All News Local News

ကရင်နီလူငယ် ၆ဦး ထောင်ဝင်စာ ပိတ်ပင်ခံထားရ

ကရင်နီလူငယ် ၆ဦးကိုထောင်ဝင်စာ ပိတ်ပင်ခံထားရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်အတွင်း ပြည်နယ်အစိုးရ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထားရသော ကရင်နီလူငယ်၆ဦးက ထောင်အတွင်း အော်ဟစ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဝင်စာပိတ်ပင်ခံထားရကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၃ရက်နေ့တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ် တွေ့ဆုံခွင့်မရဘဲ ထောင်ဝင်စာပိတ်ထားကြောင်း ကယန်းမျိုးဆက်သစ်လူငယ် ဥက္ကဌ ခွန်းဘားနဒ်ဘုတ်ကဆိုသည်။

အကျဉ်းကျခံနေရသော ကရင်နီလူငယ် ၆ ဦးက ကရင်နီပြည်အတွင်း မြေယာပြဿနာ အငြင်းပွားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသော တောင်သူများကို နိုင်ငံရေးအမှုဖြင့် တရားမစွဲဘဲ ရာဇဝတ်မှု ကျူးလွန်သည့် ပုဒ်မဖြင့်သာစွဲဆိုပြီး ရာဇဝတ်အကျဉ်းသားများနှင့်အတူ ထားရှိသည့် မကျေနပ်၍ အော်ဟစ် တောင်းဆိုမှု လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ကျွန်တော်တို့ထောင်ဝင်စာတွေ့ဖို့အတွက် ခွင့်တောင်းတယ်ပေါ့။ တွေ့ခွင့်မရှိဘူးဆိုတဲ့အချိန်မှာ ကျွန်တော်တို့ ဒီထောင်ရဲ့ ဒုညွှန်မှူးကိုကျွန်တော်တို့ မေးတဲ့အချိန်မှာ ဒုညွှန်မှူးကတော့ပြောတယ်။ ဒီ၆ယောက်က အထဲမှာအော်ဟစ်လို့ ဘာအကြောင်းကြောင့်အော်ဟစ်လည်းဆိုတာကတော့ ကျွန်တော်တို့မေးတယ်။ မေးတဲ့အချိန်မှာကျတော့ ပြောခွင့်မရှိဘူးလို့ပြောတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့သိထားသလောက် သူတို့နဲ့ပြောထားသလောက်ကတော့ တရားစွဲခံရတဲ့တောင်သူတွေရှိတယ်။ အဲဒီတောင်သူတွေကလည်း ကိုယ့်မြေပြန်ရဖို့အတွက် ဆန္ဒဖော်ထုတ်ခြင်းပဲဖြစ်တယ်ဆိုတဲ့အခြေအနေမှာ အဲဒီတောင်သူတွေကို တရားစွဲတဲ့ ပုဒ်မတွေက သာမန်ရာဇဝတ်မှု ပုံစံမျိုးနဲ့ စွဲထားပြီးမှ သာမန်ရာဇဝတ်သားတွေနဲ့ တူတူထားတဲ့အပေါ်သူတို့ကတော့ တောင်းဆိုသွားဖို့ရှိတယ်လို့တော့ သူတို့ကပြောတယ်ပေါ့။ ကျွန်တော်တို့ခန့်မှန်းတာကတော့ တောင်သူတွေအတွက်သူတို့ကတော့ တောင်ထဲတွင်တောင်းဆိုပေးတဲ့အတွက်ကြောင့် ထောင်ဝင်စာပိတ်ခံရတယ်လို့ပဲ ကျွန်တော်ထင်တယ်”ဟု ခွန်းဘားနဒ်ဘုတ်ကဆိုသည်။

ကယားပြည်နယ် ဒီမော့ဆို မြို့နယ်အတွင်း တပ်မတော်ပိုင်မြေအတွင်း ကျူးကျော် စိုက်ပျိုးခဲ့သည်ဟုဆိုကာ တပ်မတော် အမတ (၃၆၀) တပ်မှ ပိုက်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့်တရားစွဲဆိုထားသော တောင်သူ၁၅ဦးရှိပြီး၊ ထို၁၅ဦးထဲက ကိုခွန်သောမတ်စ်၊ ကိုကျော်ကျော်၊ ကိုခူးငါးရယ်၊ ကိုမာတီးယား၊ ကိုအိုင်ဘီ၊ ကိုပါစကွာလယ်တို့ကို ပုဒ်မ၆(၁ြ) ဖင့် ထပ်မံတရားစွဲဆိုကာ လက်ရှိချိန်တွင် လွိုင်ကော်အကျဉ်းထောင်အတွင်းဖမ်းဆီးထားကြောင်း သိရှိရသည်။

ထို့ပြင် လွိုင်ကော်မြို့နယ် ၊ ဒေါမူကလားကျေးရွာအပါအဝင် ကျေးရွာ ၁၁ ခု၏ ထွန်ယက်စိုက်ပျိုးမြေတွင် တပ်မတော်၏ အုတ်တံတိုင်းကာမှုကို တားဆီးခဲ့ကြသည့်တောင်သူ ၂ ဦးကိုလည်း ခလရ (၂၅၀) က တရားလိုလုပ်၍ ဇူလိုင်လ ၂၁ရက်နေ့တွင် ပုဒ်မ ၆(၁) ဖြင့် ဖမ်းဆီး တရားစွဲထားကြောင်းသိရသည်။

Photo Credit – PKPF

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com