All News Local News Peace

ကျိုင်းတုံငြိမ်းချမ်းရေးဆွေးနွေးပွဲ တပ်မတော်ကပါ တက်မည်ဖြစ်၍ အလားအလာကောင်းနိုင်ဟု ဦးဇော်ဌေးပြော၊ ဆွေးနွေးပွဲ ရလဒ်မကောင်းလျှင် စိုးရိမ်ရဟုဆို

ကျိုင်းတုံငြိမ်းချမ်းရေးဆွေးနွေးပွဲ တပ်မတော်ကပါ တက်မည်ဖြစ်၍ အလားအလာကောင်းနိုင်ဟု ဦးဇော်ဌေးပြော၊ ဆွေးနွေးပွဲ ရလဒ်မကောင်းလျှင် စိုးရိမ်ရဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် စက်တင်ဘာလ ၁၇ရက်နေ့ အစိုးရ၊ တပ်မတော်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲ အလားအလာကောင်းနိုင်ကာ အပစ်ရပ်ရေးပဏာမသဘောတူညီချက် ထိုးနိုင်ရန် မျှော်လင့်ထားကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယမန်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက် ခြင်းဖြစ်သည်။

‘ဒီ၁၇ရက်နေ့ ကျုံးတုံဆွေးနွေးပွဲကို တော်တော်လေး အလေးထားတယ် ဒါအရေးကြီးပါတယ်။ ဒီရလဒ်ပေါ်မှာ မူတည်ပြီးတော့ တပ်မတော်က တစ်ဖက်သက်အပစ်ရပ်ကြေညာတဲ့ ၂၁ရက် ပြည့်မှာဆိုတော့ အဲပေါ်မှာမူတည်နေတယ်။ အကယ်၍ ဒီဆွေးနွေးပွဲရလဒ်မကောင်းဘူးဆိုရင် ကျွန်တော်တို့ အလားအလာက နည်းနည်းလေးစိုးရိမ်ရတယ်။ ဒီ ၁၇ရက်နေ့ ဆွေးနွေးပွဲ က အလားအလာ အများကြီးကောင်းဖို့လည်း ကျွန်တော်တို့က မျှော်လင့်ထားတယ်။ ဖြစ်နိုင်ရင် ပဏာမသဘောတူညီချက်ကို လေးဖွဲ့လုံးနဲ့ ရေးထိုးနိုင်တဲ့ အနေအထားတစ်ခုထိရောက်အောင်သွားဖို့ ကျွန်တော်တို့က မျှော်လင့်ထားတယ်ပေါ့’ ဟု ဦးဇော်ဌေးကဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ တပ်မတောဘက်မှ တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်များပါရှိပြီး၊ အစိုးရအဖွဲ့ဖက်မှ NRPC ဒုဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီးတက်ရောက်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမတက်ရောက်မီ တပ်မတော်ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကြားတွေ့ဆုံညှိနှိုင်းရန်ရှိကြောင်း သိရှိရသည်။

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်က တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပြီး တပ်မတော်က ထိုးစစ်ဆင်မှုများပြုလုပ်လာလျှင် မည်သည့်အချိန်တွင်မဆို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com