All News Local News Peace

ကွတ်ခိုင်တွင် အရပ်သား ၅ ဦး သေဆုံးမှု တပ်မတော်လက်ချက်မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်လက်ချက်ဟုဆို

ကွတ်ခိုင်တွင် အရပ်သား ၅ ဦး သေဆုံးမှု တပ်မတော်လက်ချက်မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ်လက်ချက်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်မှု ကြောင့် အရပ်သား ၅ ဦးသေဆုံးမှုသည် တပ်မတော်၏ လက်ချက်မဟုတ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ငြင်းဆိုလိုက်သည်။

၂၀၁၉ သြဂုတ်လ ၃၁ ရက် ၀၉၀၀ နာရီမှ ၁၁၀၀ နာရီအထိ ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို နေရာ ၂ နေရာမှ လက်နက်ကြီးများဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ရာ မော်ဟစ်စုစည်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေါ်ထွယ်ရာ (ဘ)ဦးဇော်ဂျာ အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး၊ ဦးဂျုံဒေါင်း (ဘ) ဦးဂွမ်ဂျုံး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကွတ်ခိုင်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား လာရောက် ပစ်ခတ်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က Website များမှတဆင့် တပ်မတော်က ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ရွာသူ/ရွာသားများ သေဆုံး/ဒဏ်ရာရရှိခဲ့သည်ဟု သတင်းမှားနှင့် ကောလဟာလထုတ်လွှင့်ခဲ့ကြောင်း တပ်မတော်ကပြောဆိုသည်။

ဖြစ်စဉ်မှန်အား စိစစ်ရာ သောင်းကျန်းသူများအနေဖြင့် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့အား ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင်ချပ်စ်ကျောင်း အနီးနေရာမှ လည်းကောင်း၊ ကွတ်ခိုင်မြို့၏ အနောက်တောင်ဘက် ပန်ဆေးကျေးရွာ အနီးနေရာမှ လည်းကောင်း အသီးသီး လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ် အပါအဝင် သြဂုတ်လ ၁၅ ရက်မှ ယနေ့အထိ ကွတ်ခိုင်မြို့ပတ်ဝန်းကျင်အား မြောက်ပိုင်းမဟာမိတ်အဖွဲ့က လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်မှုမှာ ၅ ကြိမ်ရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မော်ဟစ်စုစည်း ကျေးရွာသည် ကွတ်ခိုင်မြို့၏ မြောက်ဘက်မီတာ ၁၀၀၀ အကွာအဝေးခန့်အတွင်း၌ရှိပြီး ပန်ဆေး ကျေးရွာအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည်လမ်းကြောင်းနှင့် မန်ထန်ရွာကချင်ချပ်စ် ကျောင်းအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည်လမ်းကြောင်း ၂ ကြောင်း ပေါ်၌ ကျရောက် လျက်ရှိသည်ကို လက်နက်နှင့် ခဲယမ်း ကျွမ်းကျင်ပညာရှင်များက စစ်ဆေးတွေ့ထားကြောင်း ထုတ်ပြန်သည်။

၎င်းအပြင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပထမဦးဆုံးတင်ခဲ့သည့် ဗုံးသီးဒလက်ပိုင်း ဓာတ်ပုံ အထောက်အထားသည် အမှတ်အသားစာ တစ်စုံတစ်ရာ မပါသော်လည်း နောက်ပိုင်း တင်သည့် ဓာတ်ပုံများ၌ တပ်မတော်မှ ထုတ်လုပ်သည့် ဗုံးသီးပုံသဏ္ဍာန်အမှတ်အသားစာများပါသည့် ဓာတ်ပုံများကို တင်၍ လုပ်ကြံဖန်တီး သတင်းအမှားများ/ကောလဟာလများ ရေးသားဖော်ပြနေ ကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်/ခဲယမ်းပညာရှင်များဖြင့် စိစစ်ခဲ့ရာ ရန်သူ လာရောက် ပစ်ခတ်ခဲ့သည့်နေရာနှင့် ကျည်သွားလမ်းကြောင်းများအရ မော်ဟစ်စုစည်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်များမှာ ရန်သူ ပစ်ခတ်မှုကြောင့်သာဖြစ်ကြောင်းနှင့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ပြုလုပ်လျက်ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com