All News Local News

ကြည်မြင့်တိုင်ဗဟိုစံပြငါးဈေးတွင် ငါးတောင်းထမ်းရန် ငွေကျပ် ၁၂ သိန်းမှ ၁၇သိန်းထိပေးဆောင်ရမှု အဂတိကော်မရှင်ထံတိုင်ကြား

ကြည်မြင့်တိုင်ဗဟိုစံပြငါးဈေးတွင် ငါးတောင်းထမ်းရန် ငွေကျပ် ၁၂ သိန်းမှ ၁၇သိန်းထိပေးဆောင်ရမှု အဂတိကော်မရှင်ထံတိုင်ကြား

ရန်ကုန် စက်တင်ဘာ ၂၆

ကြည်မြင်တိုင်မြို့နယ် ကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲတွင် ငါးတောင်းထမ်း အလုပ်လုပ်ကိုင်ရန်အတွက် လူတစ်ဦးလျှင် ငွေကျပ် ၁၂ သိန်းမှ ၁၇သိန်းထိပေးဆောင်နေရပြီး ထိုသို့တောင်းခံခြင်းသည့် ကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြားထားကြောင်း ငါးတောင်းထမ်း အလုပ်သမားများသမဂ္ဂမှ တာဝန်ခံများက ပြောဆိုသည်။

ငွေကြေးတောင်းခံမှုများပြုလုပ်သော ကြည်မြင်တိုင်မြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံး ဦးစီးအရာရှိများကို ဇူလိုင်လ ၁၃ရက်နေ့က အဂတိကော်မရှင်သို့တိုင်ကြားထားခြင်းဖြစ်သည်ဟု အလုပ်သမား များကဆိုသည်။

“ကျွန်တော်တို့ကို လက်ရှိမြို့နယ်ဦးစီးအရာရှိက ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်တယ်ဆိုတာကတော့ ကျွန်တော်တို့အလုပ်သမားတွေကပေါ့လေ။ ဌာနကိုဆူပူအောင်လုပ်တယ် ဌာနကို သွေးထိုးလှုပ်ဆော်မှုလုပ်တယ်။ ဌာနကို ဂုဏ်သိက္ခာညှိုင်းနွမ်းအောင်လုပ်တယ်ဆိုပြီးတော့ အဲဒီလိုခေါင်းစဉ်တွေတပ်ပြီးတော့ ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်တာ။ ကျွန်တော်တို့က သူတို့ပြောသလိုဌာနကို ဆူပူအောင်လုပ်တာတို့သွေးထိုးလှုပ်ဆော်တာတို့ ဌာနကိုဂုဏ်သိက္ခာညှိုးနွမ်းအောင်တို့ဆိုတာ ကျွန်တော်တို့ကလုပ်တာမဟုတ်ဘူး။ အမှန်တော့ ကျွန်တော်တို့ကဌာနမှာ ဦးစီးအရာရှိတစ်ယောက် ကနေပြီးတော့ စီမံချက်ကို အလွဲသုံးစားလုပ်တာရယ် အဂတိလိုက်စားတာရယ်ကို ကျွန်တော်တို့ကဖော်ထုတ်တာ အဲဒီအတွက် ကျွန်တော်တို့ကအမှား မဟုတ်ဘူးလို့ ကျွန်တော်တို့ကထင်တာပဲ ဒါကိုသူတို့ဖက်က အပြစ်လို့ဆိုပြီးတော့ ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်တာပေါ့”ဟု ကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲက တောင်းထမ်းအလုပ်သမား ကိုဇော်မင်းထိုက်ကဆိုသည်။

ဗဟိုစံပြငါးဈေးတွင် ခိုးဆိုးလုနှိုက်များပပျောက်ရေး၊ တရားမဝင်အလုပ်သမားလျော့နည်းရေး စီမံချက်အရ တရားမဝင် လှည်းဆွဲ/ဂန်ဘား အလုပ်သမား ၁ဝဝကျော်ခန့်အပ်မည်ဟုဆိုကာ အထမ်းအလုပ်သမားဟောင်းများ သဘောမတူသည့်ကြားက ငွေကြေးတောင်းရမ်းကာ ခန့်အပ်ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထိုသို့ အလုပ်သမားသစ်ခန့်ထားခြင်းအပေါ် ကန့်ကွက်ခဲ့သော ငါးတောင်းထမ်းအလုပ်သမား သမဂ္ဂခေါင်းဆောင် ၆ဦးကို အလုပ်ထုတ်သည့်ကိစ္စအား ရန်ကုန်တိုင်းဝန်းကြီးချုပ်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်က အလုပ်ပြန်လည်ခန့်ထားမည်ဟုဂတိပြုပြောဆိုခဲ့ကာ လက်ရှိချိန်တွင် အလုပ်ပြန်လည်ခန့်ထားသော်လည်း ကြည်မြင်တိုင်မြို့နယ် ကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲတွင်ပြန်လည်ခန့်ထားခြင်းမဟုတ်ဘဲ တခြားမြို့နယ်များတွင်သာ ပြန်လည်ခန့်ထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါအလုပ်ထုတ်ခံရသော ငါးတောင်းထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၆ဦးမှာ ဦးကျော်သန်း ဦးထွန်းလင်း ဦးဝင်းအေး ဦးဌေးအောင် ဦးဇော်မင်းထိုက် ဦးမင်းဇော်တို့ဖြစ်ပြီး ၎င်းတို့အားမူလနေရာတွင်ပြန်လည် အလုပ်ခန့်အပ်ရေးကိစ္စနှင့်ပတ်သက်ပြီး ယနေ့ စက်တင်ဘာလ ၂၆ရက်က မဟာ ဗန္ဓုလပန်းခြံတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ပြီး ထိုသို့တောင်းဆိုမှုများပြုလုပ်နေသည့်ကြားက မူလနေရာတွင်ပြန်လည်ခန့်အပ်မှုမပြုလုပ်လျှင် ကြီးမားသော သပိတ်တိုက်ပွဲများ ဆင်နွှဲသွားမည်ဖြစ်ကြောင်း အလုပ်သမားများကဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ကြည်မြင့်တိုင်မြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံဖြေဆိုမည့်သူမရှိဟုဆို၍ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com