဥပဒေနဲ့ အညီ ဒီအမှု တရားရင်ဆိုင်သွားမယ်။ နောက်တစ်ခုက ဗစ်တိုးရီးယားအမှုမှာ ကျမက နောက်ဆုတ်သွားဖို့ ဆန္ဒ မရှိဘူး။ ဘယ်တော့မှာလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင်တိုင်ကြားရခြင်းမှာ ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူကို စစ်ဆေးသည့်နေ့က သတင်းမီဒီယာများကို ဒေါ်ဥမ္မာလှိုင်၏ သားသမီးများနှင့် ပတ်သက်၍ ပြောဆိုမှုများသည် နစ်နာစေသည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်သည် တရားဥပဒေလမ်းကြောင်းအရ အများပြည်သူသိရှိအောင် ပြောဆိုခြင်း ဖြစ်ပြီး ၊ သူ့ အလုပ်တာဝန် သူ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်ပြောဆိုသည်။

“ ကျနော်တို့မှာ အန္တရာယ်တွေ ရင်ဆိုင်နေရတယ်။ အနှောင့်အယှက် ပေးတာ၊ အကန့်အသတ်ပေးတာ ဒီတစ်ခုက တစ်ခုအပါအဝင် ။ ဒေါ်စုဒါလီအောင်က ပြောသွားတယ်။ ပုဂ္ဂိုလ်ရေးအရ လာနှောင့်ယှက်ပေးတာတွေ ရှိတယ်။ တစ်ခုတော့ တရားရေးအရ ၊ဥပဒေကြောင်းအရ အနှောင့်အယှက်ပေးတာပေါ့ ။ ဒါတွေ အစောကတည်းက ကြားရတယ်။ ဒါပေမဲ့ အခုလက်ရှိ ဖြစ်လာတာ။ ဒီဟာနဲ့ ပတ်သက်ပြီး သူတို့ တရားစွဲတာက ကလေးသူငယ် ဥပဒေ ပုဒ်မ နဲ့ စွဲတာ။ အစောပိုင်းက ၁၀၃ ၊ နိုင်လွတ်လုံ ၁၀ ၊ စွဲတယ်။ အဲဒီတည်းက ဥပဒေရုံးက စိစစ်လိုက်တဲ့အခါ ကျန်တဲ့ ဟာတွေ မညီညွတ်ဘူး။ ဒီဟာနဲ့တော့ ဖြေရှင်းဖို့ လိုအပ်နိုင်တယ်ဆိုပြီး ကလေးသူငယ် ဥပဒေ ပုဒ်မ ၁၀၁ နဲ့ စွဲလိုက်တာ။ ဥပဒေရုံးက စိစစ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောစရာ မရှိပါဘူး။ ဒါကို ကျနော်တို့ ဖြေရှင်းမှာပါ။ သို့သော် ဒီကိစ္စက ဒေါ်စုဒါလီအောင် တင်မဟုတ်တော့ဘူး။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲ ပြောခဲ့တာပဲ ။ ဒေါ်စုဒါလီအောင်က မဖြစ်ခဲ့တဲ့ ကိစ္စကို ပြောတာ မဟုတ်ဘူး။ တရားခွင်မှာ ဗစ်တိုးရီးယားရဲ့ အဖေ ထွက်ဆိုချက်အတိုင်း ပြောခဲ့တာပါ ။ အဲ့ဒီတော့ ဒါက ဥပဒေနဲ့ အညီ အများပြည်သူကို သတင်းပေးတဲ့ အလုပ်ကို သူက လုပ်တာပါ” ဟု ၎င်းက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts