All News Local News Peace

ကရင်အာဇာနည်နေ့ ကျင်းပမှုဖြင့် ဒေါ်နော်အုန်းလှ ဖမ်းဆီးပြီး အကျဉ်းထောင် ပို့ဆောင်၊ ကရင်လူငယ် ၂ ဦးကိုလည်း အမှုဖွင့်ထား

ကရင်အာဇာနည်နေ့ ကျင်းပမှုဖြင့် ဒေါ်နော်အုန်းလှ ဖမ်းဆီးပြီး အကျဉ်းထောင် ပို့ဆောင်၊ ကရင်လူငယ် ၂ ဦးကိုလည်း အမှုဖွင့်ထား

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်မြို့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့သော ကရင်အမျိုးသမီးအစည်းအရုံး ( KWU ) အဖွဲ့ ခေါင်းဆောင် ဒေါ်နော်အုန်းလှ နှင့်ကရင်လူငယ် စသိန်းဇော်မင်း ၊ စောလဘွယ်ချို တို့ကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားပြီး ဒေါ်နော်အုန်းလှကို ဖမ်းဆီး အကျဉ်းထောင် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

KWU အဖွဲ့ ခေါင်းဆောင် ဒေါ်နော်အုန်းလှသည် စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် အလုံမြို့နယ်တွင် အမျိုးသမီးနစ်နာမှုကိစ္စ ကူညီဆောင်ရွက်ရန် ရောက်ရှိနေစဉ်ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်ပို့ဆောင်လိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုသည် ငြိမ်းစုစီဥပဒေ နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိ ဒေသန္တရ အမိန့်ဆိုသည်မှာ လူထုကို ဖိနှိပ်တဲ့ ဥပဒေဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ပြောသည်။

“ စွဲဆိုတာက ငြိမ်းစုစီ ပုဒ်မ ၂၀ ၊ ကျမတို့က ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီလုပ်ထားခဲ့တာ ။ လုပ်ထားခဲ့တဲ့အပေါ် ဒေသန္တရ အမိန့်ဆိုပြီး တရားစွဲဆိုတာလေ။ ဒေသန္တရ အမိန့်ဆိုတာက လူထုကို ဖိနှိပ်တဲ့ ဥပဒေပဲ ။ ဒါကြောင့် ကျမက လက်မခံဘူး။ ဒါပေမဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး အမှုတွဲ နှစ်ယောက်ကျန်နေသေးတယ်။ အဲ့နှစ်ယောက် ထပ်လာမှာ ဘယ်လို့ ဆက်သွားမယ်ဆိုတာ စဉ်းစားမယ်။ သူတို့က အခု ခရီးလွန်နေတယ်။ နောက်တစ်ပတ် ရုံးချိန်းကျမှာ လာမှာ။ ဒီတစ်ပတ်တော့ သူတို့က မလာနိုင်ကြဘူး “ ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ၊ မြို့တော်ခန်းမရှေ့တွင် ကရင့်အာဇာနည် အခမ်းအနားမှာ ကရင့်အာဇာနည်နေ့ဟု မသုံးစွဲရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က တားမြစ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ဒေါ်နော်အုန်းလှ နှင့် ကရင်လူငယ် စသိန်းဇော်မင်း ၊ စောလဘွယ်ချို တို့ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ကရင်အမျိုးသားအာဇာနည်နေ့ ကျင်းပခြင်းကို ဖမ်းဆီးအရေးယူမှုသည် ကရင်တစ်မျိုးသားလုံးအပေါ် ထိပါးစော်ကားစိန်ခေါ်ခြင်းပင်ဖြစ်ကြောင်း KNU Concerned Group က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

အမှုကို လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည်ရုံးချိန်းထားပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo Credit – Mg Yangon Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com